News

POST TYPE

ENTERTAINMENT

ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း
14-May-2017 tagged as

နာမည်ကျော် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံပြီး လက်ရှိ ရုံတင်ပြသနေတဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်”ရုပ်ရှင်ဇာတ်ကား အကြောင်း၊ မနုစာရီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့ ကြန့်ကြာနေတဲ့အကြောင်းနဲ့ ဆင်ဆာခွင့်ပြုချက် ရပြီဖြစ်တဲ့ အနန္တရုပ်ရှင်ဇာတ်ကားအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည် ရုပ်ရှင်ရိုက်ကွင်းတုန်းက ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့ရတယ်လို့ ကိုညို့ရဲ့ Facebook မှာ ရေးထားတာ တွေ့တယ်လေ။ အဲ့ဒီအကြောင်းက စပြီး ပြောပြပေးပါဦး။
NML : အဲဒါကတော့ ထွန်းထွန်းရဲ့ ဇာတ်ဝင်ခန်းကို ရိုက်တုန်းက ကြုံခဲ့တာပါ။ ဒီလိုမျိုး တစ်ခါမှလည်း မကြုံဖူးဘူး။ ဒီကားမှာမှ စပြီး ကြုံခဲ့တာပါ။ အဲ့ဒီတုန်းက ကျွန်တော်တွေ့ခဲ့တဲ့ လူတစ်ယောက်ရဲ့အရိပ်ကို အခုချိန်အထိလည်း ဘာရယ်လို့ ကျွန်တော် မပြောပါဘူး။ ဒါက ပရိသတ်ကို ဖွစရာ အကြောင်းအရာ တစ်ခုအဖြစ်လည်း မမြင်ပါဘူး။ အဲ့ဒီအချိန်တုန်းက ဒီအကြောင်းကို ရှုတင်မှာ မပြောဖြစ်ခဲ့တာကတော့ သူငယ်ချင်းတွေက ကျွန်တော် နောက်တယ်လို့ပဲ ထင်မှာစိုးတယ်။ နောက်ပြီး ဒီကောင် အိပ်ရေးပျက်ပြီး ဂေါက်သွားတာလားလို့ပဲ မြင်ကြလိမ့်မယ်။ အခုချိန်မှာ ပြောဖြစ်တာကတော့ ကျွန်တော်နဲ့ ပရိသတ်တွေ ကြားထဲမှာ ဒီကားနဲ့ ပတ်သက်ပြီး ဝှက်ထားတဲ့ အကြောင်းအရာ တစ်ခုကိုရှာတဲ့ ပုံစံမျိုးလောက်ပဲ သတိထားပါတယ်။

Voice : ဒီဇာတ်ကားက ရှေ့မှာ ကိုညိုရိုက်ခဲ့တဲ့ ညကျောင်းတို့၊ ရေခဲသေတ္တာတို့လို Horror ကားတွေနဲ့ မတူတဲ့ ဘယ်လိုရသမျိုး ပေးနိုင်မလဲ။
NML : ဒီကားကတော့ နေရာအစုံမှာ ခြောက်တာပေါ့။ ရေခဲသေတ္တာဆိုရင် နေရာတစ်ခုထဲကို ဇောင်းပေးပြီး ပြခဲ့တာပေါ့။ ဒီကားကို ကြည့်ပြီးတဲ့အချိန်မှာ ပရိသတ်တွေက ရေခဲသေတ္တာသွားဖွင့်တိုင်း ကျွန်တော့်ကားကို သတိရစေချင်တယ်။ အဲ့ဒီစိတ်နဲ့ လုပ်ခဲ့တာပေါ့။ အခု ရုံတင်မယ့် ရုပ်ရှင်ကတော့ နေရာအစုံမှာ ခြောက်တာဖြစ်တဲ့အတွက် ကိုယ်သွားလေရာ လိုက်ပါနေသလို ခံစားစေချင်တယ်။ ရှေ့ကားတွေနဲ့ မတူတဲ့ ရသတစ်မျိုးမျိုးကိုတော့ ပရိသတ်တွေ ခံစားလို့ ရကြမှာပါ။

