News

POST TYPE

ENTERTAINMENT

စွမ်းနဲ့ တွေ့ဆုံခြင်း
19-Jun-2017 tagged as

“တစ်ခါက ရန်ကုန်မြို့ပြ”ရုပ်ရှင်ကားကနေစပြီး သရုပ်ဆောင်ဘက်ကို ပြန်လည် ခြေချတော့မယ့် သရုပ်ဆောင်စွမ်းနဲ့တွေ့ဆုံပြီး လတ်တလော စီစဉ်နေတဲ့ တစ်ကိုယ်တော်ခွေအကြောင်း၊ ဇာတ်သဘင်အကြောင်းတွေနဲ့အတူ အချစ်ရေး အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “နှလုံးသားကို လက်ဖွဲ့မယ်” တစ်ကိုယ်တော်ခွေက ရာခိုင်နှုန်း ဘယ်လောက်ပြီးနေပြီလဲ။ 
S : ခွေက ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ အဲ့ဒါကြောင့် ပရိသတ်လက်ထဲကို နောက်အကျဆုံး ဒီဇင်ဘာလမှာ ထည့်ပေးမယ်။ သီချင်းပုံစံတွေကတော့ Pop နဲ့ Rock တွေပါမယ်။ သီချင်းပုဒ်ရေကတော့ ဆယ်ပုဒ် သို့မဟုတ် ဆယ့်သုံးပုဒ် ဖြစ်ပါလိမ့်မယ်။

Voice : သီချင်း အကြောင်းအရာတွေက အချစ်ဘက်ကို ဦးတည်ထားတာလား၊ အလွမ်းဘက်ကို ဦးတည်ထားတာလား။
S : အကြောင်းအရာတွေကို ယောက်ျားလေးတွေ ပိုကြိုက်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသည်းကွဲ သီချင်းတွေ ပိုများလို့ပါ။ အချစ်သီချင်းက နှစ်ပုဒ်လောက်ပဲ ပါမယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း အသည်းကွဲ သီချင်းနှစ်ပုဒ် ရေးထားပါတယ်။

Voice : ဇာတ်သဘင်အပြင် သရုပ်ဆောင်အလုပ်နဲ့ပါ မအားလပ်တဲ့ကြားကနေ သီချင်းခွေ စီစဉ်ဖြစ်ပုံကိုလည်း ပြောပြပေးပါဦး။
S : အနုပညာစလုပ်ကတည်းက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အဆိုတော် ဖြစ်ချင်တာပါ။ ဒါပေမဲ့ အဆိုတော် မဖြစ်ဘဲ ဇာတ်မင်းသားနဲ့ ရုပ်ရှင်မင်းသား လာဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မပျောက်သွားအောင်လို့ မအားတဲ့ကြားထဲကနေ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုပြီး လုပ်နေတာပါ၊ ဒီခွေလုပ်နေတာဆိုရင် တစ်နှစ်ကျော်သွားပါပြီ။

Voice : ၂၀၁၇ ထဲမှာ သရုပ်ဆောင်ဘက်ကိုလည်း ပြန်အခြေချမယ်ဆိုတော့ ဇာတ်သဘင်နဲ့ သရုပ်ဆောင် အလုပ်ကို ဘယ်လိုမျှအောင် ရှေ့ဆက်လုပ်မှာလဲ။
S : ကျွန်တော်ကတော့ နှစ်ဖက်စလုံးကို မျှအောင် လုပ်သွားမယ်။ ကားရိုက်ဘက်မှာလည်း အများကြီး မဟုတ်ရင်တောင်မှ ကားကြီးကို နှစ်လမှာ တစ်ကားလောက် ပုံမှန်လေး ရိုက်ဖြစ်မယ် ထင်တယ်။

Voice : မြန်မာ့ဇာတ်သဘင်တွေမှာ စတိတ်ရှိုးကို အချိန် ကန့်သတ်ချက်နဲ့ပဲ လုပ်ရတော့မယ်လို့ သတင်းတွေ ထွက်နေတယ်နော်။
S : ကျွန်တော်တို့က ပရိသတ်ကြိုက်ဖို့ပဲ လုပ်နေတာပါ။ ပရိသတ်ကြည့်ကောင်းအောင်၊ ပရိသတ်မပျင်းအောင်၊ ပရိသတ် များသထက် များလာအောင်ပဲ ကျွန်တော်တို့က လုပ်တာဖြစ်တဲ့အတွက် ပရိသတ်က အထူးအထွေ မဝေဖန်ပါဘူး။ လက်ရှိ ထွက်နေတဲ့သတင်းတွေက စတိတ်ရှိုးတွေများလို့ အချိန် အတိုင်းအတာနဲ့ ဆိုရမယ်၊ ကရမယ် ပြောတယ်။ သူတို့ပြောတာလည်း မှန်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကိုက မြန်မာ့ဇာတ်သဘင် ဖြစ်နေတာလေ။ အဲ့ဒါကြောင့် မြန်မာမှုကို အဓိက ပြရမယ်။ ဒါပေမဲ့ မြန်မာမှုချည်းပဲ အဓိကပြလို့လည်း မရပြန်ဘူး။ ပြီးတော့ စတိတ်ရှိုးချည်း ဆိုနေလို့လည်း မရပါဘူး။ အားလုံးက မျှတအောင် လုပ်လို့ရှိရင် ပရိသတ်လည်း မဝေဖန်သလို သဘင်ထုဆိုတာလည်း ပျောက်မသွားတဲ့အတွက် ရိုးရာယဉ်ကျေးမှုက မပျောက်သွားနိုင်ပါဘူး။ 

