News

POST TYPE

ENTERTAINMENT

X Box နဲ့ တွေ့ဆုံခြင်း
08-May-2017 tagged as

သရုပ်ဆောင် အလုပ်ကို ဝါသနာ ပါလာပြီဆိုတဲ့ လူငယ်ကြိုက် တေးသံရှင် X Box နဲ့ တွေ့ဆုံပြီး မေလ ၂၀ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် “ကိုးပေါက်” MTV အကြောင်း၊ Promotion ပွဲများအကြောင်း၊ လတ်တလော အချစ်အကြောင်းနဲ့အတူ ရှေ့ဆက် ဖန်တီးသွားမယ့် အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “ကိုးပေါက်” MTV Promotion ပွဲကို ရန်ကုန်နဲ့ မန္တလေးအပြင် စင်ကာပူနိုင်ငံမှာပါ လုပ်ဖြစ်တာက ဘာကြောင့်လဲ။
XB : စင်ကာပူမှာ လုပ်ဖြစ်တာကတော့ ကျွန်တော် ဖြစ်ချင်တဲ့ဆန္ဒကို ပရိုဂျူဆာတွေနဲ့ တိုင်ပင်ပြီး အကောင်အထည် ဖော်လိုက်တာပါ။ ကျွန်တော်က မြန်မာနိုင်ငံကနေ ကျောင်းသွားတက်တဲ့လူတွေ၊ အလုပ် သွားလုပ်တဲ့လူတွေကို အခွေအမှန်လေးလည်းပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေချင်တယ်။ ပြီးတော့ ကျွန်တော့်အတွက် အတွေ့အကြုံသစ်လည်း ရချင်တာနဲ့ လုပ်ဖြစ်သွားတာပါ။ ပွဲဆိုပေမယ့်လည်း ပွဲအကြီးကြီးတော့ မဟုတ်ပါဘူး။ စင်ကာပူက စားသောက်ဆိုင်တစ်ခုမှာ လူငယ် ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ထိုးမယ်၊ ဓာတ်ပုံရိုက်မယ်၊ သီချင်းတွေနဲ့ ဖျော်ဖြေမယ်။ ဒီလောက်ပါပဲ။ ကျွန်တော့် Promotion ပွဲလုပ်တဲ့ နေရာတိုင်းမှာ ပရိသတ်တွေနဲ့ ကိတ် မုန့်ခွဲပါ့မယ်။ ပြီးတော့ Promotion ပွဲတိုင်းမှာ ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါဦးမယ်။ 

Voice : MTV ကို ဘယ်လိုပုံစံလေးတွေ ရိုက်ထားလဲ။
XB : MTV ကို သရုပ်ဆောင် အကြိုက်နဲ့ ကျွန်တော့်အကြိုက်ကို မျှပြီး ရိုက်ထားပါတယ်။ ဒါပေမဲ့ ပရိသတ် အမြင်ရိုင်းစေမယ့် ပုံစံတွေ မပါပါဘူး။ MTV မှာ လူငယ်ကြိုက်တွေ ပိုများပေမယ့် လူကြီးတွေလည်း ကြည့်လို့ရအောင် ရိုက်ထားပါတယ်။ ပြီးတော့ ကျွန်တော့် Music နဲ့ ရင်ဘတ်ချင်း မတိုက်ဆိုင်တဲ့ ပရိသတ်တွေလည်း ကြည့်လို့ရအောင် ရိုက်ကူးထားတယ်။ Audio မှာတုန်းက အချစ်သီချင်း နည်းတဲ့အတွက် “လမ်းခွဲခဲ့”ဆိုတဲ့ အချစ်သီချင်း တစ်ပုဒ်ကို ထပ်ရိုက်ပြီး ထည့်ပေးထားပါတယ်။ ကျန်တဲ့သီချင်းတွေကတော့ အရင်အတိုင်းပါပဲ။

