News

POST TYPE

ENTERTAINMENT

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
06-May-2017 tagged as

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားရဲ့အဆက်ကို ပြန်လည်ရိုက်ကူးမှု၊ ဇာတ်ကားလက်ခံဖြစ်ပုံ၊ ဇာတ်ကားတွေ အချိန်တိုတိုနဲ့ ရိုက်ကူးနေမှုနဲ့ ရုပ်ရှင်လောကမှာ လှုပ်ခတ်နေတဲ့ ဆင်ဆာကိစ္စရပ်အပေါ် အမြင်တွေကို The Voice က သရုပ်ဆောင် ပြေတီဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

Voice : ရှေ့မှာရိုက်ခဲ့တဲ့ ယောက္ခမ ဆိုတာ တစ်ခါတုန်းက သမက်ပါပဲဆိုတဲ့ ဇာတ်ကားက အောင်မြင်ခဲ့တာဆိုတော့ အဲဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ ဒီကားက ရှေ့ကားကို မမီမှာစိုးတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့လား။ 
PTO : ရှိပါတယ်။ ကျွန်တော်တို့က အရင်ကရိုက်ခဲ့တဲ့ ကားအဟောင်းကို ပြန်ရိုက်တာ မဟုတ်ဘူး။ ဇာတ်လမ်း အစ အဆုံး အကုန်အသစ်။ ဒါပေမဲ့ ဒီနာမည်လေးကိုပဲ ဦးမျိုးမင်းက အမှတ်တရ အနေနဲ့  ယောက္ခမဆိုတာ တစ်ခါတုန်းကသမက်ပါပဲ ၂ ဆိုပြီး ရိုက်တာပေါ့လေ။ အဲဒီလို နာမည်လေး တပ်လိုက်တာနဲ့ ကျွန်တော်တို့မှာ တာဝန်က တအားကြီးသွားတာပေါ့။ ရှေ့မှာ အရမ်းကို အောင်မြင်ထားတဲ့ကားကို ကျွန်တော်တို့က ထပ်ရိုက်ထားတော့ ကောင်းပါ့မလား၊ မီပါ့မလား၊ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အရမ်းများပါတယ်။ ဒါပေမဲ့ အခုကြည့်လိုက်တဲ့အခါမှာ ၁၀ဝ  ရာခိုင်နှုန်းကို စိတ်ကျေနပ်တယ်။ အဲဒီတော့ ရှေ့ကားကို မီခြင်း၊ မမီခြင်းတွေကို ကျွန်တော် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ ဒီကားတစ်ကားတည်းကို ရိုက်ရတာ တန်တယ်၊ ရိုက်ရတာ ကျေနပ်တယ်။ အရမ်း သဘောကျတယ်။ တော်တော်လေးကို စိတ်ကျေနပ်တယ်ဗျာ။ ဘယ်လိုပြောရမလဲ ၁၀ဝ ရာခိုင်နှုန်းနီးပါးကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခေတ်၊ ဒီဘက် အခြေအနေမှာ ဒီလိုကားမျိုးက ဒီလိုရသမျိုးက မရှိသလောက်ကို အရမ်း ရှားသွားပြီ ဆိုတော့ အရမ်း သဘောကျတယ်။

