News

POST TYPE

ENTERTAINMENT

အလင်းရောင်နဲ့ တွေ့ဆုံခြင်း
15-May-2017 tagged as

ဒါရိုက်တာဝိုင်း ရိုက်ကူးနေတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားမှာ ကျော်ထက်၊ ဖွေးဖွေး၊ ရတနာဗိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် အလင်းရောင်နဲ့ တွေ့ဆုံပြီး ဇာတ်ရုပ်အကြောင်း၊ မထွက်သေးတဲ့ “Oh My Crush” MTV အကြောင်းနဲ့ အချစ်ရေးအကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်ကို ပြောပြပေးပါဦး။
ALY : ဒီကားထဲမှာ ကျွန်တော်က ကိုယ်အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆုံးရှုံးရတဲ့အချိန်မှာ စိတ်လွတ်သွားတဲ့ နောင်နောင် ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ဇာတ်ရုပ်က ဗန့်လို့ပြောရင် ရပါတယ်။

Voice : ဇာတ်ကလည်း အလင်းရောင်ရဲ့ဇာတ်လို့ သိရတယ်။
ALY : ဟုတ်ပါတယ်။ ဒီကားက မင်းသားဇာတ်ဖြစ်နေတော့ ကျွန်တော့်အတွက် လုပ်ကွက်လေးတစ်ခု ရတယ်။ ပြီးတော့ ကိုဝိုင်းရဲ့ သင်ကြားပြသပေးမှုနဲ့အတူ အများကြီးလည်း ကြိုးစားခွင့်ရပါတယ်။

Voice : သရုပ်ဆောင်ဘက်မှာ နေရာတစ်ခုရဖို့ ကြိုးစားနေသူ တစ်ယောက်အနေနဲ့ ဗန့်ဇာတ်ရုပ်ကို လက်ခံရိုက်ကူး ဖြစ်တာက ဘာကြောင့်လဲ။
ALY : ကျွန်တော့်က ပရိသတ်တွေ ဝေဖန်မှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်က နည်းနည်း စိန်ခေါ်မှု ပိုများတဲ့ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတာ ကြိုက်တယ်။ ပြီးတော့ ပရိသတ်ဆီက Feedback အရမ်းကြမ်းတဲ့ ပုံစံမျိုးတွေ လာမယ့်ဇာတ်ရုပ်ကို ကြိုးစားခွင့်ရတာကို အားရတယ်။ ကိုယ်ကိုယ်တိုင်လည်း ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိတယ်။ 

Voice : “ကာဗွန်ဒိုင်အောက်ဆိုဒ်”ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ Massage က ဘာဖြစ်မလဲ၊ ရိုက်ကူးရေးက အားလုံး ပြီးသွားပြီလား။
ALY : ဒီကားက လူတစ်ယောက် အနေနဲ့ မလုပ်သင့်တဲ့အရာ တစ်ခုကိုလုပ်ရင်၊ မကြံသင့်တဲ့ အရာတစ်ခုကိုကြံရင် ကိုယ်ပြန်ခံရတယ် ဆိုတာကို အဓိက Massage ပေးချင်တာပါ။ ပြီးတော့ ရိုက်ကူးရေးပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မေမြို့မှာလည်း ဆယ်ရက်ဝန်းကျင်လောက် ရိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန် ဇာတ်ဝင်ခန်းတွေ ပြန်ရိုက်နေပါတယ်။ ရိုက်ရက်က သုံးလေးရက်စာလောက် ကျန်ပါသေးတယ်။

Voice : ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်များနေတာဆိုတော့ ဒါရိုက်တာ ဝိုင်းနဲ့ ဖွေးဖွေးဆိုတာကို ပရိသတ်က တွဲသိနေသလို ဒါရိုက်တာဝိုင်းနဲ့ အလင်းရောင်ဆိုပြီး တွဲသိလာဖို့ မျှော်လင့်ထားသေးလား။
ALY : ကိုဝိုင်းက အနုပညာ လောကထဲမှာ ကျွန်တော့်ကို အက်တင်တွေ သင်ပေးတဲ့ လက်ဦးဆရာပါပဲ။ အဲဒါကြောင့် ကိုဝိုင်းနဲ့လည်း ဆက်ပြီးတော့ လက်တွဲ သွားချင်ပါတယ်။ ကိုဝိုင်းရဲ့ သင်ကြားပြသပေးမှု အောက်မှာလည်း ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားပါ့မယ်။ တကယ်လို့ ပရိသတ်က ဒါရိုက်တာဝိုင်းနဲ့ အလင်းရောင်ကို တွဲသိမယ်ဆိုရင်တော့ အရမ်းပျော်မိမှာပါ။

