News

POST TYPE

ENTERTAINMENT

အေးဝတ်ရည်သောင်းနဲ့တွေ့ဆုံခြင်း
17-Jun-2017 tagged as

အနုပညာ လောကကနေ ခြောက်နှစ်လောက် ပျောက်ကွယ်နေရာမှ လူမှုကွန်ရက်မှာ လူသိများ၊ ပရိသတ် အခိုင်အမာ ရလာပြီး အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်လာတဲ့ ပေါက်စီတစ်ဖြစ်လဲ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ဇာတ်လမ်းတွဲ လက်ခံရိုက်ကူးဖြစ်ပုံ၊ အနုပညာ အလုပ်တွေ ရပ်နားခဲ့ရခြင်းအကြောင်း၊ တစ်ကျော့ပြန်ဝင်လာချိန်မှာ ပရိသတ်အားပေးမှုအပေါ် အမြင်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို The Voice က မေးမြန်းထားတာ ဖြစ်ပါတယ်။ 

Voice : ပထမဆုံး စရိုက်ခဲ့တဲ့ ရတနာပုံ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ရနေတာဆိုတော့ အဲဒီအပေါ် ခံစားချက်လေး စပြောပေးပါဦး။
AWYT : ဒီကားက ပေါက်စီအတွက် တော်တော် အမှတ်တရ ဖြစ်တယ်။ ရိုက်နေချိန်မှာ ပရိသတ်က အားပေးကြတယ်။ အခုပြနေတဲ့ အချိန်မှာ အသိအမှတ်ပြုတဲ့အတွက် ပိုပြီးတော့ ပျော်ပါတယ်။ ဒါပေမဲ့ ပေါက်စီ ဒီထက်ကောင်းတဲ့ဟာတွေကို လုပ်ပြချင်ပါသေးတယ်။

Voice : အခုထပ်ရိုက်မှာက ရုပ်သံဇာတ်လမ်းတွဲဆိုတော့ ဒီဟာတွေပဲ လက်ခံဖြစ်နေတာလား။
AWYT : ပေါက်စီ ဒီဟာကြီးပဲ ရိုက်မယ်ဆိုပြီး လက်ခံနေတာတော့ မဟုတ်ပါဘူး။ လာငှားတဲ့သူတွေကလည်း ရုပ်သံ ဇာတ်လမ်းတွဲတွေ ဖြစ်နေတာ။ ဗီဒီယိုရိုက်ဖို့ လာပြောထားတာတွေ ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ပေါက်စီ ကြိုက်တဲ့ဟာနဲ့ အံဝင်ခွင်ကျဖြစ်ရင် လက်ခံဖြစ်မှာပါ။ ပေါက်စီနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေဆို  ရိုက်ကူးဖြစ်သွားမှာပါ။

Voice : တစ်ကျော့ပြန်ဝင်လာချိန်မှာ ပရိသတ်အားပေးမှု ရနေတော့ ဇာတ်လမ်းရွေးချယ်မှုပုံစံတွေ ပြောင်းသွားပြီလား။
AWYT : အခုအချိန်မှာ ပေါက်စီကို ချစ်စရာ ကောင်းပြီး ကလေးကလားပုံစံလေးတွေဆို မလိုက်တော့ဘူးလို့ထင်တယ်။ ၁၅၊ ၁၆ တုန်းက ပုံစံမျိုးတွေတော့ သရုပ်ဆောင်တော့မှာ မဟုတ်ဘူး။ ကိုယ်နဲ့ တကယ်လိုက်မယ့် ကာရိုက်တာဖြစ်မယ်၊ ကိုယ်လည်း တကယ် လုပ်နိုင်တဲ့ကာရိုက်တာလည်း ဖြစ်မယ်ဆိုရင်ပေါ့။

