POST TYPE

ENTERTAINMENT

မေမြင့်မိုရ်နဲ့ တွေ့ဆုံခြင်း
17-May-2017 tagged as

ဇွန်လ ၅ ရက်နေ့ကစပြီး ပရိသတ်တွေ ကြည့်ရှုခွင့်ရတော့မယ့် “ဆုံစည်းခြင်းမိုးတိမ်များ” ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်ရုပ်လေးမျိုး သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မေမြင့်မိုရ်နဲ့တွေ့ဆုံပြီး ဇာတ်လမ်းတွဲအကြောင်း၊ ကြုံခဲ့ရတဲ့ အမှတ်တရ အကြောင်းတွေအပြင် မကြာခင် ရိုက်ကူးတော့မယ့် “အရိပ်”အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ “အရိပ်”ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းတွဲအဖြစ် ဘယ်တော့ပြန်ရိုက်မှာလဲ။
MMM : အရင်က မပန်းဖြူ အကယ်ဒမီရခဲ့တဲ့ “အရိပ်”ရုပ်ရှင်ကားကို MRTV-4 ကနေ ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်မှာပါ။ ဒီဇာတ်လမ်းတွဲကို ဇွန်လ ပထမပတ်မှာ စရိုက်သွားမယ်။ အပိုင်းကတော့ သုံးဆယ်ပါပါ့မယ်။

Voice : ပန်းဖြူ သရုပ်ဆောင်ခဲ့တဲ့တုန်းက စုစုလှိုင် ဇာတ်ရုပ်က အကယ်ဒမီ ရတဲ့အထိ အောင်မြင်မှု ရရှိခဲ့တာဆိုတော့ သူ့နေရာမှာ ပြန်သရုပ်ဆောင်ရမှာ ဖိအားများလား။
MMM : ညီမအတွက် ဇာတ်လမ်းတွဲ အသစ်ကို ကိုယ့်ဇာတ်ရုပ် အသစ်အနေနဲ့ သရုပ်ဆောင်ရနေကျပါ။ ဒါပေမဲ့ အရင်က အောင်မြင်မှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားကို  ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်မယ့်အပြင် ကိုယ်က မပန်းဖြူ အကယ်ဒမီ ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ စုစုလှိုင် ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ပရိသတ်တွေကလည်း ပိုပြီးကြည့်ကြမယ်၊ ဝေဖန်ကြမယ်။ အဲဒါကြောင့် အရမ်းလည်း ရင်ခုန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်း တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။

Voice : စုစုလှိုင်ဇာတ်ရုပ်အတွက် ဘာတွေ ပြင်ဆင်ထားလဲ။
MMM : ညီမက ဇာတ်ရုပ်နဲ့လိုက်အောင် ဆံပင်ကို တိုတိုညှပ်ထားပါတယ်။ ပြီးတော့ ဇာတ်ရုပ်မှာက ဆေးလိပ် သောက်ရမယ့် အခန်းတွေ၊ ဆေးစွဲနေတဲ့ အခန်းတွေလည်းပါတော့ သေချာ ပြင်ဆင်သွားမှာပါ။ 

Voice : “ဆုံစည်းခြင်း မိုးတိမ်များ” ဇာတ်လမ်းတွဲကလည်း ဇွန်လ ၅ ရက်နေ့ကစပြီး MRTV-4 ကနေ ထုတ်လွှင့် ပြသပေးတော့မယ်နော်။
MMM : ဟုတ်ပါတယ်။ ဒီဇာတ်လမ်းတွဲက မြန်မာနဲ့ ထိုင်း ပူးပေါင်းပြီး ရိုက်တဲ့ကားပါ။ ရိုက်ကူးရေးရက်ကို ရှစ်လလောက် ကြာသွားတယ်။ ရှစ်လလုံးလုံးကိုလည်း နေ့မအိပ်၊ ညမအိပ်နဲ့ ကြိုးကြိုးစားစား ရိုက်ထားကြတယ်။ ညီမဆို ငိုရမယ့် ဇာတ်ဝင်ခန်းတွေမှာ နံနက်ကနေ ညအထိကို တောက်လျှောက် ငိုရတယ်။ အဲဒါကြောင့် အရမ်းလည်း ပင်ပန်းခဲ့တယ်။ ပြီးတော့ Location တွေများတော့ ခရီးတွေလည်း အများကြီး ထွက်ခဲ့ရပါတယ်။

Voice : ဇာတ်ရုပ် လေးမျိုးလည်း သရုပ်ဆောင်ခဲ့တယ်လို့ သိရတယ်။
MMM : ဒီဇာတ်လမ်းတွဲမှာ ညီမက မာနကြီးတဲ့ပုံစံ၊ စကားမပြောတတ်တဲ့ပုံစံ၊ ပရိသတ် မုန်းစေမယ့် ဗန့်ပုံစံနဲ့ မရောက်သေးတဲ့ ၂၀၇၀ ခုနှစ်ပုံစံတို့ကို သရုပ်ဆောင်ရတယ်။ အဲဒါကြောင့် ကိုယ်ရိုက်ခဲ့တဲ့ ကားတွေထဲမှာ ဒီဇာတ်လမ်းတွဲကို အရမ်းကြိုက်တယ်။

