POST TYPE

ENTERTAINMENT

ချမ်းချမ်းနဲ့ တွေ့ဆုံခြင်း
18-May-2017 tagged as

နာမည်ကျော် တေးသံရှင် ချမ်းချမ်းနဲ့ တွေ့ဆုံပြီး မကြာမီ ထွက်ရှိတော့မယ့် တစ်ကိုယ်တော် စီးရီးသစ်မှာ ပါဝင်မယ့် သီချင်းတွေအကြောင်း၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေအကြောင်း၊ တစ်ကိုယ်တော် ရှိုး မလုပ်ဖြစ်သေးတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တစ်ကိုယ်တော် စီးရီးသစ်ထွက်ဖို့ရှိတယ်လို့ သိထားတယ်။ ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
CC : ဒီခွေက ချမ်းချမ်းရဲ့ လေးခွေမြောက် တစ်ကိုယ်တော်ခွေပေါ့နော်။ တေးရေးဆရာတွေကလည်း အသစ်တွေချည်းပါပဲ။ ရော့ခ်သီချင်း ပုံစံတွေပါမယ်။  Orchestra နဲ့ တီးထားတဲ့ သီချင်းတွေပါမယ်။ Jazz နဲ့ R & B ပုံစံလေးတွေလည်း ပါပါမယ်။ သီချင်းပုံစံကတော့ အစုံ ထည့်ထားပါတယ်။ ပရိသတ်တွေအတွက် တကယ်ကို အချိန်ယူပြီး လုပ်ထားတဲ့စီးရီးပါ။ ချမ်းချမ်းက သီချင်းတွေကို မကြိုက်မချင်း လုပ်တတ်တယ်။ အဲ့ဒါကြောင့် ခွေ မြန်မြန် ထွက်ရရေးသည် တို့အရေး မဟုတ်တဲ့အတွက် ဖြည်းဖြည်းချင်းပဲ သွားချင်တယ်။ အဲ့ဒါမှ ကိုယ့်သီချင်းတွေကို ပရိသတ်ကို ချပြတဲ့အခါမှာ စိတ်လုံတယ်။ နှင့်မိုဆိုရင် ပြီးပြီးရော လုပ်လိုက်ရင် ပရိသတ်လည်း သဘောမကျဘူး။ အခု ခွေကလည်း ထွက်တာတော့ ကြာမယ်။ ဒါပေမဲ့ ပရိသတ်အတွက် တကယ်ကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ထားတဲ့အတွက် စိတ်တိုင်း ကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Voice : ဒီခွေမှာ Featuring ပါဝင် သီဆိုပေးမယ့်သူတွေရော ပါဦးမလား။ 
CC : အစကတော့ Featuring ကို ယောက်ျားလေး အဆိုတော်ရော၊ မိန်းကလေး အဆိုတော်ရော ထည့်ဖို့ စဉ်းစားခဲ့ပေးတယ်။ ဒါပေမဲ့ ချမ်းချမ်းဆိုတဲ့ ဂီတ အမျိုးအစားကကျတော့ Featuring ပါလိုက်ရင် မလိုက်ဖက်ဘူး ဖြစ်သွားတယ်။ ချမ်းချမ်းရဲ့ ငါးခွေမြောက် တစ်ကိုယ်တော်ခွေ အတွက်လည်း ပြင်ဆင်ပြီးသွားပြီ။ အဲ့ဒီအခွေကျတော့မှပဲ စုံတွဲ သီချင်းလေးတွေ ပြန်ထည့်ဖြစ်ပါမယ်။ အခုထွက်မယ့် ခွေကတော့ ချမ်းချမ်း တစ်ယောက်တည်းဆိုထားတဲ့ သီချင်းတွေပဲ ပါပါမယ်။