Voice : ဇာတ်သဘင်တွေက အချိန် ကန့်သတ်ချက်နဲ့ လုပ်ရမယ့်အပေါ် လက်ခံတာများလား။
S : တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့  ဒီစနစ်ကို လက်ခံတဲ့သူရှိသလို လက်မခံတဲ့သူလည်း ရှိတယ်။ ဘာဖြစ်မယ် ဆိုတာကိုတော့ ကျွန်တော်လည်း အတိအကျ မသိသေးဘူး။ 

Voice : ဇာတ်သဘင်လောကက ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကိုယ့်ရဲ့အမြင်က ဘယ်လိုရှိလဲ။
S : ကျွန်တော်တို့က သဘင်အစည်းအရုံးနဲ့ ညှိရဦးမှာပါ။ သူတို့ပြောတဲ့အတိုင်း စတိတ်ရှိုးကို တစ်နာရီခွဲအတွင်း ဖြတ်ပေးပါ ဆိုတာမျိုးကတော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ဖြတ်ပေးတယ်ပဲထား၊ မဖြတ်တဲ့ဇာတ်တွေကို သူတို့ ဘယ်လို အရေးယူမှာလဲ။ လက်ရှိ ဇာတ်သဘင် မင်းသားတွေထဲမှာ အောင်မြင်နေတဲ့ မင်းသားတွေက လက်တစ်ဖက် မပြည့်ပါဘူး။ အဲ့ဒီလို အောင်မြင်နေပြီး နံပါတ်တစ်မှာ ရောက်နေတဲ့သူတွေမှာတောင် အခက်အခဲ ရှိတယ်။ အခက်အခဲဆိုတာက မိုးတွင်းပဲဖြစ်ဖြစ်၊ ပွင့်လင်းရာသီပဲဖြစ်ဖြစ် ကျွန်တော်တို့စကတဲ့ ပထမညတွေမှာဆိုရင် မစည်ကားတဲ့နေရာတွေရှိသလို ပထမညဆိုပြီးတော့ မကြည့်တာတွေလည်း ရှိတယ်။ ကြော်ငြာ အားမကောင်းလို့ မလာတာတွေလည်း ရှိတယ်။ ရုံဇာတ်တွေမှာ ပုံမှန် ဆယ်နာရီဆို ထွက်တယ်။ ဒါပေမဲ့ အောင်မြင်ပြီး လူချစ်လူခင်များတဲ့ နာမည်ကြီးတဲ့ဇာတ်တောင်မှ လက်ရှိ အနေအထားအရ ဆယ်နာရီအတိ မထွက်နိုင်ဘူး။ သူ့မှာ ပရိသတ် မဝင်လို့ စောင့်ရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေ ရှိတယ်။ အဲ့ဒါကြောင့် ဆယ့်တစ်နာရီလောက်မှ ပွဲထွက်ပြီပဲထား၊ ပထမညဆိုရင် ဘုရား ကန်တော့ခန်းတွေ၊ နတ်ယိမ်းတွေ၊ အပျိုတော်တွေ၊ သမ္ဘာစဉ်ထုံးတမ်းစဉ်လာကြီးကို ကျွန်တော်တို့လုပ်ရတယ်။ အဲ့ဒီအတွက်ကို အချိန်တစ်နာရီလောက် ကြာတယ်။ အဲ့ဒီမှာတင် ဆယ်နှစ်နာရီ ထိုးပြီ။ ပြီးတော့ မြန်မာသံစဉ်ကလည်း အနည်းဆုံး အချိန်တစ်နာရီ ပေးရတယ်။ အဲ့ဒီကြားထဲမှာမှ အော်ပရာကရမယ်ဆိုရင် စတိတ်ရှိုးကိုပါ လုံးလုံး ဖျက်ရမလိုဖြစ်နေပြီ။ အဲ့ဒါကြောင့် စတိတ်ရှိုးကို တစ်နာရီခွဲလို့ အတိအကျကြီး သတ်မှတ်တာကို သဘင်ထုအားလုံးက လက်မခံနိုင်လောက်သလို ကျွန်တော်လည်း လက်မခံဘူး။ ဒီအတိုင်း အချိန်ကန့် သတ်ချက်ကြီးနဲ့ဆို ကျွန်တော်တို့ ပြန်ပြီး တိုင်ပင်ရလိမ့်မယ်။ စတိတ်ရှိုးလေးကို လျှော့ပါ၊ မြန်မာမှုအော်ပရာတွေ နောက်ပိုင်းကြီးတွေကို ကပါဆိုရင် ကျွန်တော်တို့က လက်ခံတယ်။ 

Voice : အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူ မရှိတော့ဘူးလို့ သိရတယ်။  
S : ကျွန်တော့်မှာ ချစ်သူမရှိတော့တာ သုံးလလောက် ရှိသွားပါပြီ။ ဒါပေမဲ့ ကျွန်တော်က အချစ်ရေးနဲ့ပတ်သက်လာရင် ကံက ကောင်းတယ်၊ ကျွန်တော်က မကောင်းတာပါ။ ကျွန်တော်က အသက်သုံးဆယ့်နှစ်လောက်မှာ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ထိ ယူမယ့်မိန်းကလေးက မပေါ်လာရင်တော့ မယူရသေးဘူးပေါ့နော်။

ဝင်းထွန်းနိုင်

  • TAGS