Voice : ဒါဆို ရှေ့မှာရိုက်ခဲ့တဲ့ “ပန်းနုသွေး”ထက် ပိုအားရတယ်ပေါ့။
MMM : “ပန်းနုသွေး”က ပရိသတ်တွေမြင်နေကျ ရိုးရိုးမြန်မာဒရာမာ ပုံစံမျိုးပါ။ ဒီဇာတ်လမ်းတွဲကကျတော့ ထူးခြားတယ်။ ပြီးတော့ ဇာတ်လမ်းတွဲတွေထဲမှာလည်း တော်တော်လေး ထူးခြားမယ့်ဇာတ်လမ်းတွဲ တစ်ခုဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်တွေကို သေချာ ဆက်တင်ဆင်ပြီးတော့ ရိုက်ထားတယ်။ ပုဂံခေတ်ဆိုလည်း ပုဂံခေတ်အတိုင်း၊ အင်းဝခေတ်ဆိုလည်း အင်းဝခေတ် အတိုင်းကို ငွေအင်အားရော လူအင်အားပါ စိုက်ထုတ်ပြီး ကြိုးကြိုးစားစား ရိုက်ထားကြတာပါ။

Voice : “ပန်းနုသွေး” နောက်ပိုင်း ကိုယ့်အတွက် မှတ်တိုင်တစ်ခု ထပ်ဖြစ်လာနိုင်လား။
MMM : ညီမကတော့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ရုပ်က လေးမျိုး သရုပ်ဆောင်ထားရတာကိုး။ ဇာတ်ကား တစ်ကားတည်းမှာ ဇာတ်ရုပ်လေးမျိုးကို ခွဲပြီးမြင်ရဖို့ဆိုတာ မလွယ်ဘူးလေ။ ဒီဇာတ်လမ်းတွဲမှာ ညီမကို ပရိသတ်တွေ အနေနဲ့ ဇာတ်ရုပ် လေးမျိုးနဲ့ မြင်ရမယ့်အပြင် ညီမလည်း အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ပရိသတ် ကြိုက်ကြမှာပါ။ ပြီးတော့ “ပန်းနုသွေး” ဇာတ်လမ်းတွဲပြီးကတည်းက ညီမရဲ့ ဇာတ်လမ်းတွဲက အသစ် ထပ်မထွက်ဘဲ လက်ရှိအချိန်မှာမှ ထွက်တာဆိုတော့  အများကြီး မျှော်မှန်းထားပါတယ်။

Voice : ဇာတ်လမ်းတွဲ ရိုက်ကူးနေရင်း အမှတ်တရ အရှိဆုံးနဲ့ အခက်အခဲရှိခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်ခန်းလောက်ကိုလည်း ပြောပြပေးပါဦး။
MMM : ညီမအတွက်ကတော့ ဒုဋ္ဌဝတီမြစ်ထဲမှာ လှေမှောက်တဲ့အခန်းလို့ ပြောရမယ်။ ပုဂံခေတ်မှာ ညီမတို့က လှေနဲ့ ခရီးသွားတယ်။ လှေကလည်း မြစ်လယ်ကောင်မှာ မှောက်ရမှာပါ။ ဘေးနားမှာတော့ အသက်ကယ်လှေတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ညဘက် ၉ နာရီ လောက်ကို စောင့်ပြီး Night Scene တည်ရိုက်တာဆိုတော့ ရေက အရမ်း အေးနေပြီ၊ ညီမကလည်း လှေမှောက်ပြီး ရေမကူးတတ်တဲ့ပုံစံ လုပ်ရမှာဆိုတော့ အမှောင်ထဲမှာ ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတယ်။ ပြီးတော့ ညီမက ပုဂံခေတ်ဝတ်စုံတွေ၊ အဆင် တန်ဆာတွေနဲ့ ရိုက်ရတော့ လက်မောင်းတွေ၊ လည်ပတ်တွေက ရေအားနဲ့ မျောကုန်တာပေါ့နော်။ Continuity အတွက် လိုက်ရှာတော့လည်း မတွေ့တော့ဘူး။ အဲဒါနဲ့ အသစ်ဝယ်ပြီး ရိုက်ခဲ့ရတယ်။

Voice : ပြီးခဲ့တဲ့ ၂၂ နှစ်ပြည့် မွေးနေ့ကလည်း Fan တွေကြောင့် အရမ်း ပျော်ရွှင်ခဲ့ရသလို တစ်ယောက်ယောက်ဆီက Surprise ရတာမျိုး ကြုံခဲ့ရသေးလား။
MMM : မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမမှာ ချစ်သူမရှိဘူးလေ။ ဒါပေမဲ့ ညီမရဲ့ Fan တွေက ညီမကို Surprise လုပ်ပေးကြတော့ အရမ်းပျော်ခဲ့တယ်။ တကယ်တော့ ညီမရဲ့ ပရိသတ်တွေက ညီမရဲ့ချစ်သူပါပဲ။

ဝင်းထွန်းနိုင်

  • TAGS