News

POST TYPE

ENTERTAINMENT

ညီထွဋ်ခေါင်နဲ့ တွေ့ဆုံခြင်း
18-Jun-2017 tagged as

သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ တွေ့ဆုံပြီး လက်ရှိ MNTV ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသနေတဲ့ ဂျော်နီ ငပိနှင့် တော်ကီချက်ကြီး ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများနဲ့ မိန်းမလျာ ဇာတ်ရုပ်တွေ လျှော့ရိုက်တော့မယ့်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဂျော်နီ ငပိနှင့် တော်ကီချက်ကြီး ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
NHK : ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်နဲ့ ကြက်ဖက တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြတဲ့ ရွာသား နှစ်ယောက်ပေါ့။ ကျွန်တော်က သူ့ညီမကို သွားကြိုက်မိတဲ့အခါမှာ နှစ်ယောက်ကြားမှာရှိတဲ့ ရန်စက ပိုကြီးလာတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်က ဇော်ဂျီ ဆွဲပြားလေးတစ်ခု ကောက်ရပြီး ဇော်ဂျီပါဝါတွေ ရသွားတယ်။ သူကလည်း သူ့နည်း သူ့ဟန်နဲ့ ဘီလူးပါဝါတွေ ရလာတယ်။ မတည့်ကြတဲ့ ရွာသားနှစ်ယောက်က ပါဝါတွေ ရသွားတဲ့အကြောင်းလေးကို ဟာသပုံစံလေး ရိုက်ထားတာပါ။

Voice : ရိုက်ကူးရေးပိုင်းမှာရော ဘယ်လို အခက်အခဲတွေ၊ အမှတ်တရတွေ ရှိခဲ့လဲ။
NHK : မှတ်မှတ်ရရ ရှိတာကတော့ ကျွန်တော်တို့ ဒီဇာတ်လမ်းတွဲ ရိုက်တာက မတ်လလောက်မှာပေါ့။ နေတွေ အရမ်းပူနေတဲ့အချိန်မှာ Indoor တစ်ခန်းမှ မရိုက်ခဲ့ရဘူး Outdoor တွေပဲ ရိုက်ခဲ့ရတယ်။ ရိုက်ကူးရေးပိုင်းမှာဆိုလည်း နေပူကျဲတဲကြီးမှာ မိုင်းခွဲတဲ့အခန်းမျိုးတွေ ရိုက်ရတယ်။ နောက်ပြီး ဇော်ဂျီဝတ်စုံကြီး ဝတ်ပြီး ရိုက်ရတော့ စိတ်အိုက်တယ်။ ဒါပေမဲ့ အရမ်း ပင်ပန်းပေမယ့် ရိုက်ရတာ ပျော်နေတယ်။ ကိုယ့်အတွက်လည်း လုပ်ကွက်ရတဲ့ ဇာတ်လမ်းဆိုတော့ တက်တက်ကြွကြွနဲ့ကို ရိုက်ခဲ့တယ်။

Voice : ကိုယ်ခေါင်းဆောင်အနေနဲ့ ရိုက်ခွင့်ရတဲ့ ပထမဆုံး ဇာတ်လမ်းတွဲဆိုတော့ ဘယ်လောက်အထိ အောင်မြင်မှုရဖို့ မျှော်လင့်ထားလဲ။
NHK : ကျွန်တော် အရမ်းကြိုးစားထားတဲ့အတွက် အများကြီးလည်း မျှော်လင့်ထားပါတယ်။ ကိုယ့်ဘက်က အားနည်းချက် ဖြစ်သွားမှာကိုပဲ စိုးရိမ်ပါတယ်။ ကိုယ်က ဇာတ်လမ်းတွဲတစ်ခုလုံးကို ဦးဆောင်သွားရမှာဆိုတော့ လိုအပ်ချက်တွေရှိမှာကို အရမ်း စိုးရိမ်ပြီးတော့ ရိုက်ကူးစဉ် ကာလမှာကလည်း အရမ်းကို အားထည့်ပြီး ကြိုးစားထားပါတယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ရင်လည်း ဖြည့်တွေးပြီး ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Voice : ဗီဒီယိုဈေးကွက် ပျက်နေတာကလည်း ပြန်မကောင်းသေးဘူးဆိုတော့ ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုး ရိုက်ဖြစ်နေလဲ။
NHK : ဗီဒီယိုကတော့ ပုံမှန် ရိုက်နေရတာမျိုးတော့ မရှိပါဘူး။ တစ်လကို အနည်းဆုံးတစ်ကား ရိုက်တယ်။ တစ်ခါတလေကျရင် သုံးကားလောက်လည်း ဖြစ်သွားတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကားတွေကိုတော့ အောင်သီရိ ထုတ်လုပ်ရေးက ပရီစနစ်နဲ့ မဖြန့်ဘူး။ မူပိုင်စနစ်နဲ့ ဖြန့်နေပါတယ်။ နယ်က ကိုယ်စားလှယ်တွေကတော့ သူတို့ဖြန့်ရတာ အဆင်ပြေမယ့် ဇာတ်လမ်းပုံစံမျိုးတွေကို တောင်းဆိုတဲ့အတွက် ရိုက်ပေးရတာမျိုးတော့ ရှိပါတယ်။ ဟာသဇာတ်ကားတွေကျတော့ ပရိသတ်အများစု ကြိုက်တဲ့အတွက် ဖြန့်ရတာ ပိုပြီး အဆင်ပြေတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဟာသလေးလည်း ရိုက်၊ ဒရာမာလေးလည်းရိုက်၊ အစုံ ရိုက်ပေးရတာပေါ့။

