News

POST TYPE

ENTERTAINMENT

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း
17-May-2017 tagged as

နာမည်ကျော် တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံပြီး မေလ ၁၉ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မယ့် “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းရွေးချယ် ရိုက်ကူးမှုတွေ အကြောင်းနဲ့ အချစ်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒီနှစ်အတွင်းမှာ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားက စိုင်းစိုင်း ရင်အခုန်ရဆုံး ဇာတ်ကားလို့ Facebook မှာ ရေးထားတာ တွေ့ရပါတယ်။ ဘယ်လိုကြောင့် ဖြစ်မလဲ။
SSKL : ဒီနှစ်အတွင်းမှာ ကျွန်တော်ပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံတင်ဖို့ရှိတဲ့အထဲမှာ ဒီဇာတ်ကားလေးကို ကျွန်တော်ကိုယ်တိုင်ရော၊ ရွှေစည်တော် ထုတ်လုပ်ရေးက ပရိုဂျူဆာဖြစ်တဲ့ မခိုင်မာရော အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင်၊ အားသွန်ခိုက်စိုက်၊ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားထားကြပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားက ဒီနှစ်အတွက် ကျွန်တော် ရင်အခုန်ရဆုံး ကားလေးလို့ ပြောခြင်းဖြစ်ပါတယ်။ 

Voice : ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကရော သုံးပွင့်ဆိုင် လူငယ် အချစ်ဇာတ်လမ်း ပုံစံမျိုးလား။ 
SSKL : ဇာတ်လမ်းကလည်း လူငယ် အချစ်ဇာတ်ကား စစ်စစ်လေးတစ်ကား ဖြစ်ပါတယ်။ အချစ်တွေ၊ အမုန်းတွေ၊ သူငယ်ချင်း သံယောဇဉ်တွေနဲ့၊ အာဃာတတွေ ရောပြွမ်းနေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ သူငယ်ချင်း သံယောဇဉ်နဲ့ ချစ်သူနဲ့ကြားမှာ ဗျာများရတဲ့ နာမည်ကျော် လူငယ်အဆိုတော် တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာပါ။

Voice : ဒီဇာတ်ကား အပါအဝင် စိုင်းစိုင်းက အဆိုတော် ဇာတ်ရုပ်တွေ ရိုက်ခဲ့တာ များပြီနော်။ အဲ့ဒါက ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဇာတ်ရုပ်မို့ ပိုရိုက်ဖြစ်နေတာလား။
SSKL : ဒီဇာတ်ကားထဲမှာပါတဲ့ အဆိုတော် မင်းပျိုရဲ့ ကာရိုက်တာနဲ့ မနှစ်ကတုန်းက ရုံတင်ခဲ့တဲ့ ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်က အဆိုတော် ဧဒင်ရဲ့ ကာရိုက်တာကတော့ တော်တော်လေး ကွဲပါတယ်။ သီချင်းဆိုတဲ့ အဆိုတော် ကာရိုက်တာချင်း တူပေမယ့် သူတို့သီဆိုတဲ့ Music ပုံစံချင်းလည်း မတူဘူး။ ဖက်ရှင်စတိုင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြပါဘူး။ 

Voice : ရုပ်ရှင်မှာဆို စိုင်းစိုင်းက လူငယ်ဆန်တဲ့ ဇာတ်ကားတွေ အရိုက် များတယ်နော်။ ကိုယ့်အနုပညာကို ပိုပြခွင့်ရမယ့် ဟဲဗီးဒရာမာ ဇာတ်ကားမျိုးတွေ မရိုက်ဖြစ်တာ ဘာကြောင့်လဲ။
SSKL : ကျွန်တော်ကတော့ ဇာတ်လမ်း အမျိုးအစားအစုံ ရိုက်ချင်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ ပြင်းရှတဲ့ ဒရာမာ ဇာတ်လမ်းမျိုးလည်း ကျွန်တော် ရိုက်ချင်တယ်။ ရုပ်ရှင်ရိုက်တဲ့အခါမှာ ကျွန်တော့်အတွက်ကတော့ ဘယ်လို ကာရိုက်တာမျိုးပဲဖြစ်ဖြစ် ရင်ခုန်နေရတာပါပဲ။ ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်လိုမျိုး မျက်ရည်တွေ ဘာတွေမပါဘဲနဲ့ နူးနူးညံ့ညံ့ သရုပ်ဆောင်ရတဲ့ ဇာတ်ကားမျိုးကိုလည်း ကျွန်တော် ကြိုက်ပါတယ်။

Voice : စိုင်းစိုင်းနဲ့ ရွှေမှုံကျတော့ ဇာတ်ကားတွေ သိပ်ပြီး တွဲမရိုက်ဖြစ်ဘူးနော်။ သူနဲ့တွဲ ဖက်သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကို ပြောပြပေးပါဦး။
SSKL : ကျွန်တော်နဲ့ ရွှေမှုံက ဗီဒီယိုဇာတ်ကားလေးတွေ ရိုက်ဖူးတာတော့ ရှိပါတယ်။ ဒီကားကတော့ ရုပ်ရှင်မှာ ရွှေမှုံနဲ့ ကျွန်တော် စဆုံတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ ကျွန်တော်တို့ သုံးယောက်စလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်၊ ရွှေမှုံနဲ့ ခင်ဝင့်ဝါတို့ သရုပ်ဆောင်ရတဲ့ ကာရိုက်တာ အကုန်လုံးက အံဝင်ခွင်ကျ ဖြစ်တယ်လို့ ယုံကြည် ပါတယ်။

Voice : စိုင်းစိုင်းကိုယ်တိုင်ရော ဇာတ်ကားထဲက မင်းပျိုလို အချစ်ကြီးတတ်တဲ့ သူမျိုးထဲမှာ ပါလား။ ကိုယ်အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကာလမှာရော  ဇာတ်ကားထဲကလို အချစ် ဇာတ်လမ်းမျိုးရော ကြုံခဲ့ဖူးလား။
SSKL : ကျွန်တော်ကိုယ်တိုင်လည်း အချစ်ကို ယုံကြည်ကိုးစားတဲ့အထဲမှာ ပါပါတယ်။ ကျွန်တော့်ရဲ့ အပြင်က လူနေမှုဘဝမှာတော့ ဇာတ်ကားထဲကလို ရုပ်ရှင်ဆန်ဆန် အဖြစ်မျိုးတော့ မကြုံခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာလည်း အတိတ်မှာတော့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်။ 

Voice : ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စိုင်းစိုင်းရဲ့ ပရိသတ်တွေကိုရော ဘာများ ဖြည့်စွက် ပြောကြားချင်တာ ရှိသေးလဲ။
SSKL : ဒီဇာတ်ကားလေးက မေလ ၁၉ ရက်နေ့ကျရင် မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရင်အခုန်ရဆုံး ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျွန်တော် အကောင်းဆုံး သရုပ်ဆောင်ထားနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ တစ်ကားလုံးကိုလည်း အကောင်းဆုံး တင်ဆက်ထားနိုင်တယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ပရိသတ်တွေ အားလုံးရဲ့ ရင်ခုန်သံနဲ့ ကျွန်တော့်ရဲ့ ရင်ခုန်သံက ထပ်တူ ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

သန့်ဇင်ဦး

  • TAGS