News

POST TYPE

ENVIRONMENT

အာဟာရဓာတ် သုံးမျိုးမပါသော ဓာတ်မြေသြဇာများ တင်သွင်းထုတ်လုပ်ခွင့် မပေးရန် ညွှန်ကြား
22-Jul-2017 tagged as မြေသြဇာ

နေပြည်တော်၊ ဇူလိုင် ၂၂

အဓိက အာဟာရဓာတ် သုံးမျိုးမပါဝင်သော ဓာတ်မြေသြဇာများ တင်သွင်း၊ ထုတ်လုပ်ခွင့် မပေးရန် ဓာတ်မြေသြဇာ ကော်မတီက ညွှန်ကြားထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ဓာတ်မြေသြဇာကော်မတီက သတ်မှတ်ထားသည့် ဓာတ်မြေသြဇာတွင် အဓိက အာဟာရဓာတ် သုံးမျိုးဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စရပ်နှင့် ပိုတက်စီယမ်တို့ အနည်ဆုံး ၁၅ ရာခိုင်နှုန်း ပါဝင်ရန် သတ်မှတ်ထားသည်။

တောင်သူအများစု အသုံးပြုနေသည့် ဓာတ်မြေသြဇာများ အရည်အသွေးညံ့ကြောင်း ဈေးကွက်သတင်းနှင့် တောင်သူများထံမှ ပြန်ကြားရသည့်သတင်များကြောင့် စစ်ဆေးကြည့်ရာ သတ်မှတ်ထားသည့် အာဟာရဓာတ် အမျိုးအစားများ မပါဝင်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းထုတ်နှင့် ပြည်ပမှ တင်သွင်းသည့် ဓာတ်မြေသြဇာများတွင် သတ်မှတ်သည့် အာဟာရဓာတ် သုံးမျိုးနှင့် ဆက်စပ် အာဟာရများ ပါဝင်မှသာ ထုတ်လုပ်၊ ဖြန်ချိခွင့်ပေးမည်ဟု ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

“ကော်မတီက တင်သွင်း၊ ထုတ်လုပ်ခွင့်မပြုတဲ့ ဓာတ်မြေသြဇာတွေကို ဈေးကွက်မှာတွေ့ရင် စစ်ဆေးအရေးယူမယ်။ ဒါနဲပတ်သက်ပြီး ကုမ္ပဏီတွေကိုလည်း ခေါ်ပြောပြီးပြီ”ဟု ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ပြည်ပမှတင်သွင်းသည့် ဓာတ်မြေသြဇာများ၊ ပြည်တွင်းထုတ် ဓာတ်မြေသြဇာများသည် ဈေးကွက်သို့ မဖြန့်ချိမီ စိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းသို့ နမူနာပိုပြီး ဖြန်ချိခွင့်ကျမှ ဖြန်ချိရသည်။ဖြန်ချိရောင်းချသည့် ဈေးကွက်အတွင်း သတ်မှတ်ထားသည့် စံနှုန်းနှင့်ညီ၊ မညီ စစ်ဆေးရန် ပြည်နယ်နှင့်တိုင်း ဓာတ်မြေသြဇာ ကော်မတီအနေနှင့် အမြဲစစ်ဆေးမည်ဟု မြေအသုံးချရေးဌာနခွဲ တာဝန်ရှိသူများက ပြောကြားသည်။

ဓာတ်မြေသြဇာတွင် ပါဝင်သော အာဟာရဓာတ် တစ်မျိုးဖြစ်သည့် နိုက်ထရိုဂျင်ကို တစ်မျိုးတည်းသုံးစွဲနေလျှင် မြေကြီးသည် ကြမ်းတမ်းလာပြီး မြေဆီပျက်လာကြောင်း ပျဉ်းမနားရှိ စိုက်ပျိုးရေးပညာရှင် ဦးစန်းလှိုင်က ပြောကြားသည်။

အာဟာရဓာတ် သုံးမျိုးပါဝင်သော မြေသြဇာများသည် မည်သည့် မြေအမျိုးအစားမဆို အသုံးပြုစိုက်ပျိုးလျှင် ဖြစ်ထွန်းမှု ပိုမြန်သည်ဟု ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဓာတ်မြေသြဇာဥပဒေ ပုဒ်မ ၃၁ တွင် မှတ်ပုံတင်မဲ့ရောင်းဝယ်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ရန် သတ်မှတ်ထားသည်။

ယင်းဥပဒေအရ ဖွဲ့စည်းထားသော ဓာတ်မြေသြဇာ ကော်မတီကို ဒုဝန်ကြီး ဦးဆောင်ပြီး အစည်းအဝေးများ ကျင်းပလျက်ရှိရာ အာဟာရဓာတ် သုံးမျိုး မပါဝင်သော ဓာတ်မြေသြဇာများ တင်သွင်း၊ ထုတ်လုပ်ခွင့် မပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြေအသုံးချရေး ဌာနခွဲထံမှ သိရှိရသည်။

T.L

  • VIA