Voice : ဒီကားမှာ သရုပ်ဆောင်တွေက များတော့ ကိုယ့်အတွက် လုပ်ကွက်လည်း သိပ်မရှိဘဲနဲ့ ဘယ်လိုကြောင့် လက်ခံဖြစ်တာလဲ။
PTO : အစောကြီးကတည်းက ဒီကားမှာ လုပ်ကွက် အများကြီး မရဘူးဆိုတာ သိထားပြီးသားပါ။ ကျွန်တော်တို့က ဇာတ်တစ်ဇာတ်ကို ဖတ်လိုက်တာနဲ့ ကိုယ့်နေရာက ဘယ်လောက်ရှိလဲ၊ ကိုယ့်အခန်း ကဏ္ဍက ဘယ်လောက်ရှိလဲ ဆိုတာသိတယ်။ ကျွန်တော်က အဓိက မဟုတ်ပေမယ့် ကျွန်တော့်ရဲ့လုပ်ကွက်တွေက အရမ်းကြီး မများပေမယ့် ဘာကြောင့် လက်ခံဖြစ်လဲ ဆိုတော့ ဒီကားဟာ ရိုက်လိုက်ရင် ပရိသတ် ကြည့်ရတာ အရမ်း ကောင်းမယ်၊ တန်တဲ့ ကားတစ်ကား ဖြစ်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ သိတယ်။ ဒါကြောင့်မို့လို့ ဒီကားမှာ ကိုယ့်ကိုယ်ကိုယ်အတွက် မစဉ်းစားဘဲ ပရိသတ်အတွက် စဉ်းစားတယ်။ ပရိသတ် ကြည့်ရတာ တန်မယ်၊ ပိုက်ဆံပေးပြီး ကြည့်ရကျိုးနပ်တဲ့ ကားလေးဖြစ်မယ်ဆိုတာ မျှော်လင့်တဲ့ အတွက်ကြောင့် ဒီကားကို ရိုက်ဖြစ်တာ။ မျှော်လင့်တဲ့အတိုင်းလည်း ဖြစ်လာတဲ့အတွက် ကျေနပ်မိတယ်။

Voice : ဒီကားကို လာကြည့်တဲ့ ပရိသတ်တွေကို ၁၀ဝ ရာခိုင်နှုန်း အာမခံတယ်လို့ ဆိုလိုချင်တာလား။
PTO : သေချာတာ တစ်ခုကတော့ မကြည့်ရတာ ကြာပြီဖြစ်သော ရသတစ်ခု၊ အရသာတစ်ခု ရကို ရစေရမယ်။ ကြည့်ပြီးတဲ့သူတိုင်း ကြိုက်ကို ကြိုက်စေရမယ်လို့  အာမခံပါတယ်။

Voice : လက်ရှိမှာ ဗီဒီယိုဈေးကွက် ရပ်လုနီးပါး ဖြစ်နေတော့ ဗီဒီယိုလောက ပြန်ကောင်းလာဖို့ ဘာတွေ လိုအပ်မလဲ၊ ဘယ်လိုမြင်မိလဲ။
PTO : အမှန်တကယ်တော့ နယ်မှာရှိတဲ့ ပရိသတ် သန်းပေါင်း များစွာအတွက် ဗီဒီယိုဆိုတာ လိုကို လိုအပ်နေသေးတယ်။ လိုအပ်နေသေးတာ ဖြစ်တဲ့အတွက် ဗီဒီယို လောကကို အချိန်အတိုင်းအတာတစ်ခုအထိ ဥပမာ - ဗီဒီယိုဆိုတာ နိုင်ငံတကာမှာ မရှိတော့ဘူး၊ ကျွန်တော်တို့ တိုင်းပြည်မှာပဲ ရှိတယ်၊ ဘာကြောင့်ရှိလဲဆိုရင် လိုအပ်ချက်ကြောင့် ရှိနေတယ်။ အဲဒီတော့ နယ်တွေမှာနေနေတဲ့ သန်းပေါင်းများစွာ လူတွေက သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ မရှိသေးဘူး။ ရုပ်ရှင်ရုံတွေ တင်တာနဲ့ မကြည့်နိုင်သေးဘူး။ သူတို့အတွက် တကယ် လိုအပ်နေတာ ဗီဒီယိုပဲ။ အဲဒီဗီဒီယိုက ဈေးကွက်လည်း ရှိတယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတော့ ဖြန့်ချိရေးပုံစံ မှားနေတယ်။ စနစ် မှားနေတယ်။ အဲဒါကြောင့် ဗီဒီယိုက အရင်လောက် မအောင်မြင်တော့ဘဲနဲ့ လုံးဝ ရပ်သလောက်နီးပါး ဖြစ်သွားတယ်။ ဒါကို ဦးစီးဦးဆောင် လုပ်တဲ့လူတွေ အနေနဲ့ ဥပမာ - နောက်ထပ် ၂ နှစ်၊ သုံးနှစ်ဖြစ်ဖြစ် ရုပ်ရှင်ရုံတွေ တစ်နိုင်ငံလုံး အနှံ့အပြားမှာ ပေါ်မလာသေးခင် အချိန်အထိ ဗီဒီယိုရှိအောင် ပြန်ပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ အဓိက ပရိုဂျူဆာတွေ အားလုံး စည်းလုံးကြဖို့၊ ညီညွတ်ကြဖို့ လိုပါတယ်။ ဦးစီးဦးဆောင် လုပ်ကြတဲ့ ခေါင်းဆောင်တွေ အဖြေတစ်ခု ရှာပြီးတော့ ဒီလောကလေး ပြန်ရှင်သန်အောင် ဘာလုပ်မလဲ ဆိုတာလေး စဉ်းစားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်လည်း လုပ်စေချင်ပါတယ်။ အဓိက စည်းလုံး ညီညွတ်ဖို့ပါ။ စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင် ဘာတစ်ခုမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှု ရှိတယ်ဆိုရင် အားလုံး အပြုသဘော ဆောင်ပြီး အဖြေရှာကြမယ်ဆိုရင် နည်းလမ်းတစ်ခု တွေ့မှာပါ။

