POST TYPE

ENTERTAINMENT

ဘောလိဝုဒ် ရုပ်ရှင်လောကနဲ့ ဖက်စပ်ရိုက်ကူးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ လူမင်း
ရန်ကုန်၊ မေ ၁၇

ဘောလိဝုဒ် ရုပ်ရှင်လောကကို  လေ့လာရေးခရီး သွားရောက်ခဲ့တဲ့ သရုပ်ဆောင်လူမင်းက ရုပ်ရှင်နဲ့ ပတ်သက်တာတွေကို စုံစုံလင်လင် လေ့လာခဲ့သလို၊ ဇာတ်ကားတွေကို ဖက်စပ်ရိုက်ကူးဖို့လည်း ဆွေးနွေးခဲ့ပါတယ်လို့ The Voice ကို ပြောကြားပါတယ်။ 

“ကိုယ်တို့ပေါင်းစပ်ပြီး ဘာတွေလုပ်လို့ရမလဲ ဆိုတာကို သိချင်လို့ သွားလေ့လာတာပါ။ ကိုယ်တို့ စတူဒီယိုတွေ၊ အနုပညာ သင်တန်းကျောင်းတွေကို သွားလေ့လာခဲ့တယ်။ သူတို့ဆီက ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ Production Designer တွေနဲ့လည်း ဆွေးနွေးခဲ့တယ်။ ဇာတ်ကားတွေ ဖက်စပ်ရိုက်ကူးဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒါတွေကို တစ်ခုချင်း အကောင်အထည်ဖော်ဖြစ်တဲ့ အခါကျရင် အသိပေးပါမယ်” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်ကိုတော့ စက်တင်ဘာလမှာ ရွေးချယ်သွားမှာ ဖြစ်ပြီး၊ ရာထူးကနေ အနားယူပြီးသွားရင်တော့ တခြားစီးပွားရေးကို နားမလည်သလို၊ စိတ်လည်းမဝင်စားတဲ့အတွက် အနုပညာကို အခြေခံတဲ့ စီးပွားရေး လုပ်ငန်းမျိုးကိုပဲ လုပ်ဖို့စိတ်ကူးထားကြောင်း သရုပ်ဆောင်လူမင်းက ပြောကြားပါတယ်။ 

“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှ ကိုယ့်အနုပညာလောကအတွက် လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒီရာထူးမှာ တာဝန်မထမ်းဆောင်လည်း ကိုယ်ရောက်တဲ့ အရပ်ကနေ ကိုယ့်အနုပညာလောကကို ကောင်းအောင်လုပ်ပေးနေတာက ရုပ်ရှင်လောက ကောင်းအောင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတာနဲ့ အတူတူပါပဲ” လို့ ၎င်းက ဆိုပါတယ်။  

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ ‘ရွှေငါးလေး’ ဗီဒီယို ဇာတ်ကားမှာ သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ တွဲဖက်သရုပ်ဆောင် ရိုက်ကူးနေပြီး၊ ကိုယ်တိုင်သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ ဝယ်ယူထားတဲ့ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ‘မိုးနဲ့မြေ’ ဝတ္ထုကိုလည်း ဇာတ်ညွှန်းရေးဖို့အတွက် အချက်အလက်တွေ စုဆောင်းနေကြောင်း လူမင်းက ပြောကြားပါတယ်။