News

POST TYPE

ENTERTAINMENT

မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံခြင်း
10-May-2017 tagged as

မေလ ၁၀ ရက်နေ့မှာ “အန်ကယ်ကတော့ No ပါ ... မအားသေးဘူး”လို့ နာမည်ပေးထားတဲ့ နိဗ္ဗာန်ဆော်ဓမ္မတေး အခွေထွက်ရှိတော့မယ့် မြန်မာပြည်သိန်းတန်နဲ့တွေ့ဆုံပြီး မကြာခင် ရုံတင်ပြသတော့မယ့် “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့အတူ ရှေ့ဆက်သွားမယ့် အနုပညာ လှုပ်ရှားမှုများအကြောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : မကြာခင် ရုံတင်ပြသတော့မယ့် “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားက သရုပ်ဆောင်အနေနဲ့ ပထမဆုံး ရိုက်တဲ့ကားနော်။
MMPTT : ဟုတ်ပါတယ်။ ဒီကားက အန်ကယ်နဲ့ အန်ကယ့်ရဲ့ အချစ်ဆုံး တေးချစ်သူတို့အတွက် ပထမဆုံး ရုပ်ရှင်ကားပါ။ ဒီကားကိုရိုက်ပေးဖို့ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ အန်ကယ်တို့ နှစ်ယောက်ကို လာကမ်းလှမ်းတာပါ။ ဒါရိုက်တာ ကျော်ဇောလင်းကလည်း သေချာ သင်ပြပေးပါတယ်။ ဒါပေမဲ့ အန်ကယ်တို့ အနေနဲ့ကတော့ သရုပ်ဆောင် ပညာရပ်ဆိုတာ အသစ်ဖြစ်နေတော့ ကြိုးစားရတာပေါ့နော်။ အခက်အခဲကတော့ သရုပ်ဆောင်ရတာနဲ့ ဒိုင်ယာလော့ခ် ပြောရတာကို တစ်ထပ်တည်း၊ တစ်ပြိုင်နက်တည်း လုပ်ရတာပါပဲ။

Voice : “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်ကိုလည်း ပြောပြပေးပါဦး။
MMPTT : ဒီကားထဲမှာတော့ အန်ကယ်က အပြင်က ပုံစံအတိုင်းပါပဲ။ ဖက်ရှင်ကို အရမ်းကြိုက်တဲ့ ဂီတပညာရှင် တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာပါ။ ပြီးတော့ အန်ကယ့်ရဲ့ အချစ်ဆုံး တေးချစ်သူဆိုလည်း အပြင်ကအတိုင်း အန်ကယ့်ရဲ့ ကြင်ဖော်ဖက်၊ အန်ကယ့်ကို ဖက်ရှင်တွေ ဖန်တီးပေးတဲ့ နေရာကနေ သရုပ်ဆောင်ထားပါတယ်။ မောင်ဇေရဲထက်ကတော့ အန်ကယ်တို့ရဲ့ သားပေါ့နော်။ သူ့ကို အန်ကယ်တို့က ဖက်ရှင်တွေ ဆင်ပေးပေမယ့် သူရဲ့သူငယ်ချင်းတွေက မကြိုက်ကြဘူး။ အဲဒါကြောင့် ပြဿနာတွေ တက်ကြတာကို ဟာသပုံစံလေးနဲ့ တင်ပြထားတာပါ။

Voice : ဂီတဘက်မှာ အောင်မြင်မှု ရရှိနေသူ တစ်ယောက်က “ဖက်ရှင်”ရုပ်ရှင်ဇာတ်ကားနဲ့ပါ သရုပ်ဆောင်ဘက်ကို ခြေတစ်လှမ်း တိုးနိုင်ပြီလို့ ပြောရင်ရလား။
MMPTT : အဓိက ပရိသတ် ကြိုက်၊ မကြိုက်၊ ပရိသတ် လက်ခံ၊ မခံဆိုတာက သူတို့တွေရဲ့ အာရုံအပေါ်မှာပဲ အဖြေက ရှိပါတယ်။ အန်ကယ်ကတော့ သရုပ်ဆောင်ဘက်မှာလည်း လက်ခံလိမ့်မယ်လို့ မျှော်လင့်တယ်။ လက်ခံမယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ဒီကားကို ရုံတင်ပြသရင်တော့ အန်ကယ်ဘက်က ဘာတွေလိုနေလဲ၊ ဘာတွေလုပ်ဖို့သင့်လဲ စတဲ့ အကြံပြုချက်တွေကို နားစွင့်ရမှာပေါ့နော်။

Voice : “ဖက်ရှင်”နဲ့ “အဆိုတော်တွေ နေတဲ့ရွာ” ရုပ်ရှင်ဇာတ်ကားနှစ်ကား ရိုက်ပြီးပြီဆိုတော့ နောက်ထပ်ရိုက်ဖို့ လက်ခံထားတာ ရှိသေးလား။
MMPTT : လောလောဆယ်မှာ နှစ်ကား လက်ခံထားပါတယ်။ တစ်ကားက ဂီတပညာရှင်တွေ တော်တော်များများ ပါတဲ့ကားပါ။ နောက်ထပ် တစ်ကားကတော့ မြန်မာနိုင်ငံရဲ့ ဟာသပညာရှင်ကြီးတစ်ယောက်နဲ့ အပြိုင်သရုပ်ဆောင်ရမယ့်ကားပေါ့နော်။