Voice : မနုစာရီ ရုပ်ရှင်ကလည်း ရိုက်မယ်လို့ပြောထားပြီးမှ မရိုက်ဖြစ်သေးတာ ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ။
NML : မနုစာရီရုပ်ရှင်ကို ရိုက်ဖို့ ပြင်ဆင်စရာ ရှိတာတွေကို သေချာပြင်ဆင်နေပါတယ်။ ဒီဇာတ်ကားမှာ အဓိက အကျဆုံး ပစ္စည်းဖြစ်တဲ့ မိုးကြိုးအိုးရဲ့ ဒီဇိုင်းကို ကျွန်တော် မကြိုက်သေးဘူး။ ဒီကားက မင်းသိင်္ခ ဝတ္ထုကို ပထမဆုံး ရိုက်ရတာလည်းဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် သူ့ရဲ့ စာဖတ်ပရိသတ် တစ်ယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ စာဖတ်ပရိသတ်တွေ အားလုံး ရုပ်ရှင်အဖြစ် ကြည့်ရဖို့ စောင့်နေကြတဲ့ ဝတ္ထုလည်းဖြစ်တယ်။ ဘယ်တော့များမှ ရုပ်ရှင်အဖြစ် မြင်ရမလဲလို့ မျှော်ခဲ့ကြတဲ့ ဝတ္ထုလည်း ဖြစ်တယ်။ ဆိုတော့ လုပ်ရတာ တာဝန်ကြီးတယ်။ ဘာတစ်ခုကိုမှ မလျှော့ချင်ဘူး။ မိုးကြိုးအိုးရဲ့ ဒီဇိုင်းကို ကျွန်တော်စိတ်ကြိုက် မတွေ့သေးဘူး။ မနုစာရီကို အနန္တရုပ်ရှင်လိုပဲ သေချာရိုက်မှာ ဖြစ်တဲ့အတွက် အချိန်ကတော့ ယူထားတယ်။ အနန္တရုပ်ရှင်တုန်းကတော့ ရိုက်ရတာ ဆယ်လလောက် ကြာခဲ့တယ်။ မနုစာရီရုပ်ရှင်လည်း အချိန်ကြာလိမ့်မယ်လို့ ထင်တယ်။ ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာတော့ မိုးကြိုးအိုးရဲ့ ဒီဇိုင်းကို စိတ်ကြိုက် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Voice : ကိုညိုက ရုပ်ရှင်တစ်ကားကို ဆယ်လလောက် အချိန်ယူပြီး ရိုက်မယ်ဆိုတော့ လက်ရှိ အနုပညာလောကရဲ့ အနေအထားမျိုးမှာ ရပ်တည်နိုင်ဖို့ အဆင်ပြေပါ့မလား။
NML : ကျွန်တော့် ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက တည်ထားသမျှ၊ ပြင်ဆင်ထားသမျှ ဇာတ်ကားတွေကတော့ သေချာ အချိန်ယူ ပြင်ဆင်ပြီးမှ ရိုက်ရမယ့် ကားတွေပါပဲ။ ဒီဇာတ်ကားတွေရိုက်ဖို့ အချိန်ယူမယ်။ သူတို့ ကြည့်နေကျနဲ့ မတူတဲ့ပုံစံမျိုးတွေကို ပရိသတ်ကို ချပြချင်တယ်။ ရုပ်ရှင်လောကမှာ အများက မဖြစ်နိုင်ဘူးလို့ လက်ရှောင်ထားတဲ့ ဇာတ်ကားမျိုးတွေကိုပဲ ရွေးပြီး ရိုက်ဖို့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားတာပါ။ ကျွန်တော့်ရဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ အချစ်ကား၊ ဒရာမာကား ရိုက်ဖို့ လုံးဝ အစီအစဉ် မရှိပါဘူး။