Voice : အခုနောက်ပိုင်း ရုပ်ရှင်တွေကို အချိန်တိုတိုနဲ့ ရိုက်ကူးနေကြတဲ့အတွက် ဇာတ်ကား အရည်အသွေး ကျဆင်းလာတယ်လို့ ဝေဖန်နေကြတယ်။ ဒီအပေါ် ဘာများ ပြောချင်တာရှိလဲ။
PTO : အဲဒါကတော့ ဘယ်လိုပြောမလဲ၊ သူ့ပြောင်းလဲမှုပုံစံအရ ဒီလိုမျိုး ဖြစ်လာမှာပဲလေ။ ဖြစ်လာရင် တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်မှု အပိုင်းကို ဦးတည်လာဦးမှာပဲ။ အမှန်တကယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောက ဒီအချိန်မှာ ဖြစ်သင့်တာက ဒီထက် ပိုပြီး အဆင့်အတန်း မြင့်မားတဲ့၊ ဒီထက် ပိုပြီး အရည်အသွေး ကောင်းတဲ့ ဥပမာ အချိန်တွေ အများကြီး ပိုယူမယ်၊ ပိုက်ဆံတွေ အများကြီး ပိုသုံးနိုင်မယ် စသဖြင့်ပေါ့ ဒီလိုမျိုး ဦးတည်ပြီး သွားရတော့မယ့်အချိန်မှာ ကျွန်တော်တို့က အခုဟာက အခြေအနေ အချိန်အခါအရ ဆုတ်ယုတ်တဲ့ဘက်ကို ပိုသွားနေသလို ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ စိုးရိမ်တာက ကျွန်တော်တို့မှာ ရိုက်စရာ ဗီဒီယိုဆိုတာကလည်း အရင်လိုမျိုး အားကောင်း မောင်းသန် မဟုတ်တော့ဘူး။ အခု ရုပ်ရှင်ကလည်း တဖြည်းဖြည်းနဲ့ လုပ်နေကြတဲ့ အနေအထားတွေအရ ဆုတ်ယုတ်တဲ့ဘက်ကို ဦးတည်လာတာ ဆိုတော့ တကယ်လို့များ ရုပ်ရှင်၊ ဗီဒီယိုပျက်ရင် ဒီလောက ဘယ်လို လုပ်ကြမလဲဆိုတာ စိတ်ပူပါတယ်။  ဒါကြောင့်မို့ ကျွန်တော်ပြောချင်တာက အားလုံး စည်းလုံးညီညွှတ်ရမယ့် အချိန်တစ်ခု ရောက်နေပါပြီ။ အဖြေတစ်ခု ရှာသင့်နေပါပြီ။ ရေရှည်မှာ မကောင်းနိုင်ပါဘူး။ ဒီထက်ဆိုးရွားတဲ့ အချိန်ကျမှ စလုပ်မယ်ဆိုရင် မမီနိုင်ပါဘူး။ ဒီလောကကြီး ပျက်သုဉ်း မသွားခင်မှာ ကြိုတင်ပြီး ပြင်ဆင်ထားနိုင်မှ တော်ကာ ကျလိမ့်မယ်လို့ မြင်မိပါတယ်။