Voice : အနုပညာလုပ်ငန်းတွေ ခြောက်နှစ်လောက် နားထားတာ ဘာကြောင့်လဲ။
AWYT : ပေါက်စီက နိုင်ငံခြားကျောင်း စာမေးပွဲဖြေတာ။ ဒါပေမဲ့ နိုင်ငံခြားကို ကျောင်းသွားတက်တာ မဟုတ်ဘူး။ ဒီက ပရိုဂျူဆာတွေနဲ့ ဒါရိုက်တာတွေက ပေါက်စီကို နိုင်ငံခြားမှာ ကျောင်သွားတက်တယ်လို့ ထင်ပြီးတော့ အဆက်အသွယ် ပြတ်သွားတာ။ တစ်ခါတလေ ပြန်တွေ့ရင် ပေါက်စီ ပြန်ရောက်နေပြီလားလို့ မေးကြတော့ သမီး ဘယ်မှမသွားပါဘူး ဒီနိုင်ငံမှာပဲ ရှိတယ်လို့ ပြောရတယ်။ အဲဒါတွေကြောင့် အဆက်ပြတ်သွားတာပါ။

Voice : မအေးသောင်းဆိုပြီး ပရိသတ် အားပေးနေကြတဲ့အပေါ် ဘာများ ပြောချင်လဲ။
AWYT : ပရိသတ်အားပေးမှုက ပေါက်စီ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ပိုပါတယ်။ ပေါက်စီအတွက် တကယ်ကို ပီတိဖြစ်ရတယ်။ ကိုယ် ဒီထက်ပိုပြီး  ကြိုးစားရမယ်။ ဒီလိုမျိုး ပရိသတ် အားပေးမှုကြောင့် ပိုပြီးတော့ တာဝန်လည်းရှိတယ်လို့ ခံစားရပါတယ်။

Voice : ပေါက်စီတုန်းက ဗီဒီယိုခေတ်ကို မီလိုက်တာ ဆိုတော့ လက်ရှိဈေးကွက်ကို ဘယ်လိုမြင်မိလဲ။
AWYT : ဗီဒီယိုကတော့ ရိုက်တာကျသွားတယ်၊ ဈေးကွက် ပျက်နေပြီလို့ ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်မှာ ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်ရိုက်လာတဲ့ အတွက် Balance တော့ မျှသွားတယ်လို့ ထင်ပါတယ်။ ဒီလောကထဲကလူတွေပဲ ဒါပဲပြန်ပြီးတော့ လုပ်ရတာ အတူတူပါပဲ။ ဗီဒီယိုကနေ ရုပ်သံဇာတ်လမ်းတွဲ ကူးသွားတာပဲ ရှိတယ်။ ဒါပေမဲ့ ပိုကောင်းလာတာ ဘာလဲဆိုတော့ အချိန်ပိုပေးတယ်။ ဒါတွေကို ပိုကောင်းအောင် ကြိုးစားကြတယ်။ အကုန်လုံးက ဒီဘက်မှာ အတွေ့အကြုံရှိပြီးသား ဖြစ်တဲ့အတွက် ဟိုဘက်မှာ အသစ်လို ဖြစ်မနေတော့ဘူး။ နိုင်ငံခြားမှာကျတော့ ရုပ်သံဇာတ်လမ်းတွဲကို အသစ်တွေ အရမ်း သုံးတာများတယ်။ အဲဒီအတွက် ပိုပြီးတော့ အားစိုက်ကြတယ်။ ပိုပြီးတော့ Effort ထည့်ကြတယ်။ ဒီမှာကျတော့ တကယ်ကို အတွေ့အကြုံ ရှိပြီးသား လူတွေလုပ်တဲ့ အတွက်ကြောင့်မို့ အချိန်ကုန် သက်သာမယ်။ ကောင်းလည်း ပိုကောင်းသွားမယ်လို့ထင်တယ်။ 