Voice : မကြာခင် Victoria ရိုက်ကူးမယ့် ဗီဒီယိုဇာတ်ကားရဲ့ နာမည်က ထူးခြားနေတော့ ကိုယ်တိုင် ရွေးထားတာလား၊ “အလင်းရောင်ရဲ့ အချစ်ရေး”ဆိုတော့ ဘယ်လို အကြောင်းအရာတွေ ပါဝင်မှာလဲ။
ALY : ဒီကားမှာ ကျွန်တော်က အပြင်ကအတိုင်း မင်းသားနေရာကနေ သရုပ်ဆောင်ရမှာပါ။ ပြီးတော့ ကျွန်တော့်ကို ပိုင်ဖြိုးသု လာချိတ်တုန်းက ဇာတ်ကားရဲ့ နာမည်ကိုတောင် မသိသေးပါဘူး။ နောက်မှ Fan တွေ ပြောပြလို့သိတာပါ။ ဇာတ်လမ်းပုံစံကတော့ ဇာတ်ညွှန်းရေးတဲ့ အစီအစဉ်အရပဲ သွားပါ့လိမ့်မယ်။

Voice : ထားဝယ် ထုတ်လုပ်ရေးနဲ့ စာချုပ်က ပြည့်သွားပြီလား၊ ထပ်ချုပ်ထားသေးလား။
ALY : ထားဝယ် ထုတ်လုပ်ရေးနဲ့ ချုပ်ထားတဲ့ ရုပ်ရှင်ငါးကားက ဒီနှစ်ထဲမှာတော့ ပြည့်မှာပါ။ ဒါပေမဲ့ သင်္ကြန်မတိုင်ခင်က ထပ်ပြီး ငါးကားချုပ်ထားပါသေးတယ်။ ပြီးတော့ ကျွန်တော်က သရုပ်ဆောင်အသစ် တစ်ယောက်ဆိုတော့ ဇာတ်တွေကိုလည်း ပရိသတ် စိတ်ဝင်စားမယ့်ပုံစံတွေ အဓိက ထားပြီး ရိုက်သွားဖို့ ရှိပါတယ်။

Voice : လက်ရှိမှာ သရုပ်ဆောင်ဘက်ကို ခြေဦးလှည့်နေလို့ “Oh My Crush” MTV က မထွက်သေးတာလား၊ ပရိသတ်တွေက မျှော်နေကြပြီ။
ALY : ဟုတ်ပါတယ်။ အခွေထွက်ပြီးမှ ကားရိုက်တွေက ဆက်တိုက်ဖြစ်နေတယ်။ အဲဒါကြောင့် MTV ဘက်ကို အချိန် မပေးနိုင်သေးဘူး။ လက်ရှိမှာ MTV က လေးပုဒ်လောက် ရိုက်ဖို့ ကျန်သေးတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ထွက်ချင်တယ်။ လာမယ့် မေလ ၂၁ ရက်နေ့ဆိုရင် Audio ထွက်တာ တစ်နှစ်ပြည့်ပြီဆိုတော့ ၂ နှစ်လောက်တော့ မကြာချင်ဘူး။ 

Voice : MTV သာ မထွက်သေးတာ ဒုတိယအခွေ အတွက်က သီချင်းတွေ တော်တော်များများ စုပြီးနေပြီလို့ သိရတယ်၊ သီချင်းပုံစံတွေက ကွဲထွက်သွားမှာလား။
ALY : ဒုတိယအခွေအတွက် သီချင်းတွေက ရှစ်ပုဒ်လောက် ရနေပြီ။ ပထမအခွေထက် ကျွန်တော့်စိတ်ကြိုက် ဖြစ်တဲ့သီချင်းတွေကို ရထားတယ်။ သီချင်းပုံစံတွေကတော့ အမြူးတွေ များမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမ အခွေမှာက အနှေးတွေ များထားလို့ပါ။ 

Voice : အချစ်ရေးက ငြိမ်သက်နေသလိုပဲ၊ မရှာတော့တာလား။
ALY : ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ အနုပညာ အလုပ်လုပ်နေတာ မကြာသေးတော့ ကိုယ့်လုပ်မယ့်အလုပ်တွေ အပေါ်မှာပဲ အာရုံစိုက်ထားတယ်။

ဝင်းထွန်းနိုင်

  • TAGS