Voice : ဆင်ဆာနဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
PTO : ကျွန်တော် ဆင်ဆာ အစည်းအဝေးက ထွက်လာတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေတော့ မသိသေးတဲ့အတွက် ကျွန်တော် မပြောတတ်ဘူး။ ဒါပေမဲ့ အခုကြားတာက ထုတ်လုပ်သူနဲ့ ဒါရိုက်တာနဲ့ တာဝန်ခံမယ်ဆိုရင် ဆင်ဆာဘက်က ဘာမှမဖြတ်တော့ဘူးဆိုတာ ဖြစ်ကို ဖြစ်သင့်တဲ့ကိစ္စ တစ်ခုပါ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ မောင်နဲ့နှမ သားအမိတွေ ကြည့်လို့ မသင့်တော်တဲ့ ကိစ္စတွေ၊ ဒါမျိုးတွေကိုတော့ တင်းတင်းကျပ်ကျပ် ဖြတ်ကို ဖြတ်ရမှာပါ။ ဒါမျိုးကလွဲရင် တခြားဟာ မဖြတ်သင့်ဘူး။ ဒီလမ်းကြောင်းပေါ် ရောက်သွားရင် ဘာမှပြောစရာ မရှိပါဘူး။ အဆင်ပြေသွားမှာပါ။ 

Voice : ဒီနှစ်ထဲမှာ ရုံတင်မယ့်ကားတွေ များနေတာ့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီက အစ်ကို့ရဲ့နှစ်များ ဖြစ်နေမလား။
PTO : ကျွန်တော်က အကယ်ဒမီနဲ့ ပတ်သက်ရင် ဘယ်တုန်းကမှ ကြိုတင် ရင်ခုန်ထားတာမျိုး မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ရမယ်လို့လည်း မထင်ဘူး။ ရတယ်ဆိုရင် ယူလိုက်တာပဲ။ မရဘူးဆိုရင် ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ 

Voice : ဆိုလိုချင်တာက အကယ်ဒမီနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ပြောချင်တာလား။
PTO : အဲဒီလိုတော့ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တစ်ဆုတော့ လိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ အနုပညာ သက်တမ်းမှာ အကယ်ဒမီလေး ရဖူးတယ်ရှိအောင် တစ်ဆုတော့ လိုချင်တယ်။ တစ်ဆုရပြီး သွားတဲ့အချိန်မှာ ကျွန်တော့်အတွက် သိပ်အရေးမကြီးတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က အကယ်ဒမီအတွက် အသက်ရှင်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အနုပညာတွေ၊ ပရိသတ်တွေနဲ့ ရင်နှီးမှုတွေ၊ ချစ်ခင်မှုတွေ၊ အားပေးမှုတွေ စသဖြင့်ပေါ့။ ဒီထက် တန်ဖိုးထားရမယ့်အရာတွေ အများကြီး ရှိတယ်။ ဆိုလိုတာက အကယ်ဒမီကို တန်ဖိုးမထားတာလည်း မဟုတ်ဘူး။ ရရင်တော့ လိုချင်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခရောက်အောင် အထိတော့ မရှိဘူးပေါ့။

ဆုအိနြေ္ဒဦး

  • TAGS