Voice : မင်္ဂလာပါ ရုပ်သံဇာတ်လမ်းတွဲမှာ ကာရိုက်တာက ဘယ်လိုမျိုးလဲ။
AWYT : ဇာတ်လမ်းအကျဉ်းတော့ သေချာ မသိရသေးဘူး။ ဆရာမ ကာရိုက်တာပါ။ ဒါပေမဲ့ ဆရာမမှာလည်း အမျိုးမျိုးရှိတော့ စိတ်အရမ်းတိုတဲ့ ဆရာမရှိတယ်။  စည်းကမ်းကြီးတဲ့ ဆရာမလည်းရှိတော့ ဘယ်လိုဆရာမ ဖြစ်မလဲ မသိသေးဘူး။

Voice : ပေါက်စီရဲ့ဖေ့စ်ဘွတ်မှာ Aye Thaung ဆိုတဲ့ နာမည်နဲ့ ဓာတ်ပုံတွေတင်ရာက ပရိသတ်က မအေးသောင်း ဆိုပြီး အားပေးလာကြတယ်လို့ ထင်လား။
AWYT : အွန်လိုင်းကြောင့် အများကြီးပါပါတယ်။ အရင်တုန်းကဆိုရင် ပေါက်စီတို့ကို ပရိသတ်တွေနဲ့ ပေါင်းကူးပေးတာ မဂ္ဂဇင်း၊ နောက်ဂျာနယ်တွေ ခေတ်စား လာတော့ ဂျာနယ်က မြန်တယ်။ တစ်ပတ် တစ်ခါ ထွက်တယ်ဆိုတော့ ပရိသတ်လက်ထဲကို ချက်ချင်း ရောက်တယ်။ အခုကျတော့ ဖေ့စ်ဘွတ်ခ်၊ နည်းပညာကတော့ ပြောင်းလဲလာပြီ။ ဒီထက်မြန်တဲ့ဟာက နောက်ဆယ်နှစ်မှ ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ ဖေ့စ်ဘွတ်ခ်ကြောင့် အများကြီး အသိအမှတ်ပြုခံရတယ်။ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံ တင်ဖြစ်တာ အမှတ်တရအနေနဲ့ တင်တယ်။ ပြီးတော့ ကိုယ့်ရဲ့ပုံတွေကို ပြန်ပြီးတော့ Memory တွေ လုပ်ပေးတာဆိုတော့ အဲဒါလေးတွေသဘောကျတာနဲ့ တင်ဖြစ် တာပါ။ ဘာကြောင့်ဆိုပြီး စဉ်းစားပြီးတော့ တင်နေတာ မဟုတ်ပါဘူး။

Voice : အရင်တုန်းက ပေါက်စီပုံစံထက် အခုပေါက်စီပုံစံကို ပိုသဘောကျနေကြတော့ ပေါက်စီရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။
AWYT : အဲဒါက ခေတ်နဲ့ဆိုင်မယ် ထင်တယ်။ အခုခေတ်က အင်တာနက် တစ်ချက်ခေါက်လိုက်တာနဲ့ မိတ်ကပ် ကျူတိုရီရယ်က အများကြီး ပေါ်လာတာ။ ဖက်ရှင်လည်း အဲဒီလိုပါပဲ။ အစ်မတို့ငယ်ငယ်ကဆိုရင် ဖက်ရှင်ကျကျ ဝတ်ချင်ရင် မဂ္ဂဇင်းတွေထဲမှာ ကြည့်ရတာလေ။ နိုင်ငံခြားကနေ မှာရတဲ့ဟာမျိုးတွေကလည်း  မှာဖို့အတွက်က အရမ်း ကြာတယ်လေ။ အခုခေတ်ကျတော့ အင်တာနက်ခေါက် လိုက်တာနဲ့ ကိုယ်နဲ့လိုက်မယ့်ဟာမျိုးတွေကအစ ရွေးချယ်ကြည့်လို့ ရနေတယ်။ အဓိကတော့ နည်းပညာကြောင့် ပြောင်းလဲသွားတာ ဖြစ်မှာပါ။