Voice : တစ်ကိုယ်တော် ရှိုးလုပ်မယ်လို့လည်း ပြောထားဖူးတယ်နော်။ အဲ့ဒါကရော မလုပ်ဖြစ်သေးဘူးလား။
CC : တစ်ကိုယ်တော်ရှိုး လုပ်ဖို့ကတော့ နည်းနည်း အချိန်ယူရပါဦးမယ်။ အခုလောလောဆယ်မှာ ခွေအသစ် ထွက်ချင်သေးတယ်။ ပရိသတ်တွေကို သီချင်းအသစ်တွေ နားထောင်စေချင်သေးတယ်။ သူများတွေ လုပ်တဲ့ တစ်ကိုယ်တော်ရှိုးတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်လည်း သင်ခန်းစာ ယူလို့ရတယ်။ ကိုယ့်အလှည့်ကျရင် ဘယ်လိုပုံစံမျိုး လုပ်မယ်ဆိုတာ ကြိုစဉ်းစားလို့ရတာပေါ့။ အခုချိန်မှာ တစ်ကိုယ်တော် ရှိုးလုပ်ဖို့က အဆင်သင့် မဖြစ်သေးဘူး ထင်တယ်။ သီချင်း အများကြီး ဆိုချင်သေးတယ်။ အမှန်အတိုင်း ပြောရရင် ချမ်းချမ်းရဲ့ ဂီတသက်တမ်းကလည်း ဆယ်နှစ်ပဲ ရှိသေးတာဆိုတော့ နုပါသေးတယ်။ ပရိသတ်တွေအတွက် သီချင်းကောင်းတွေ အများကြီး လုပ်ပြီးတော့မှပဲ တစ်ကိုယ်တော်ရှိုး လုပ်ချင်တယ်။

Voice : တစ်လောတုန်းက ချမ်းချမ်းရဲ့ Facebook မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်လေးတချို့ ရေးတင်ထားတာကို ဖတ်ခဲ့ရသေးတယ်နော်။
CC : တစ်ခါတလေကျရင် အိမ်ထောင်ရေးမှာ အဆင်ပြေတာလည်း ရှိတယ်၊ အဆင်မပြေတာလည်း ရှိတယ်ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့က တအား အရေးကြီးတယ်။ သူကိုယ်တိုင် ဖွင့်မပြောရင် ကိုယ်က သူ ဘာဖြစ်နေတာလဲဆိုတာ မသိနိုင်ဘူး။ ကိုယ်ဖွင့်မပြောရင်လည်း ကိုယ်ခံစားနေရတာတွေကို သူက မသိနိုင်ဘူး။ တစ်ခါတလေကျရင် လူတစ်ယောက်မှာ စိတ်ထွက်ပေါက်လေး တစ်ခုတော့ လိုတာပေါ့။ အမှန်အတိုင်း ပြောရရင် ချမ်းချမ်းမှာက သူငယ်ချင်း၊ အပေါင်းအသင်း နည်းပါတယ်။ အလုပ်ပြီးရင် အိမ်ပြန်ဆိုတော့ တိုင်ပင်စရာလူမရှိဘူး။ တစ်ခါတလေမှာ ကိုယ်က ရင်ဖွင့်တဲ့အနေနဲ့ Facebook မှာ ခံစားချက်လေးတွေ ရေးတင်ရင် ပရိသတ်တွေက အကြံပေးကြတာတွေ ရှိတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ရေးဖြစ်တာပါ။

