News

POST TYPE

ENTERTAINMENT

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
28-Apr-2017 tagged as သရုပ်ဆောင်

‘တစ်လုံးချိုင့်’ ရုပ်ရှင်ကားမှာ တဇောက်ကန်း၊ တဇွတ်ထိုး လုပ်တတ်တဲ့ ကောင်လေးတစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်ထွန်းထွန်းနှင့် တွေ့ဆုံပြီး ရှေ့ဆက်ရိုက်ကူးသွားမယ့် ဇာတ်ကားတွေအကြောင်း၊ Fan တွေအတွက် ပြုလုပ်ပေးမယ့် Surprise အကြောင်းနဲ့ အချစ်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : မေလ ၁ ရက်နေ့မှာ စရိုက်မယ့် ‘တစ်လုံးချိုင့်’ ရုပ်ရှင်ကား အပါအဝင် ဘယ်နှကားလောက်ရိုက်ဖို့ လက်ခံထားလဲ။

TT : ‘တစ်လုံးချိုင့်’ ကားပြီးရင် ကိုဆာမိရိုက်မယ့် ‘လမ်းကြောင်း’ ကားရှိမယ်။ ပြီးတော့ ဦးအောင်လွင်ရိုက်မယ့် ‘စောထီး’ ကားရှိမယ်။ ကျွန်တော့်အနေနဲ့ ရုပ်ရှင်ကားကြီးတွေကိုတော့ တောက်လျှောက်တည်ထားပါတယ်။ 

Voice : ထူးထူးခြားခြား လက်ခံထားတဲ့ကားတွေ ပါသေးလား။

TT : ဇွန်လထဲမှာ ဦးအောင်လွင်ရိုက်မယ့် ‘စောထီး’ ကားကတော့ ကျွန်တော့်အတွက် ထူးခြားတယ်လို့ ပြောရင်ရတယ်။ အဓိကကတော့ ဇာတ်လမ်းထဲက စောထီးဇာတ်ရုပ်နဲ့ ကျွန်တော့်အပြင်က အသက်အရွယ်က ထပ်တူကျတယ်။ ဒီကားမှာ ကျွန်တော်က သဘာဝကျတဲ့ ကျောင်းဆရာနေရာကနေ သရုပ်ဆောင်ရမှာပါ။ ဒီကားက ပညာရေးအတွက်ကို ပညာပေးကားတဲ့ ကားမျိုးပေါ့နော်။

Voice : ဇာတ်လမ်းထဲက စောထီးဇာတ်ရုပ်ကိုကြိုက်လို့ လက်ခံဖြစ်တာပေါ့။

TT : ဟုတ်ပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ဘကြီးအောင်တို့လိုမျိုး တကယ့်ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ တွဲဖက်အလုပ်လုပ်လိုတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အချိန်မှာပဲ ဝမ်းသာအားရနဲ့ လက်ခံဖြစ်တာပါ။

Voice : လက်ရှိမှာ ရုပ်ရှင်ကားတွေကို တောက်လျှောက်ရိုက်နေရတော့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းတယ် မထင်ဘူးလား။

TT : ကျွန်တော့်မှာ စာချုပ်တိုက်လေးတိုက် ရှိတယ်။ တစ်လမှာ လူတစ်ယောက်က နှစ်ကားရိုက်ရင် သင့်တော်ပြီလို့ သတ်မှတ်တယ်။ တစ်လသုံးကားဆို အဆင်ပြေဖို့အတွက် နည်းနည်းကြိုးစားရပြီ။ အဲဒါကြောင့် တိုက်တွေကလည်း ကျွန်တော့်ကို တစ်လနှစ်ကားပဲ ရိုက်စေချင်ကြတယ်။ တစ်လကို သုံးကားလောက် ဖြစ်လာတော့ ရက်တွေကျပ်လာပြီး လူပင်ပန်းရတယ်။ ပြီးတော့ လူပင်ပန်းတဲ့အပြင် ဟိုဘက်လည်းပူရ၊ ဒီဘက်လည်းပူရဆိုတော့ စိတ်ပါပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ လောလောဆယ်မှာ ဒီအလုပ်ကို လုပ်ခွင့်ရနေတယ်၊ ဒီအလုပ်ကို အကောင်းဆုံး ကြိုးစားခွင့်ရနေတဲ့ အတွက် ပျော်တယ်၊ ကျေနပ်တယ်။ 

Voice : သြဂုတ်လမှာ Story Board နဲ့ နှင်းဆီအဖွဲ့သားတွေ ပူးပေါင်းပြီး ရိုက်ကူးမယ့် ‘Rose Rider’ ရုပ်ရှင်ကားအတွက် လက်ရှိပြင်ဆင်နေမှု အပိုင်းကိုလည်း ပြောပြပေးပါဦး။

