News

POST TYPE

ENTERTAINMENT

‘သမ္မတကြီးထံပေးစာ’ ရုပ်ရှင်အတွက် အတွေ့အကြုံရှိတဲ့ သတင်းထောက်တွေဆီက လေ့လာသွားမယ်ဆိုတဲ့ ဖွေးဖွေး
12-May-2017 tagged as သရုပ်ဆောင်

 ရန်ကုန်၊ မေ ၁၁

ဒါရိုက်တာဝိုင်းနဲ့ ယခုနှစ်အတွင်း ရိုက်ကူးမယ့် ‘သမ္မတကြီးထံပေးစာ’ ရုပ်ရှင်ဇာတ်ကားမှာ သတင်းထောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပြီး၊ အတွေ့အကြုံရှိတဲ့ သတင်းထောက်တွေဆီကနေ လေ့လာသွားမှာ ဖြစ်ကြောင်း နာမည်ကျော် သရုပ်ဆောင်ဖွေးဖွေးက The Voice ကို ပြောကြားပါတယ်။

“သမ္မတကြီးထံပေးစာ ရုပ်ရှင်မှာ ဖွေးက သတင်းထောက်တစ်ယောက် အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ကိုယ်မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် ကိုဝိုင်း ညွှန်ကြားတဲ့အတိုင်း ကြိုးစားမယ်။ ဇာတ်ကားမရိုက်ခင်မှာ အတွေ့အကြုံများတဲ့ သတင်းထောက်တွေနဲ့ သွားနေပြီး သူတို့ဆီက လေ့လာမယ်” လို့ ယင်းဇာတ်ကားနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ကျော်ထက်၊ ရတနာဗိုတို့နဲ့ တွဲဖက်သရုပ်ဆောင်နေပြီး၊ ဟာသရုပ်ရှင်ကားတစ်ကားရိုက်ဖို့ အတွက်လည်း ဇာတ်လမ်းလာပေးထားတာကို ဖတ်ရှုနေကြောင်း သရုပ်ဆောင်ဖွေးဖွေးက ပြောကြားပါတယ်။

“ကာဗွန်ဒိုင်အောင်ဆိုဒ်ရုပ်ရှင်မှာ ဖွေးက ကျော်ထက်နဲ့ လက်ထပ်တော့မယ့် မိန်းကလေးတစ်ယောက် နေရာက သရုပ်ဆောင်ရတာပါ။ ဇာတ်လမ်းကတော့ Suspense ပုံစံပါပဲ။ ဒီကားမှာ အလင်းရောင်နဲ့ ကျော်ထက်က ဖွေးထက် ပိုပြီး လုပ်ကွက်များပါတယ်။ ဖွေးရဲ့ ဇာတ်တွေချည်းပဲရိုက်ရင် ပရိသတ်တွေ ရိုးအီသွားမှာစိုးလို့ မင်းသားဇာတ်တွေ ပြန်ရိုက်ပေးတာပါ” လို့ ၎င်းက ဆိုပါတယ်။ 

ပရိသတ်အတွက်ရော၊ ကိုယ့်အတွက်ပါ ကြိုးစားရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ယခုနှစ်အတွင်းမှာ ရုံတင်ပြသသွားဖို့ရှိပြီး၊ စောင့်ကြည့်အားပေးကြစေလိုကြောင်း သရုပ်ဆောင်ဖွေးဖွေးက ပြောကြားပါတယ်။