Voice : အိမ်ထောင်တစ်ခု ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် အပြန်အလှန် နားလည်မှု ရှိဖို့က အဓိကကျမယ် ထင်တယ်နော်။ ကိုယ်ကရော အိမ်ထောင်ဖက်အပေါ် ဘယ်လို နားလည်မှုပေးလဲ။
CC : ချမ်းချမ်းက သူ့ (ဘုဏ်းသိုက်) ကို တတ်နိုင်သမျှ အချိန်ရအောင် ပေးပါတယ်။ သူကလည်း ကိုယ့်အပေါ် နားလည်ပေးတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် နားလည်မှု လွဲတာလေးတွေတော့ ဖြစ်တတ်တာပေါ့နော်။ သူကလည်း သူ့အလုပ်တွေနဲ့ ရှုပ်နေတဲ့အခါမျိုးမှာ ကိုယ်လည်း နားလည်ပေးရတာပေါ့နော်။ အရင်တုန်းကဆိုရင် ချမ်းချမ်းတို့နှစ်ယောက်က ထမင်းစားတဲ့ အချိန်လည်း တူတူပေါ့။ သူမလာသေးရင် ကိုယ်စောင့်၊ ကိုယ်မလာသေးရင် သူ စောင့်ပေါ့နော်။ ဒါပေမဲ့ အိမ်ထောင်သက် သုံးလေးနှစ် ရလာတဲ့အချိန်မှာ အလုပ်ကိစ္စနဲ့ စိတ်ရှုပ်ရတာမျိုးတွေ ရှိလာတော့ ဖေးဖေးမမ သိပ်မရှိတော့သလို ဖြစ်သွားတာပေါ့။ နောက်ပြီး ချမ်းချမ်းကလည်း တစ်ချိန်လုံး ခရီးထွက်နေရတော့ အစ်ကို့ကိုလည်း ဂရုမစိုက်နိုင်တဲ့ အခါမျိုးတွေရှိတယ်။ ကိုယ့်ဘက်ကလည်း အဲ့ဒီလိုမျိုး ပေါ့လျော့မှုလေးတွေ ရှိတော ကျိတ်ထားတာ၊ ခဲထားတာလေးတွေ ရှိလာတာပေါ့နော်။

Voice : နှစ်ယောက်ကြားမှာ အဖုအထစ် တစ်ခုခု ရှိလာပြီဆိုရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းလေ့ရှိလဲ။
CC : ချမ်းချမ်းက ဟန်မဆောင်တတ်ဘူး။ ဒဲ့ပဲ ပြောတတ်တယ်။ အဲ့ဒီအတွက်ကြောင့် ချမ်းချမ်းကို ရုတ်တရက် ကြည့်ရင်တော့ ရိုင်းတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ကိုယ်က ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ သူကလည်း အဲ့ဒီလိုမျိုးပဲ။ ချမ်းချမ်းတို့ နှစ်ယောက်က ပုံစံတူတဲ့အတွက် ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ တချို့လူတွေဆိုရင် ချမ်းချမ်းတို့ နှစ်ယောက်နဲ့ ပေါင်းလို့ မရဘူး။ ဒါပေမဲ့ ကိုယ်တွေ အကြောင်းကို သိတဲ့လူတွေကတော့ တစ်သက်လုံး အခင်အမင် မပျက်ဘူးပေါ့နော်။ ချမ်းချမ်းက ဘယ်ကိစ္စမဆို စိတ်ရှင်းအောင် နေတယ်။ စိတ်ထဲမှာ မြုံထားရတာမျိုး မကြိုက်ဘူး။ 

Voice : အမျိုးသားကလည်း အနုပညာရှင် ဖြစ်နေတဲ့အတွက် သူ့အလုပ်ကိစ္စတွေနဲ့ အာရုံများနေလို့ ကိုယ့်ကို ဂရုမစိုက်သလို ဖြစ်သွားတာမျိုးရော ဖြစ်နိုင်လား။
CC : တစ်ခါတလေကျရင် သူ စိတ်ဓာတ်ကျနေတာလား၊ ပျော်ရွှင်နေတာလားဆိုတာ ကိုယ်လည်း မသိနိုင်ဘူး။ ချမ်းချမ်းကလည်း တစ်ချိန်လုံး ခရီးတွေ ထွက်နေရတော့ သမီးလေးကိုတောင် သိပ်ဂရုမစိုက်နိုင်ဘူး ဖြစ်နေတယ်။ သမီးလေးအတွက်ကို နှစ်ယောက်လုံးက တတ်နိုင်သမျှ အချိန်တော့ ပေးတယ်။ ဒါပေမဲ့ သူလည်း သူ့အလုပ်နဲ့သူရှုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ဆိုတော့ တစ်ခါတလေကျရင် နှစ်ယောက်က ကတောက်ကဆ ဖြစ်တာလေးတွေတော့ ရှိတာပေါ့။ ကြီးကြီးမားမား ပြဿနာမျိုးတော့ မရှိပါဘူး။

သန့်ဇင်ဦး

  • TAGS