News

POST TYPE

ENTERTAINMENT

မိုးဟေကိုနဲ့ တွေ့ဆုံခြင်း
11-May-2017 tagged as

နာမည်ကျော် သရုပ်ဆောင် မိုးဟေကိုနဲ့တွေ့ဆုံပြီး ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ ရိုက်ကူးထားပြီး မေလ  ၁၂ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မယ့် “လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်”ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံများ၊ အခက်အခဲများအကြောင်း၊ ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲပါးနေတဲ့ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မိုးထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်” ရုပ်ရှင်ကို ထုတ်လုပ်သူတစ်ယောက် အနေနဲ့ ကျေနပ်အားရမှု ရှိရဲ့လား။
MHK : ဒီကားလေးကို မိုး အားရတယ်။ ကြိုက်တယ်ပေါ့နော်။ ပရိသတ်တွေလည်း ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြောရရင် မိုးက အရင်ကတည်းက ကိုညိုမင်းလွင် ရိုက်တဲ့ ဇာတ်ကားတွေရဲ့ ပရိသတ်ပါ။ ကိုညိုက သရဲကားတွေ ရိုက်ရင် အရမ်း ကောင်းတယ်လေနော်။ မိုးက ထုတ်လုပ်ရေး လုပ်ဖြစ်တဲ့အချိန်မှာ တစ်ကားနဲ့တစ်ကား မတူအောင် ဇာတ်လမ်းလေးတွေ စဉ်းစားပြီး ရိုက်ဖြစ်တယ်။ ရှေ့မှာ ဒါရိုက်တာ ကိုစတီးလ်နဲ့ ရိုက်ခဲ့တဲ့ ခိုးဆိုးလုနှိုက်ဆိုလည်း ပရိသတ်တွေ ကြိုက်ခဲ့ကြတယ်။ နောက်တစ်ကားကို သရဲကား ရိုက်မယ်လို့ စဉ်းစားပြီးတဲ့အချိန်မှာ မိုးတို့ ထုတ်လုပ်ရေးရဲ့ မန်နေဂျာဖြစ်တဲ့ ဦးဆာမိ (ဒါရိုက်တာ စတီးလ်) နဲ့ တိုင်ပင်တယ်။ ကိုညို့ကို ငှားပြီးတော့ ရိုက်မယ်။ ဇာတ်လမ်းတွေ ရွေးပေးကြပါလို့ ပြောတယ်။ မိုးတို့ အားလုံး တိုင်ပင်ပြီးတော့ ရိုက်ဖြစ်သွားတာပါ။

Voice : ဒီဇာတ်ကားမှာ မင်းသားတွေလည်း များတယ်နော်။ သရုပ်ဆောင် အင်အား ကောင်းကောင်း သုံးဖြစ်တာက ကိုယ့်ကားပေါက်ဖို့ ရည်ရွယ်တာလား။
MHK : အဲ့ဒါကတော့ မိုးက ဇာတ်လမ်းတစ်ခုကို ရိုက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် မင်းသမီး တစ်ယောက်ဆိုတဲ့ စိတ်ကိုဖျောက်ပြီး ပရိသတ်တစ်ယောက် အနေနဲ့ ခံစားတယ်။ ကိုယ်ကြည့်ချင်တဲ့၊ ပရိသတ်တွေလည်း ကြည့်ချင်မယ်ထင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း ရအောင် ဖန်တီးပြီးတော့ ဇာတ်အိမ်လေး တည်တာပေါ့နော်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကလည်း ဆန်းတော့ ပရိသတ်တွေ ကြိုက်လိမ့်မယ်လို့ မိုး မျှော်လင့်ထားပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ မင်းသားတွေ အကုန်လုံးကလည်း ပရိသတ် ကြိုက်ပြီးသား၊ နာမည်ကြီးပြီးသား မင်းသားတွေဆိုတော့ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

Voice : မိုးရဲ့ ထုတ်လုပ်ရေးက ရိုက်တဲ့ဇာတ်ကားတွေ ရုံတင်ရင် အောင်မြင်မှုရတာ တွေ့ရတယ်လေ။ ထုတ်လုပ်သူအလုပ်က မိုးနဲ့ အကျိုးပေးတယ်လို့ ပြောရမှာပေါ့။
MHK : မိုးက အစကတည်းက ဒီအနုပညာ အလုပ်ကို ဝါသနာလည်း ပါတယ်။ ထုတ်လုပ်ရေး လုပ်ငန်းကို စီးပွားရေး တစ်ခုအနေနဲ့ ပြောင်းပြီး လုပ်ကြည့်တာပေါ့နော်။ ဒီအပေါ်မှာ အများကြီးလည်း မမျှော်လင့်ထားဘူး။ ကိုယ်ရိုက်ပြတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေ ကြိုက်တယ်ဆိုရင် ကျေနပ်ပြီ။ ကိုယ်က အများကြီး မျှော်လင့်ထားပြီး ဖြစ်မလာဘူးဆိုရင် ကိုယ်ပဲ ခံစားရတယ်။ အများကြီး မမျှော်လင့်ထားပေမယ့် ကိုယ့်ဘက်က အတတ်နိုင်ဆုံး လိုအပ်ချက် နည်းအောင်၊ စေတနာ ထားပြီး လုပ်တယ်။ မိုးတို့ရိုက်တဲ့ ဇာတ်ကားတွေမှာ အသံပိုင်းဆိုင်ရာ၊ စက်မှုပိုင်းဆိုင်ရာတွေမှာ လိုအပ်တာတွေကို ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ အကောင်းဆုံး ဖြည့်ဆည်းပေးတယ်။ ဇာတ်ကားမှာ လိုအပ်တဲ့အပိုင်းတွေကို ဖြည့်စရာရှိတာ ဖြည့်စွက်တယ်။

