News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ မိုးအားပိုမည်
07-Aug-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဩဂုတ် ၇

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအားပိုလာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါဒေသတွင် ဩဂုတ်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း မိုးအား ပိုလာနိုင်ပြီး နေ့စဉ် မိုးရေချိန် နှစ်လက်မနှင့်အထက် ရွာနိုင်ခြေရှိကြောင်း ၎င်းက ခန့် မှန်းပြောဆိုသည်။

မုတ်သုံလေ အားကောင်းနေသည့်အရှိန်ကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် သီတင်းတစ်ပတ်အတွင်း စုစုပေါင်းမိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မအတွင်း ရရှိနိုင်ကြောင်း ဦးကျော်လွင်ဦးက ပြောကြားသည်။

“မုတ်သုံမုန်တိုင်းငယ်ဖြစ်နိုင်ခြေတော့ မတွေ့ရပေမယ့် မုတ်သုံလေကတော့ ဆက်လက် အားကောင်းနေနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။ 

ထို့ပြင်မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊  မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး  လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်တို့တွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၂ ပေခန့်အထိနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ငါးပေမှ ခုနစ်ပေခန့် ရှိနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

E-03