POST TYPE

ENVIRONMENT

ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
13-Jul-2017


ရန်ကုန်၊ ဇူလိုင် ၁၃

မိုးအားကောင်းနိုင်သည့် တိမ်တိုက်စုများကြောင့် ရန်ကုန် တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နောက်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မိုးအား ကောင်းခဲ့သည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုသီတင်းပတ်အတွင်း ပုံမှန်ထက် မိုးအား ပိုလာနိုင်ပြီး လေစိုင်ဝဲများ အရှိန်ကြောင့် ကုန်းတွင်းပိုင်းဒေသများတွင် မိုးအားပိုလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ 

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ခြောက်ပေမှ ကိုးပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

E-03

  • VIA