Voice : ကိုယ်တိုင် ဇာတ်ကားရိုက်တာတွေ ကျဲသွားတယ်နော်။ ပရိသတ်တွေနဲ့ အဆက်ပြတ်မှာကို မစိုးရိမ်ဘူးလား။
MHK : မိုးကို ကားရိုက်ဖို့ လာပြောကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ မိုးက ငြင်းတာ များနေတာပေါ့နော်။ ပရိသတ်တွေလည်း ကိုယ့်ကို အားပေးတယ် ဆိုတာကို သိတဲ့အတွက် သူတို့နဲ့ အဆက် မပြတ်အောင်တော့ ရံဖန်ရံခါတော့ ရိုက်သွားဖို့ ရှိပါတယ်။ မိုးက အရင်ကတည်းက ဇာတ်လမ်း အရမ်းရွေးတယ်။ အရမ်းလည်း ကြေးများတယ်။ ကိုယ်တိုင် ထုတ်လုပ်သူ လုပ်ဖြစ်တော့လည်း ဇာတ်တွေကို သေချာရွေးတယ်။ မိုး ကားရိုက်တွေ ကျဲသွားတာကိုတော့ ပရိသတ်တွေ နားလည်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်။ မိုးကို လာပြောတဲ့ ဇာတ်တွေကို ငြင်းတာ များတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်က တော်တော် ရှားတယ်။ မိုးက ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးတွေကို ပရိသတ်တွေအတွက် ပိုရိုက်ပြချင်တယ်။ လက်ရှိမှာတော့ ကိုယ့်ကို ဆွဲဆောင်နိုင်တဲ့ ဇာတ်တွေ သိပ်မရှိတော့   ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တာပါ။

Voice : ခိုးဆိုးလုနှိုက် ရုပ်ရှင်က အနုပညာအရရော၊ ဝင်ငွေပိုင်းအရပါ အောင်မြင်ခဲ့ပေမယ့် အကယ်ဒမီဆုနဲ့ လွဲခဲ့တဲ့အပေါ်ကိုရော ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
MHK : အဲ့ဒါကတော့ မိုးတို့ ထုတ်လုပ်သူ လုပ်တယ်ဆိုတာ အများကြီး ဝါနုပါသေးတယ်။ အဲ့ဒါကြောင့် အကယ်ဒမီဆုတွေ ရဖို့အထိတော့ မမျှော်လင့်ရဲသေးပါဘူး။ ခိုးဆိုးလူနှိုက် ရုပ်ရှင်က အကယ်ဒမီဆု ရတာ မရတာထက် ပရိသတ်တွေ တစ်ခဲနက် အားပေးခဲ့တာက မိုးတို့အတွက် ဆုလာဘ် အကြီးကြီးတစ်ခုပါပဲ။ ဘုရားပေးတဲ့ဆုပေါ့။ မိုးတို့ ထုတ်လုပ်ရေးက ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဇာတ်ကားတွေကို ရိုက်နေတာပါ။ မိုးတို့ရဲ့ ဇာတ်ကားတွေကို ပရိသတ်တွေ ကျေနပ်တယ်၊ သဘောကျတယ်ဆိုရင်ပဲ ကြိုးစားရကျိုးနပ်ပါပြီ။

Voice : ကိုယ့်ထုတ်လုပ်ရေးက ရိုက်မယ့် ဇာတ်ကားတွေအတွက် ဇာတ်လမ်းကို မိုးကိုယ်တိုင် ရွေးတာလား။ ဒါရိုက်တာတွေ လာပြတဲ့ဇာတ်ကိုပဲ ရိုက်ဖြစ်တာလား။
MHK : ကိုယ်က ဘယ်လို ဇာတ်ကားမျိုး ရိုက်ချင်တယ် ဆိုတာကို မန်နေဂျာကို ပြောတယ်ပေါ့နော်။ သူက ဇာတ်လမ်းတွေ ရှာပေးတယ်။ ဇာတ်တွေကို ကိုယ်ဖတ်ကြည့်တယ်။ ဖတ်တဲ့အခါမှာလည်း သရုပ်ဆောင် မင်းသမီးဆိုတဲ့ စိတ်ကို မေ့ထားပြီးတော့ ပရိသတ်တစ်ယောက် အနေနဲ့ ခံစားပြီး ဖတ်တယ်။ ဒီဇာတ်ကို ပရိသတ် အများစု ကြိုက်နိုင်လား၊ ဆွဲဆောင်မှု ရှိလားဆိုတာကို စဉ်းစားတယ်။ မိုးတို့ ထုတ်လုပ်ရေးက ဇာတ်လမ်းပုံစံ တစ်ခုတည်းကို တစ်သမတ်တည်း မရိုက်ဘူး။ ဟာသ၊ အက်ရှင်၊ ဒရာမာ စသဖြင့် ဇာတ်လမ်းပုံစံတွေ မျှအောင် စဉ်းစားပြီး ရိုက်ဖြစ်တယ်။ ကိုယ်ထုတ်လုပ်ရေး စလုပ်မယ်ဆိုတဲ့ အချိန်ကတည်းက ဘယ်လိုဇာတ်လမ်းတွေ ရိုက်မယ်ဆိုတာ မိုး စဉ်းစားထားပြီးသားပါ။ 

သန့်ဇင်ဦး

  • TAGS