Voice : အရင်နဲ့ အခု ပရိသတ်အား ပေးမှုနှစ်ခုကို ယှဉ်လိုက်ရင် ဘယ်အချိန်ကို ကျေနပ်အားရမှုက ပိုဖြစ်လဲ။
AWYT : ပေါက်စီက လက်ရှိကိုပဲ အမြဲတမ်း စိတ်ထဲမှာထားတယ်။ Current အချိန်ကိုပဲ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ ဒီအချိန်မှာ ရတဲ့ရလဒ်ကိုပဲ စဉ်းစားတယ်။ အတိတ်ကိုပြန်ပြီး တွေးတာထက် ဒီအချိန်မှာ အကောင်းဆုံး ဘယ်လိုလုပ်မလဲ၊ လက်ရှိအချိန်ကိုပဲ အမြဲတမ်း စဉ်းစားပါတယ်။ 

Voice : ချစ်သူရှိနေပြီလို့ပြောတယ်၊ ချစ်သူက မင်းသား မဟုတ်ဘူးလို့ ပြန်ရှင်းဖြစ်ပုံ ပြောပြပါဦး။
AWYT : ပေါက်စီကိုချစ်သူရှိလားလို့  မေးကြတော့ရှိတယ်လို့ ဖြေလိုက်တာပါ။ မရှိဘူးလို့ပြောရင် လိမ်သလို ဖြစ်မှာလေ။ ဒီအရွယ်ရောက်မှ အေးဝတ်ရည်သောင်း ချစ်သူ မရှိသေးဘူးဆိုရင် ယူမယ့်ယောက်ျား မရှိဘူးလို့ ပြောကြဦးမယ်။ ဒါပေမဲ့ တချို့ တော်တော်များများက ပေါက်စီရဲ့ချစ်သူကို မင်းသားဖြစ်မယ်ဆိုပြီး လာပြောနေကြတော့ ချစ်သူက မင်းသားတော့မဟုတ်ပါဘူးလို့ ပြောလိုက်တာပါ။ 

Voice : ပရိသတ်ကို ပေါက်စီရဲ့ချစ်သူ ဘယ်သူဆိုတာ ပြောပြဖို့ရှိလား။
AWYT : အဲဒါတော့ ဘယ်တော့မှရှိ မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေး တစ်ယောက်ဆိုတာ ကိုယ့်ချစ်သူလို့ ပြောပြီးတော့ မယူဖြစ်ရင်လည်း  မိန်းကလေးအတွက် နစ်နာတယ်။ ရည်းစားကိုတော့ လူသိရှင်ကြားချပြဖို့ အစီအစဉ် မရှိပါဘူး။ ကိုယ်ယူမယ့် အမျိုးသား၊ အိမ်ထောင်ဖက်ဆိုရင်တော့ တရားဝင်  ချပြမှာပါ။

Voice : အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး Plan လုပ်ထားတာမျိုးတွေ ရှိပြီလား။
AWYT : အဲဒါမျိုးတွေ မရှိပါဘူး။ ပေါက်စီက မနက်ဖြန် ပြုချင်ပြုသွားနိုင်တယ်လေ။ ဒါပေမဲ့ အသက် ၃၃ နှစ်ဆို ပြုကိုပြုရမယ်ဆိုပြီး ရရာ ယောက်ျားကို ဆွဲယူပြီးတော့ အဲဒီလိုမျိုးကျတော့ အဆင်မပြေဘူးလေ။ တစ်ခါတလေကျရင် ကိုယ်လုပ်ချင်တဲ့ အိပ်မက်လေးတွေ၊ သူလုပ်ချင်တဲ့ အိပ်မက်လေးတွေ ရှိမယ်။ အဲဒါက  မနက်ဖြန်၊ သန်ဘက်ခါ ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ဘဝမှာ သူနဲ့တစ်သက်လုံး နေနိုင်သွားပြီဆိုရင် ယူဖြစ်မှာပါ။ အဲဒါက မနက်ဖြန်၊ သန်ဘက်ခါလည်း ဖြစ်ချင်ဖြစ်မယ်၊  နောက်နှစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ အသက် ၄၀ မှာ ဖြစ်ချင်ဖြစ်မယ်။

ဆုအိနြေ္ဒဦး

  • TAGS