News

POST TYPE

ENTERTAINMENT

ဟိန်းဝေယံနဲ့ တွေ့ဆုံခြင်း
09-May-2017 tagged as

သရုပ်ဆောင် ဟိန်းဝေယံနဲ့ တွေ့ဆုံပြီး မကြာသေးခင်က ကိုယ်တိုင်ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ မာယာကကြိုး ရုပ်ရှင်အကြောင်း၊ ဒါရိုက်တာအဖြစ် ရိုက်ကူးရာမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံများ၊ အခက်အခဲများအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သရုပ်ဆောင်အဖြစ် ဖြတ်သန်းနေရာကနေ မာယာကကြိုး ရုပ်ရှင်ကို ဘယ်လိုကြောင့် ဒါရိုက်တာလုပ်ပြီး ရိုက်ဖြစ်သွားတာလဲ။
HWY : ဒီကားကို ဒါရိုက်တာအနေနဲ့ ရိုက်ဖြစ်သွားတဲ့ အဓိက အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် စဉ်းစားထားတဲ့ ကျွန်တော့်ကိုယ်ပိုင် ဇာတ်လမ်းလေး ဖြစ်လို့ပါ။ ဒီဇာတ်လမ်းလေးကိုလည်း ကျွန်တော် အရမ်း သဘောကျတယ်။ ကိုယ်ရေးထားတဲ့ ဇာတ်လမ်းလေးကို ကိုယ့်စိတ်ကြိုက် ရိုက်ကူးပုံဖော်ချင်တယ်။ အဲ့ဒါကြောင့် ဒါရိုက်တာအနေနဲ့ ရိုက်ကူးဖို့အတွက် စဉ်းစားဆုံး ဖြတ်ခဲ့တာပါ။

Voice : ဒီဇာတ်လမ်းကို ကိုယ်တိုင် ရေးထားတာရော ဘယ်လောက်လောက် ကြာပြီလဲ။ နောက်ထပ် ရေးထားတဲ့ ဇာတ်လမ်းတွေရော ရှိသေးလား။
HWY : ဒီဇာတ်လမ်းလေးကို ကျွန်တော် ရေးထားတာတော့ လေးလဝန်းကျင်လောက် ရှိပါပြီ။ အရင်တုန်းကတော့ ရေးဖို့ စိတ်ကူးထဲမှာ စဉ်းစားထားတဲ့ ဇာတ်လမ်းတွေတော့ ရှိတယ်။ ဒါကတော့ ကျွန်တော် ပထမဦးဆုံး စပြီး အကောင်အထည်ဖော်ဖြစ်တဲ့ ဇာတ်လမ်းပေါ့။ နောက်ထပ် ရေးဖို့ စဉ်းစားထားတာတွေလည်း ရှိပါတယ်။ အခု ရိုက်ခဲ့တဲ့ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းလေးကိုလည်း ကျွန်တော် တော်တော် သဘောကျပါတယ်။

Voice : ဒီဇာတ်ကားမှာ ဖြတ်ဖောက်ချုပ် လုပ်ထားတဲ့ ဇာတ်ကောင်နေရာအတွက် ဇေရဲထက်ကို ရွေးဖြစ်တာကရော ဘာကြောင့်လဲ။
HWY : ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးက ထူးခြားပါတယ်။ ကျွန်တော် ရိုက်ဖူးနေကျ ဇာတ်လမ်း ပုံစံမျိုးလည်း မဟုတ်ဘူး။ ဇာတ်လမ်းအခြေခံ သဘောတရားကတော့ Romance ပါပဲ။ ဒါပေမဲ့ ပရိသတ်တွေ မကြည့်ဖူးသေးတဲ့ ပုံစံမျိုးလေး ဖြစ်မှာပါ။ ဇာတ်လမ်းကပေးချင်တဲ့ Message ကတော့ ဘယ်ကိစ္စမဆို အငြိုးထားပြီးတော့ ကလဲ့စားချေတာမျိုး၊ လက်တုံ့ပြန်တာမျိုးတွေက မကောင်းဘူး၊ မဖြစ်သင့်ဘူး ဆိုတာမျိုးလေးကို ရိုက်ပြထားတာပါ။ ဒီကားမှာ ဇေရဲထက်ကို ထည့်ရိုက်ဖြစ်တာကတော့ သူနဲ့လိုက်ဖက်တဲ့ ကာရိုက်တာ ဖြစ်မယ်ထင်လို့ပါ။

Voice : မင်းသားနှစ်ယောက် အပြိုင်ဆိုတော့ ဘယ်သူက ပိုပြီး လုပ်ကွက်ရလဲ။
HWY : ဇာတ်လမ်းအရတော့ မင်းသား နှစ်ယောက်လုံးအတွက် လုပ်ကွက် ကိုယ်စီ ရှိပါတယ်။ ဒီဇာတ်လမ်းကို ဇေရဲထက်ကို ပြကြည့်တော့ သူလည်း အရမ်း သဘောကျပါတယ်။ ဒီကားလေးကို သူကိုယ်တိုင်လည်း စိတ်ဝင်စားပြီး ရိုက်ကြည့်ချင်တဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားထဲမှာ မင်းသားတစ်ယောက်က ဖြတ်ဖောက်ချုပ် လုပ်ထားတဲ့ ကာရိုက်တာပေါ့။ ဒီဇာတ်ကောင်နေရာအတွက် စိတ်ကူးထဲမှာ စဉ်းစားလိုက်တဲ့အချိန်မှာ ဇေရဲထက်နဲ့ တော်တော် လိုက်နေတယ်။ ဒီကားမှာ ကျွန်တော်တို့ နှစ်ယောက် သရုပ်ဆောင်ရမယ့် ဇာတ်ကောင် စရိုက်တွေက မတူကြဘူးလေ။ အဲ့ဒီတော့ ကိုယ့်လုပ်ကွက်နဲ့ ကိုယ်ပါပဲ။ 