Voice : မင်းသားအနေနဲ့ ဘယ်နှပုဒ် ပါဝင်သရုပ်ဆောင်ထားလဲ။
XB : သီချင်း တော်တော်များများပါပဲ။ အဓိကကတော့ ကျွန်တော့်ရုပ်ကို ပရိသတ်တွေ မြင်ဖူးအောင်လို့ ရိုက်ထားတာပါ။ အရင်ကတော့ သရုပ်ဆောင် အလုပ်ကို ဝါသနာ မပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သရုပ်ဆောင် အလုပ်ကို နောက်ပိုင်းမှာ ဝါသနာ ပါလာတယ်။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖြစ်မလဲ ဆိုတာကတော့ မပြောတတ်သေးပါဘူး။

Voice : လက်ရှိအချစ်ရေး အခြေအနေကိုလည်း သိပါရစေ၊ X Box က အချစ်နဲ့ ပတ်သက်လာရင် ကံကောင်းတတ်လား၊ ကံဆိုးတတ်လား။
XB : အချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ။ ကျွန်တော့်ကိုလည်း ဘယ်သူမှ မကြိုက်သလို ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ မကြိုက်ပါဘူး။ ပြီးတော့ အချစ်နဲ့ ပတ်သက်လာရင် အရင်ကတော့ ကံကောင်းပါတယ်။ လက်ရှိမှာတော့ ကံကောင်းလား၊ မကောင်းလားတော့ မသိဘူး။ အဲဒါက ရည်းစားထားကြည့်မှပဲ သိမှာပေါ့နော်။

Voice : အချစ်ကိုတော့ စိတ်မကုန်ဘူးမလား။
XB : မကုန်ပါဘူး။ အချိန်တန်ရင်တော့လည်း မိန်းမယူမယ်။ ပြီးရင် မိန်းမကို ကလေးမွေးခိုင်းပြီး ဘဝမှာ ပျော်ပျော်ကြီးတော့ နေဦးမှာပါ။ လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့က အဝေးကြီး လိုပါသေးတယ်။ စိတ်ကိုမဝင်စားသေးပါဘူး။

Voice : ၂၀၁၇ ထဲမှာ တခြား အနုပညာလှုပ်ရှားမှုတွေ ထပ်ထွက်လာဖို့ ရှိသေးလား။
XB : “ကိုးပေါက်” MTV ထွက်ပြီးလို့ လအနည်းငယ်လောက်နေရင် ကျွန်တော့်ရဲ့ ဒုတိယအခွေ ထပ်ထွက်လာမှာပါ။ အခွေက တော်တော်များများ ပြီးနေပါပြီ။ သီချင်းပုံစံတွေကတော့ “ကိုးပေါက်”နဲ့ နည်းနည်းလေးတော့ ကွာသွားပါလိမ့်မယ်။ 

Voice : နောက်ဆုံးအနေနဲ့ Promotion ပွဲလုပ်မယ့် နေရာတွေကို ပြောပြပေးပါဦး။
XB : Promotion ပွဲတွေကိုတော့ အခွေထွက်မယ့် မေလ ၂၀ ရက်နေ့၊ Junction Square (ရန်ကုန်) မှာ ညနေ ၅ နာရီကနေ ည ၉ နာရီအထိ၊ မေလ ၂၁ ရက်နေ့၊  Mingalar Mandalay မှာ ညနေ ၅ နာရီကနေ ည ၉ နာရီအထိကို အနုပညာ ညီအစ်ကိုတွေနဲ့အတူ သီချင်းတွေကို အားပါးတရ ဖျော်ဖြေသွားမယ်။ မေလ ၂၇ ရက်နေ့မှာတော့ စင်ကာပူနိုင်ငံက Peninsula Plaza (Mya Nandar Restaurant) မှာ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိကို ထူးခြားတဲ့ အစီအစဉ်တွေနဲ့ ပရိသတ်ကို တင်ဆက်သွားမှာပါ။

သန့်ဇင်ဦး

  • TAGS