Voice : ညီထွဋ်ခေါင်ကို မိန်းမလျာ ဇာတ်ရုပ်နဲ့ ပီပြင်တယ်လို့ ပရိသတ်တွေက အားပေးကြတယ်နော်။ ဒါပေမဲ့ တချို့ မင်းသားတွေကျတော့ ဇာတ်ရုပ်ကျိုးသွားမှာစိုလို့ မိန်းမလျာ ကာရိုက်တာကို ရှောင်ရိုက်တော့မယ်လို့ ပြောကြတာရှိတယ်။ ကိုယ်တိုင်ကရော ဘယ်လို ဆက်သွားမလဲ။
NHK : ဗီဒီယိုမှာတော့ မိန်းမလျာကာရိုက်တာကို ကျွန်တော် ရိုက်တာ ခဏနားထားမယ်။ ရုပ်ရှင်ကားကြီးမှာတော့ မိန်းမလျာကာရိုက်တာနဲ့ တစ်ကား ရိုက်ဖြစ်ဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားကြီးမှာ မိန်းမလျာပုံစံနဲ့ ရိုက်ထားပြီး မထွက်သေးတာ နှစ်ကားလောက်ရှိတော့ ကျွန်တော် စဉ်းတော့ စဉ်းစားနေပါတယ်။ ပရိသတ် လက်ခံတာပဲဆိုပြီး ဇာတ်ရုပ်တစ်ခုကိုပဲ ထပ်ခါထပ်ခါ ရိုက်ပြနေရင် လုပ်စားနေတယ်လို့ မြင်သွားမှာလည်း စိုးရိမ်ပါတယ်။ အဲ့ဒါကြောင့် ဇာတ်ရုပ်တွေကို မျှအောင် ရွေးပြီး ရိုက်နေပါတယ်။

Voice : ဒွေး အောင်မြင်ခဲ့တဲ့ အဓိပတိဖွား စနေသား ဇာတ်ကားကို ရုပ်ရှင် ပြန်ရိုက်မယ်လို့ ပြောထားတယ်နော်။ ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။
NHK : အဲ့ဒီဇာတ်ကားလေးကတော့ ရိုက်ဖို့ နည်းနည်းလေး အခက်အခဲရှိတာနဲ့ ကျွန်တော်တို့ ရွှေ့ဆိုင်းထားပါတယ်။ အခွင့်အရေး ရတာနဲ့ ဒီဇာတ်ကားကို ရိုက်ဖြစ်အောင် ရိုက်မှာပါ။ ကျွန်တော် စီစဉ်ကြည့်ပါဦးမယ်။ ကျွန်တော်လည်း ဒီကားကို အရမ်း ရိုက်ချင်ပါတယ်။ ဒီကားရိုက်ဖို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုတာကို ထုတ်လုပ်သူနဲ့ ညှိနှိုင်းနေပါတယ်။ ထုတ်လုပ်သူက ဒီကားကို လုံးဝ မရိုက်တော့တာတော့ မဟုတ်ပါဘူး။ အချိန် ခဏလေးယူတဲ့ သဘောပါပဲ။ ဒီကားက ကျွန်တော်လည်း အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ ရိုက်ဖြစ်အောင် ကြိုးစားမှာပါ။

Voice : တစ်လောက Scorpion ဂိုဏ်းအကြောင်း ရိုက်မယ့်ရုပ်ရှင်မှာ ညီထွဋ်ခေါင် နာမည်ပါတာ တွေ့လိုက်သေးတယ်။ အဲ့ဒီဇာတ်ကားကရော ဘယ်လိုကြောင့် မရိုက်ဖြစ်တော့တာလဲ။
NHK : အဲ့ဒီဇာတ်ကားကတော့ မရိုက်ဖြစ်တော့ပါဘူး။ အဲ့ဒီဇာတ်ကားအစား ဒါရိုက်တာ ကိုညိုမင်းလွင်နဲ့ပဲ ကိုလူမင်း၊ မင်းရာဇာ၊ စွမ်း၊ မိုးဟေကို၊ ကျွန်တော်ပါတဲ့ တစ်ခါတုန်းက ရန်ကုန်မြို့ပြဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ Scorpion ကတော့ ရိုက်ဖို့ ဆင်ဆာခွင့်ပြုချက်တောင် ရထားပြီးပါပြီ။ နောက်ပိုင်းမှ ဘာပြဿနာ ရှိလို့လဲမသိဘူး။ မရိုက်ဖြစ်တော့တာပါ။ အခုရိုက်နေတဲ့ တစ်ခါက ရန်ကုန်မြို့ပြ ရုပ်ရှင်မှာတော့ ရဲတစ်ယောက်နေရာက သရုပ်ဆောင်ရတာပါ။ ဒီဇာတ်ကားကတော့ Suspense, Action ဇာတ်လမ်းမျိုးပါပဲ။

သန့်ဇင်ဦး

  • TAGS