News

POST TYPE

ENTERTAINMENT

ကျော်ကျော်နဲ့ တွေ့ဆုံခြင်း
07-May-2017 tagged as

သရုပ်ဆောင် ကျော်ကျော်နဲ့ တွေ့ဆုံပြီး လက်ရှိ ရုံတင်ပြသနေတဲ့ အရွယ် သုံးပါးချစ်တတ်သည် ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ ခေါင်းဆောင်မင်းသား နေရာကနေ ရိုက်ခွင့်ရအောင် ကြိုးစားဖို့ ရှိ မရှိနဲ့ ဗီလိန် ဇာတ်ရုပ်တွေ ရိုက်ဖြစ်တဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 
Voice : လက်ရှိ ရုံတင်ပြသနေတဲ့ အရွယ်သုံးပါး ချစ်တတ်သည် ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ဖြစ်ပုံကို ပြောပြပေးပါဦး။
KK : ဒီကားမှာ ပါဝင်ဖို့ ဒါရိုက်တာ ဦးမျိုးမင်းနဲ့ ကိုပြေတီဦးတို့က ကမ်းလှမ်းတာပါ။ ကိုရန်လေးနဲ့ မမို့ရဲ့ သားနေရာက သရုပ်ဆောင်ရမယ်တဲ့။ စပြီး ရိုက်ကတည်းက ကျွန်တော် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နာမည်ကို ကျော်ကျော်လို့ပဲ ပေးမယ်လို့ ဦးမျိုးက ပြောတယ်။ သူက ဇာတ်ကားမှာ အမွှေစိန်နေရာလို့ ပြောကတည်းက သရုပ်ဆောင်ဖို့အတွက် စိန်ခေါ်မှုတော့ ရှိမယ်လို့ တွေးမိခဲ့တယ်။ အကယ်ဒမီများရှင်တွေကြားထဲမှာ သရုပ်ဆောင် ရတာဆိုတော့ တော်တော်လေး ကြိုးစားခဲ့ရတယ်။ ကျွန်တော် လုပ်နိုင်တာထက် ပိုလုပ်နိုင်အောင် ဦးမျိုးနဲ့ စီနီယာ သရုပ်ဆောင်ကြီးတွေက လက်တွဲခေါ်ခဲ့ကြတယ်။ ဇာတ်ကားကို ပြန်ကြည့်ရတဲ့အချိန်မှာ ကျွန်တော့် သရုပ်ဆောင်မှုကိုလည်း ကျေနပ်မိပါတယ်။

Voice : ဝါရင့် သရုပ်ဆောင်တွေကြားထဲမှာ ကိုယ်မကျန်ခဲ့အောင်ကျတော့ ဘယ်လိုကြိုးစားခဲ့ရလဲ။
KK : ဒါကတော့ ကျွန်တော်တို့က ရိုက်တဲ့အချိန်မှာ အာရုံ စိုက်ထားရတာပေါ့နော်။ ကိုယ်ဘာလုပ်မလဲ ဆိုပြီးတော့ ဒီဇာတ်အကြောင်းပဲ တွေးနေရတာပေါ့။ ဘယ်စကားလုံးမှာ ငါဘယ်လို အက်တင် လုပ်လိုက်မလဲဆိုတာကို အများကြီး တွေးနေရတာပေါ့။ အဓိက ကတော့ အာရုံ စူးစိုက်မှုကို အမြဲတမ်း ထားတာရတာပေါ့။ ကိုယ် မလုပ်နိုင်တဲ့ဟာမျိုးတွေရှိရင်တော့ ဦးမျိုးကို မေးရတာပေါ့။ နောက်ပြီး မေမွှေး (မို့မို့မြင့်အောင်)တို့၊ ကိုရန်လေးတို့ကလည်း အများကြီး သင်ကြားပေးပါတယ်။ ဘာလေးကတော့ လိုနေတယ်၊ ဘယ်နေရာလေးကတော့ ပိုသွားတယ် ဆိုတာကို ပြောပြပေးပါတယ်။ သူတို့ဆီကနေ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အများကြီး လေ့လာခွင့် ရခဲ့တယ်။ ဇာတ်ကားကောင်း တစ်ကားမှာလည်း ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။

Voice : ဒီဇာတ်ကားကို ကိုယ်တိုင် ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်မယ် ဆိုရင်ရော ဘယ်လိုခံစားရလဲ။
KK : ပရိသတ်တစ်ယောက် နေရာကနေ ခံစားပြီးပြောရရင်တော့ ဒီလိုဇာတ်ကားမျိုးကို ရုပ်ရှင်ရုံမှာ မကြည့်ရတာ တော်တော်ကို ကြာနေပါပြီ။ ဟာသကားတွေ ရိုက်ကြတာရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ရိုက်ထားတဲ့ ဟာသကားတွေတောင်မှ ကလိထိုးပြီး ရယ်ရအောင် လုပ်ထားတယ်။ ဒီလိုကားမျိုးကို ကျွန်တော်တို့ မကြည့်ရတာ တော်တော်ကြာပြီ။ အခုလို ပြန်ကြည့်ရတဲ့အချိန်မှာ ငယ်ဘဝတုန်းက ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေကိုတောင် ပြန်ပြီး အမှတ်ရစေတယ်။ ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲဆိုတဲ့ ဇာတ်ကားကိုတောင် ပြန်ပြီး အမှတ်ရစေတယ်။ မိသားစု ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ပရိသတ်တွေ အားလုံး ခံစားလို့ ရကြမှာပါ။