Voice : အရင်ကတော့ ကိုယ်က ဒါရိုက်တာ ညွှန်ကြားတာကို လုပ်ပေးရတယ်။ ဇာတ်ကားတစ်ကားကို ကိုယ်တိုင် ဦးဆောင်ပြီး ရိုက်ကြည့်တော့ ဘယ်လို အတွေ့အကြုံသစ်တွေရလဲ။
HWY : အမှန်အတိုင်း ပြောရရင် ကိုယ်က ဇာတ်ကားတစ်ကားလုံးကို ဦးဆောင်ရတဲ့အတွက် သရုပ်ဆောင် ဘဝတုန်းကထက်တော့ တာဝန် ပိုရှိသွားပါတယ်။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်လုပ်နေကျ အလုပ်တစ်ခုဆိုတော့ ဘာမှ သိပ်ပြီးတော့ စိတ်လှုပ်ရှားတာမျိုး မရှိဘူး။ အေးဆေးပဲ။ ဒါရိုက်တာတစ်ယောက် အနေနဲ့ကျတော့ ဇာတ်ကားတစ်ကားလုံး ကောင်းဖို့က ကျွန်တော့်မှာ တာဝန် ပိုရှိလာပြီ။ တာဝန်လည်း ကြီးသွားပြီ။ တစ်ကားလုံးကို ကိုယ်က ဦးဆောင်ပြီး ရိုက်ခဲ့ရတဲ့အတွက် တော်တော်လေးလည်း စိတ်လှုပ်ရှားခဲ့ပါတယ်။

Voice : ဒါရိုက်တာတစ်ယောက် သိသင့်သိအပ်တဲ့ ပညာရပ်တွေကိုရော ဘယ်လောက်အထိ လေ့လာခဲ့ဖူးလဲ။
HWY : အဲ့ဒါကတော့ ကျွန်တော်ဇာတ်ကားတွေရိုက်ရင် ရှုတင်မှာ ဒါရိုက်တာတွေ ဘယ်လိုရိုက်ကြလဲ ဆိုတာကို အမြဲတမ်း လေ့လာဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်ချင်းစီမှာလည်း သူ့အရည်အချင်းနဲ့ သူရှိကြတာဆိုတော့ ကိုယ်က ရိုက်ရင်းနဲ့ လေ့လာမှတ်သားမိခဲ့တာတွေလည်း ရှိပါတယ်။ ကိုယ်လည်း သရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေ အများကြီး ရိုက်ခဲ့တော့ ဒါရိုက်တာတစ်ယောက်က ဘယ်လို စီစဉ် ညွှန်ကြား ရိုက်ကူးရလဲဆိုတာကို တွေ့နေမြင်နေခဲ့တာပေါ့နော်။ 

Voice : ကိုယ့်အနုပညာ သက်တမ်းအရဆိုရင်ရော ဒါရိုက်တာ လုပ်သင့်ပြီလို့ ထင်လား။ ဒါရိုက်တာ တစ်ယောက်ဖြစ်ဖို့ အနုပညာ ဝမ်းစာတွေ ပြည့်ပြီလို့ ထင်လား။
HWY : မာယာကကြိုး ရုပ်ရှင်ဇာတ်ကားမှာဆို အန်တီ မေသန်းနုတို့၊ အန်တီ မေသဉ္ဇာဦးတို့လို ကျွန်တော့်ထက် ဝါရင့်တဲ့ အနုပညာရှင်တွေပါပါတယ်။ ကျွန်တော့်ထက် ငယ်တာဆိုလို့ ဇေရဲထက်တို့၊ ရတနာဗိုတို့လောက်ပဲ ပါတယ်။ ကျန်တဲ့လူတွေက ကျွန်တော့်ထက် ဝါရင့်တဲ့သူတွေချည်းပဲဆိုတော့ ဒါရိုက်တာ လုပ်ပြီး ရိုက်ရတဲ့အပေါ်မှာ စိတ်လှုပ်ရှားခဲ့တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီကားကို ပြီးပြီးရောတော့ ကျွန်တော် မရိုက်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုက်ခဲ့တာပါ။ 

Voice : နောက်ပိုင်းမှာရော ဒါရိုက်တာ အနေနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာလား။
HWY : အဲ့ဒါကတော့ ကျွန်တော်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကိုတော့ ဦးစားပေးပြီး လုပ်သွားမှာပါ။ ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုး၊ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေ ရှိလာခဲ့ရင်တော့ ဒါရိုက်တာအနေနဲ့ ရိုက်ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ တောက်လျှောက်ကြီး ရပ်တည်သွားမှာတော့ မဟုတ်ပါဘူး။

သန့်ဇင်ဦး

  • TAGS