Voice : ကိုညို ရိုက်ထားတဲ့ အနန္တရုပ်ရှင်ကလည်း ဆင်ဆာကျပြီဆိုတော့ ဘယ်တော့လောက် ပရိသတ်တွေ ကြည့်ခွင့်ရမလဲ။
NML : အနန္တရုပ်ရှင်ကို ရုံမတင်ခင်မှာ ပရိသတ် အယောက် ၄၀ လောက်ကို ရွေးပြီးတော့ ဖိတ်ပြဖို့ ရှိပါတယ်။ အဲ့ဒီ ပရိသတ်တွေရဲ့ အနန္တရုပ်ရှင်အပေါ် အမြင်ကိုလည်း ကျွန်တော် ယူချင်တယ်။ နောက်တော့မှ သီးသန့် ရုပ်ရှင်အထူးပွဲ ထပ်ပြပါမယ်။ ဒီကားကို ၂၀၁၇ ခုနှစ်ထဲမှာတော့ ရုံမတင်ဖြစ်နိုင်ဘူး ထင်ပါတယ်။ ၂၀၁၈ ထဲတော့ ရောက်သွားပါလိမ့်မယ်။ အဓိကကလေ ကျွန်တော်က ဒီကားကို လောလောလောလော ပြလိုက်တာထက် ပရိသတ်တွေအကုန်လုံး ဒီကားကို ကြည့်စေချင်တယ်။ အားပေးစေချင်တယ်။ ဒါက ငွေကြေး အကျိုးအမြတ်ကို လုံးဝ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ရင်ထဲက သစ္စာစကားပါ။ ငွေကြေးအကျိုး အမြတ်ဆိုတာထက် မြန်မာနိုင်ငံမှာ မြန်မာလူမျိုး ဒါရိုက်တာတစ်ယောက်က ကိုယ့်မြန်မာအဖွဲ့သားတွေနဲ့ပဲ သိပ္ပံဇာတ်ကား တစ်ကားကို မြန်မာပြည်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ရအောင် ဖန်တီးထားတယ်ဆိုတဲ့ အသိကို နောက်မျိုးဆက်သစ် လူငယ်တွေရဲ့ ခေါင်းထဲကို ထည့်ပေးချင်တယ်။ သူတို့လက်ထဲမှာ ရုပ်ရှင်လောကက တကယ် ပြောင်းသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူတို့လက်ထဲမှာ ရုပ်ရှင်လောကရဲ့ ပုံစံက တကယ် အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ငါတို့လုပ်လို့ ရတယ်ဆိုတဲ့ စိတ်ကို သူတို့ ခေါင်းထဲကို ထည့်ပေးချင်တယ်။ အနန္တရုပ်ရှင်ကို ပရိသတ်တွေ များများ ကြည့်စေချင်တယ်ဆိုတာ အဲ့ဒီရည်ရွယ်ချက်နဲ့ပါ။ 

Voice : ဒီဇာတ်ကား အောင်မြင်သွားရင် မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင် ဇာတ်ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုတဲ့ ဂုဏ်ပုဒ် တပ်ခံရမှာနော်။
NML : ကျွန်တော် အနန္တရုပ်ရှင်ကို စရိုက်ခဲ့တဲ့ ရည်ရွယ်ချက်ထဲမှာ တစ်ချိန်မှာ ဂုဏ်ပြုခံရကောင်းစေ ဆိုတဲ့ အတွေးမျိုးတော့ မပါဘူး။ ဒီလို သိပ္ပံရုပ်ရှင်ကားမျိုး ရိုက်ချင်တယ်။ သူများက လုပ်လို့ ကျွန်တော့်ကို လှမ်းခေါ်ရင်လည်း ကျွန်တော် ဘယ်နေရာကမဆို ပါပေးမှာပါ။ ချာတိတ်တွေ လုပ်လို့ ဘဲကြီး ခင်ဗျား လာကူပေးဗျာဆိုလည်း အဆင်သင့်ပါပဲ။ အဓိကကတော့ မြန်မာပြည်မှာ အနန္တရုပ်ရှင်လို ဇာတ်ကားမျိုး ထွက်စေချင်တယ်။ အမြဲတမ်းကြီး ငိုနေတာ၊ အမြဲတမ်းကြီး ရယ်နေတာထက် ဒီလို ဇာတ်ကားမျိုးတွေလည်း မြန်မာတွေ လက်ထဲမှာ ရှိစေချင်တယ်။ 

သန့်ဇင်ဦး

  • TAGS