Voice : အမေရိကားကိုလည်း ဇူလိုင်လမှာ ခဏပြန်ဦးမှာဆိုတော့ မသွားခင် ရိုက်သွားမှာလား။
MMPTT : တစ်ကားကိုတော့ မသွားခင် ရိုက်သွားမယ်။ နောက်တစ်ကားကိုတော့ ပြန်လာမှ ရိုက်မယ်လို့ ပြောထားပြီးပါပြီ။

Voice : အသက်ကြီးလာလေလေ ပိုပြီးအောင်မြင်လာလေလေဆိုပြီး ပရိသတ် တချို့က မှတ်ချက်ပေးကြတာ တွေ့ရတယ်။
MMPTT : အန်ကယ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဒီအသက်အရွယ်ကျမှ ဘာလို့ပိုပြီးအောင်မြင်လာလဲ ဆိုတာကို သုံးသပ်တာပဲ။ တကယ့်တကယ် စဉ်းစားကြည့်မိတော့ အန်ကယ်တော်လို့ မဟုတ်ဘူး။ အန်ကယ်တို့ အနုပညာသမား ဆိုတာက အနေအထိုင်၊ အသွားအလာ၊ အသုံးအစွဲ မှန်ဖို့လိုတယ်။ ပြီးတော့ အနုပညာ သီလရှိဖို့လိုသလို မှီခိုအားထားရာ ရှိဖို့လည်း လိုတယ်။ အန်ကယ်ပြောတဲ့ မှီခိုအားထားရာ ဆိုတာက တရားဓမ္မကို ပြောတာပါ။ အဲဒါကြောင့် အနုပညာသမားတိုင်းက တရားကို နှလုံးသွင်းပြီးတော့ နေကြဖို့လိုတယ်။ အဲဒီတော့မှ ကိုယ့်ရဲ့ ကိုယ်စောင့်နတ်တွေ၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေက ချစ်တော့မှာပေါ့နော်။ အဓိကက အဲဒါပါပဲ။ သူတို့ ချစ်ခင်နှစ်သက်တဲ့ ဘယ်လူသားမဆို အဆင်ပြေမှာပါ။ သူတို့ မကြိုက်တာ လုပ်တဲ့လူကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြီးတော့ အန်ကယ်က အနုပညာ လောကမှာ စံပြဖြစ်ချင်တယ်။ နောင်လာနောင်သားတွေအတွက် စံနမူနာအဖြစ် နေသွားချင်တယ်။ 

Voice : မေလ ၁၀ ရက်နေ့ (ကဆုန်လပြည့်နေ့) မှာထွက်မယ့် “အန်ကယ်ကတော့ No ပါ ... မအားသေးဘူး” နိဗ္ဗာန်ဆော် ဓမ္မတေးအခွေကို စီစဉ်ဖြစ်ပုံလေးက ထူးခြားနေမလား။
MMPTT : ဒီဓမ္မတေးသီချင်းတွေကို အန်ကယ်က အမေရိကားမှာ နေကတည်းက စရေးနေတာပါ။ အဲဒီ့အချိန် အန်ကယ် အာရုံထဲမှာ တီးဖော်တီးဖက် သူငယ်ချင်းတွေ အကြောင်းက အရင်ဆုံး ရောက်လာတယ်။ သူတို့ကို ကြည့်လိုက်တဲ့အခါမှာ စားဝတ်နေရေးအတွက် လှုပ်ရှားသွားရင်းနဲ့ကို ပျော်နေကြတယ်။ အန်ကယ်လည်း သူတို့လို ပျော်ခဲ့တာပါပဲ။ ဒါပေမဲ့ တစ်ချိန်တစ်ခါမှာ အသိလေး ဝင်လာပြီး ဒါက ဘယ်လိုမှားတယ်၊ ကောင်းတာကို ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့အတွေးမျိုး ဝင်လာရင်တော့ ချက်ချင်း ပြင်ရမယ်လေ။ အဲဒါလေးကိုလည်း အန်ကယ်က အာရုံရတယ်။ ပြီးတော့ စတူဒီယို လောကကြီးကို ကိုယ်စားပြုပြီးတော့ လုပ်ဆောင်ရတာက ရှားရှားပါးပါး မွန်မြတ်တဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့အတွက် ဒီအခွေကို လုပ်ဖြစ်တာပါ။

Voice : အခွေမှာ သီဆိုထားတဲ့ သီချင်းပုံစံတွေကိုလည်း သိချင်ပါတယ်။
MMPTT : အန်ကယ်ကတော့ သီချင်းဆယ်ပုဒ်စလုံးကို လူငယ်၊ လူလတ်၊ လူကြီးမရွေး နားထောင်လိုက်တာနဲ့ နားထဲမှာ တန်းပြီးဝင်နိုင်မယ့် သံစဉ်မျိုးကို ရွေးထားပါတယ်။ တကယ်လို့ စာသားကို အာရုံ မရောက်ရင်တောင်မှ သံစဉ်ကို စိတ်ဝင်စားပြီး နားထောင်လာမယ်။ အဲဒီလို နားထောင်လာရင်းနဲ့မှ စာသားကို သတိထားမိပြီး ကိုယ်မသိတာတွေ ပါလာရင် သိအောင် လုပ်လာလိမ့်မယ်။ ပြီးတော့ နားထောင်တဲ့သူဟာ တရားဓမ္မအပေါ်မှာ စိတ်ဝင်စားလာမယ်ဆိုရင် ဒါဟာ အန်ကယ်ရဲ့ ကုသိုလ်ပေါ့နော်။

ဝင်းထွန်းနိုင်

  • TAGS