Voice : ကိုယ့်ရဲ့ ပရိသတ်တွေအတွက် ခေါင်းဆောင်နေရာကနေ ရိုက်ခွင့်ရဖို့ မကြိုးစားတော့ဘူးလား။ 
KK : အဲ့ဒါကတော့ ကျွန်တော့်မှာ ခံယူချက်တစ်ခု ရှိပါတယ်။ ကျွန်တော် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင်ပဲ အမြဲတမ်း ကြိုးစားမှာပါ။ ကိုယ့်ဘက်က ကြိုးစားနေရင် အခွင့်အရေး ဆိုတာတော့ ရလာမှာပါပဲ။ ကျွန်တော်က အခွင့်အရေးကို စောင့်ပြီးတော့ ဒါတွေကို လုပ်နေတာတော့ မဟုတ်ဘူး။ ကျွန်တော်က အနုပညာကို ချစ်တဲ့စိတ်နဲ့ လုပ်တယ်။ အချိန်တန်ရင် ကိုယ်နဲ့ သင့်တော်တဲ့ အခွင့်အရေးတစ်ခုတော့ ရလာမှာပါပဲ။ ဒီကားဆိုလည်း ကျွန်တော့်အတွက် ဇာတ်ပို့နေရာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီလို ဝါရင့် သရုပ်ဆောင်တွေနဲ့ တွဲရိုက်ခွင့် ရတဲ့အတွက်တော့ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီး ရပါတယ်။

Voice : အခုနောက်ပိုင်းမှာ ဗီလိန်ဆန်ဆန် ဇာတ်ရုပ်တွေ အရိုက် များလာတာလည်း တွေ့ရတယ်နော်။ ဘယ်လိုစိတ်နဲ့ ရိုက်ဖြစ်တာလဲ။
KK : အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ ကျွန်တော့်ကို ကိုပြေတီဦး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ညီလေးတဲ့ ဘယ်ကာရိုက်တာပဲဖြစ်ဖြစ် ကိုယ့်ကို ပရိသတ် မုန်းမှာ မကြောက်နဲ့တဲ့။ ကိုယ်သရုပ်ဆောင် မပီပြင်မှပဲ ပရိသတ်က မုန်းမှာတဲ့။ လူဆိုးပဲဖြစ်ဖြစ်၊ လူသတ်ကောင်ပဲဖြစ်ဖြစ်၊ ကျောင်းဆရာပဲဖြစ်ဖြစ်၊ မင်းသရုပ်ဆောင်တာ မပီပြင်သရွေ့ မင်းကို မုန်းနေမှာပဲတဲ့။ မင်း လူလိမ္မာ ကာရိုက်တာမှာ မပီပြင်ရင် ပရိသတ်က မင်းကို မချစ်ဘူး၊ မုန်းမှာပဲတဲ့။ သရုပ်ဆောင်တစ်ယောက်က ပီပြင်အောင်လုပ်ဖို့ လိုတယ်တဲ့။ ကျွန်တော် မလုပ်ဖူးတဲ့ ဇာတ်ရုပ်တွေ အများကြီး ရှိတယ်။ အဲ့ဒါကို ကျွန်တော် ပီပြင်အောင်လို့ ကြိုးစားကြည့်တယ်။ ဗီလိန် ဇာတ်ရုပ်တွေ ရိုက်ပေမယ့်လည်း ပရိသတ်က အားပေးတဲ့အတွက် ကျွန်တော် ကျေနပ်တယ်။ အဲ့ဒီလို အသိပညာဉာဏ် အလင်းဖွင့်ပေးတဲ့ ကိုပြေတီဦးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခုချိန်မှာ ဘယ်လိုကာရိုက်တာပဲလာလာ ဆေးစက်ကျရာ အရုပ်ထင်မယ်ဆိုတဲ့ စိတ်နဲ့ ရိုက်ဖြစ်နေတာပါ။

Voice : တချို့ဆို အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဇာတ်ရုပ်တို့၊ မုဒိမ်းကောင် ဇာတ်ရုပ်တို့ဆို မရိုက်ချင်ဘူးဆိုပြီး ရှောင်ကြတာမျိုး ရှိတယ်။ ကိုယ်လုံးဝမရိုက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဇာတ်ရုပ်မျိုးရော ရှိလား။
KK : ကျွန်တော် အမှန်အတိုင်း ပြောရရင် ဒီနေရာကတော့ ကျော်ကျော်နဲ့ လိုက်တယ်၊ ကျော်ကျော်မှ ဖြစ်မယ်ဆိုပြီး ကမ်းလှမ်းလာတာမျိုးပဲ ရှိပါတယ်။ ကျွန်တော်နဲ့ ဘယ်လို ဇာတ်ရုပ်လိုက်ဖက်လဲဆိုတာကို ဒီအနုပညာ လောကက လူတွေက ပိုသိပါတယ်။ အဲ့ဒါကြောင့် ငြင်းရတဲ့ ဇာတ်ရုပ်မျိုးတော့ မရှိသေးပါဘူး။ ကျွန်တော်က ခပ်ဆိုးဆိုး ကာရိုက်တာတွေ ရိုက်တယ်ဆိုပေမယ့် အရမ်း လွန်ကျူးတဲ့ ကာရိုက်တာမျိုးကတော့ ကျွန်တော်နဲ့ မလိုက်ဖက်ဘူးဆိုတာ သိကြပါတယ်။ အဲ့ဒီလို ကာရိုက်တာမျိုးတွေကို ကျွန်တော့်ကို ကမ်းလှမ်းဖူးတာ မရှိသလို၊ ကျွန်တော့်ဘက်ကလည်း တစ်ခါမှ ငြင်းပယ်ရတာမျိုး မရှိသေးပါဘူး။ ကျွန်တော် လုပ်နိုင်မယ်ထင်တဲ့ ကာရိုက်တာမျိုးတွေပဲ လာပြီး ကမ်းလှမ်းကြတာ များပါတယ်။

သန့်ဇင်ဦး

  • TAGS