News

POST TYPE

ENVIRONMENT

ပဲခူးရိုးမတွင် သဘာဝ အခြေခံခရီးစဉ် ဒေသသစ် ဖော်ဆောင်
01-Aug-2017 tagged as

ရန်ကုန်၊ ဇူလိုင် ၃၁

ပြည်ပတွင်း၊ ပြည်ပ ဧည့်သည်များအတွက် သဘာဝ အခြေခံခရီးစဉ်ဒေသ (Designated Eco-Tourism Site) တစ်ခုကို ပဲခူးရိုးမအတွင်းရှိ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းတွင် ဇူလိုင်လ ၂၉ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနများထံမှ သိရသည်။

“Eco-tourismဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးမှာ အရမ်း အရေးကြီးတယ်။ သဘာဝ အခြေခံခရီးစဉ် ဒေသတွေက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာ ဖြစ်သလို ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အကျိုးပြုစေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ဆိုသည်။

အဆိုပါ ခရီးစဉ်ဒေသ အသစ်ကို ပဲခူးရိုးမ အတွင်းရှိ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းအတွင်းရှိ မိုင်တိုင် ၄၃ တွင် ဖြိုးစည်သူ ကုမ္ပဏီက Bago Yoma Eco Resort အဖြစ် ဖော်ဆောင်နေခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်အတွင်း တောတွင်း ခရီးကြမ်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဆင်စီးခြင်း၊ ငှက်ကြည့်ခြင်း၊ ဒေသခံ ကရင်တိုင်းရင်းသား လူမျိုးများ၊ ရိုးရာထွက်ကုန်များ၊ ဆင်များ၏ ဓလေ့စရိုက်များကို လေ့လာခြင်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။

“ကျွန်းစိုက်ခင်းဧက ၂၅၀ဝ ကျော်မှာ စိုက်ပျိုးထားတဲ့ ကျွန်းပင်တွေကနေရတဲ့ ပင်ကြပ်ကျွန်းပင်တွေကို အများဆုံး အခြေခံပြီး Resort ကို ဖွင့်ထားတာပါ။ ပြည်တွင်းပြည်ပ ဧည့်သည် နှစ်မျိုးလုံးအတွက် ရည်ရွယ်ပြီး ဖွင့်ထားတယ်။ ဝန်ထမ်းတွေကိုလည်း အနီးနား ကျေးရွာက ဒေသခံတွေကိုပဲ ဦးစားပေး ဖွင့်ထားတာပါ”ဟု ဖြိုးစည်သူ ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ခရီးစဉ်ဒေသများ ဖော်ဆောင်ရာတွင် ခရီးသည်များ လာရောက်လည် ပတ်နိုင်ရန် တည်းခိုနေထိုင် စားသောက်မှုများအတွက် ခရီးသွား ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ တည်းခိုခန်းများ တည်ဆောက်နိုင်ရန် ပံ့ပိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

သဘာဝအခြေခံ ခရီးစဉ်ဒေသများ (Designated Eco-Tourism Sites) ကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ကချင်၊ ရှမ်း၊ မွန်၊ ချင်းစသည့် ပြည်နယ် လေးခုတို့တွင် ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

J-14

  • VIA
  • TAGS