News

POST TYPE

ENVIRONMENT

ကြိုးကြာငှက်သိုက်နေရာများကို သတင်းပေးပါက ဂုဏ်ပြုဆု ချီးမြှင့်မည်
24-Jul-2017

ရန်ကုန်၊ ဇူလိုင် ၂၄


ရှားပါးမျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် ကြိုးကြာငှက် (ှမေကျ ဃမညေန) များ၏ အသိုက်နေရာများကို တွေ့ရှိသတင်းပေးသူကို ဂုဏ်ပြု ဆုချီးမြှင့်မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ကြိုးကြာငှက်မျိုးစိတ်သည် ကမ္ဘာပေါ်တွင် သာမက မြန်မာနိုင်ငံတွင်လည်း အလွန် ရှားပါးလာသည့် မျိုးစိတ်ဖြစ်နေပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် ကြိုးကြာငှက်များအတွက် အဓိက ရှင်သန်ပေါက်ဖွားရာ ဒေသဖြစ်ကာ လက်ရှိတွင် အကောင်ရေ ၂၀ဝ မှ ၄၀ဝ အထိသာ ကျန်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ငှက်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးသက် ဇော်နိုင်က ပြောကြားသည်။


“လေ့လာချက်အရ ဧရာဝတီတိုင်းမှာက ဒီ့ပြင်နေရာတွေထက် ပိုပြီးတော့ ပေါပေါများများ ရှိတယ်။ ပေါပေါများများ ကျန်တဲ့ကောင်ကို ထိန်းမှ ပေါပေါများများ ကျန်မှာ”ဟု ၎င်းက ဆိုသည်။


မြန်မာနိုင်ငံတွင် ကျက်စားသည့် ကြိုးကြာငှက်မျိုးစိတ် သုံးမျိုးရှိပြီး နှစ်မျိုးမှာ ဆောင်းခိုငှက်မျိုးစိတ်ဖြစ်၍ ဆောင်းခိုချိန်မှသာ လာရောက်လေ့ရှိကာ ယခုမျိုးစိတ်သည် နေထိုင်ကျက်စားရာ ဒေသများ လျော့နည်းလာခြင်းကြောင့် ရှားပါးမျိုး သုဉ်းလာကြောင်း၊ ယင်းကြောင့် ထိန်းသိမ်းရေးအနေနှင့် ၎င်းတို့၏ အသိုက်များကို သိရှိသတင်းပေးသူကို ဆုချီးမြှင့်မည့် အစီအစဉ်ဖြင့် ထိန်းသိမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိကြောင်း၊ ကြိုးကြာငှက်အသိုက် တွေ့ပါက အသိုက် တစ်ခုလျှင် ကျပ် ၁၀,ဝ၀ဝ  ချီးမြှင့်မည်ဖြစ်ကြောင်း ဦးသက်ဇော်နိုင်က ပြောကြားသည်။


ယင်းကြောင့် ကြိုးကြာငှက်များကို အချိန်မီ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပြီး ထိန်းသိမ်းခြင်းကို မလုပ်ဆောင်ပါက မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောဆိုသည်။ 


ကြိုးကြာငှက်မျိုးစိတ်များသည် ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့၊ ဟင်္သာတမြို့၊ ပန်းတနော်မြို့၊ ဝါးခယ်မမြို့၊ ကျိုက်လတ်မြို့၊ မော်လမြိုင်ကျွန်း၊ မအူပင်မြို့၊ မြောင်းမြမြို့၊ အိမ်မဲမြို့ စသည့်မြို့နယ်များ၏ ဝန်းကျင်ဒေသများတွင် ပျံ့နှံ့ကျက်စားလျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။


ယင်းကြောင့် ကြိုးကြာငှက်များ၏ အသိုက်တည်နေရာ အပြည့်အစုံကို အဖွဲ့ထံသို့ ဆက်သွယ် အကြောင်းကြားပါက ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ၊ လယ်ကွက်များတွင် အသိုက်ပြုလုပ်၍ ပျက်စီးသွားပါကလည်း ပျက်စီးသွားသည့် ခန့်မှန်းတန်ဖိုးကို ပြန်လည် ထောက်ပံ့မည်လည်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာထားသည်။


လက်ရှိတွင် ဧရာဝတီ တိုင်းဒေသကြီးတွင် နေထိုင်ကျက်စားသည့် ကြိုးကြာ ငှက်မျိုးစိတ်များ သိရှိထိန်းသိမ်းနိုင်ရန်အတွက် ယင်းဒေသရှိ တက္ကသိုလ်၊ ဆက်စပ် အဖွဲ့အစည်းများ၊ ဒေသခံများနှင့်အတူ ကွင်းဆင်း လေ့လာ၍ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။


E-03


  • VIA