TT : ဒီကားမှာပါမယ့် မင်းသမီးကိုတော့ လျှောက်လွှာတွေခေါ်ပြီး အစ်ကိုဆရာတွေ ရွေးကြမှာပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ ပြင်ဆင်စရာရှိတဲ့ အပိုင်းတွေ ပြင်ဆင်တယ်။ ဆိုင်ကယ်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ထားသလို အဝတ်အစားနဲ့ ဆံပင်ပုံစံတွေကိုလည်း ပြင်ဆင်နေပါတယ်။ တခြားအရာတွေကိုတော့ ဒီကြားထဲမှာ Workshop လုပ်ပြီး ပြင်ဆင်သွားမှာပါ။

Voice : အဝတ်အစား ဒီဇိုင်းတွေကို COSTUME DESIGNER တွေနဲ့ ချုပ်သွားမယ်လို့ သိရတယ်၊ ကိုထွန်းထွန်းက ဘယ်လိုအဝတ်အစားဒီဇိုင်းတွေ ဝတ်မှာလဲ။

TT : ဒီဇိုင်နာတွေ စီစဉ်ပေးတဲ့ အထဲကနေပဲ ကျွန်တော်တို့ ဇာတ်ရုပ်နဲ့ လိုက်ဖက်မယ့် အဝတ်အစား ဒီဇိုင်းတွေကို ဝတ်သွားမယ်။ ပြီးတော့ ကျွန်တော့်တို့ တစ်ယောက်ချင်းစီရဲ့ ဇာတ်ရုပ်ကို အဝတ်အစားနဲ့ပဲ ပြောသွားဖို့ ရည်ရွယ်ထားတယ်။ အဲဒါကြောင့် Workshop တွေ လုပ်ပြီးမှပဲ အဖြေက ထွက်လာမှာပါ။ ဒါပေမဲ့ တစ်ခုကောင်းတာက တစ်ကားလုံးအတွက်ကို ဒီဇိုင်နာတွေက အဝတ်အစား စီစဉ်ပေးမှာဆိုတော့ ကျွန်တော်တို့က နံနက်ခင်းဆို လူချည်းပဲ ရှုတင်ကို သွားရုံပေါ့နော်။ 

Voice : ကိုယ့်ကို FAN တွေက အမြဲ Surprise လုပ်နေကျဆိုတော့ ကိုယ်က တစ်ဖန် ဘာတွေ ပြန်လုပ်ပေးဖို့ ရှိလဲ။ 

TT : ဟုတ်ကဲ့ စီစဉ်ထားတာတွေ ရှိပါတယ်။ ကိုယ့်ကိုပဲ သူတို့က Surprise လုပ်နေကျဆိုတော့ ဒီတစ်ခါ ကိုယ်က သူတို့ကို ဒိုင်လျှိုလေးပြန်လုပ်ဖို့ ရှိတယ်။ ဒီလောက်ပဲ ပြောပါရစေ။ ဘယ်တော့လဲ ဆိုတာကိုတော့ မပြောသေးဘူး။ သူတို့က ကြိုပြီး ရင်ခုန်နေမှာစိုးလို့ပါ။ သိပ်တော့ မကြာတော့ပါဘူး။

Voice : အချစ်ရေးကို မဖြေတော့တာက ဖြေလိုက်ရင် တစ်ဖက်လူကို စိတ်အနှောင့်အယှက် ဖြစ်စေမှာစိုးလို့လား။

TT : ကျွန်တော်က ချစ်သူရှိတယ်၊ မရှိဘူး ဆိုတာကို မပြောချင်တော့တာပါ။ လက်ရှိမှာ အလုပ်တွေကိုပဲ ကြိုးစားပြီး လုပ်နေပါတယ်။ ကျွန်တော့်အသက်က ၃၃ နှစ် ရှိပြီ။ အဲဒါကြောင့် ကျွန်တော် အိမ်ထောင်ပြုဖို့ ရည်စူးထားတဲ့ ကာလတော့ ရှိတယ်။ ကျွန်တော်က အသက် ၃၆၊ ၃၇ လောက်မှာ အိမ်ထောင်ပြုမယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ဖူးစာဆိုတာက ပြောရခက်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ အလုပ်တွေကို တောက်လျှောက်ပြန်လုပ်ရမယ့်အချိန်၊ အလုပ်ကို တအားအာရုံစိုက်နေတဲ့ အချိန်ဖြစ်နေတော့ အိမ်ထောင်ပြုဖို့ကိစ္စက ခေါင်းထဲမရောက်သေးဘူး။

သန့်ဇင်ဦး