News

POST TYPE

ENTERTAINMENT

ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
07-Apr-2017 tagged as

“ငဒူ” ရုပ်ရှင်ဇာတ်ကားမှာ ဆတ်ဆတ်ထိမခံတဲ့ တောသူမလေး တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ရွှေမှုံရတီနဲ့တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ကျန်းမာရေး အကြောင်းနဲ့ လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အချစ်ရေးအကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “ငဒူ” ရုပ်ရှင်ဇာတ်ကားကို  ပထမက သင်ဇာဝင့်ကျော်နဲ့ ရိုက်ဖို့ တည်ထားတာနော်။ တကယ်လည်း ရိုက်ရော ရွှေမှုံရတီနဲ့ ဖြစ်သွားတာက ဘယ်လိုမျိုးကြောင့်လဲ။
SMYT : “ငဒူ”မှာပါဖို့ အစကတည်းက ညီမကို ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ညီမက ကိုအောင်ရဲလင်းနဲ့ ကားရိုက်ရှိလို့ ငြင်းခဲ့တယ်။ အဲဒါကြောင့် မသင်ဇာဝင့်ကျော် ပြောင်းသွားတယ်။ ပြီးတော့ ညီမက ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက်ကို လေးရက်လောက် ဆေးသွားကုလိုက်ရတယ်။ ညီမ ဆေးကုပြီး ပြန်လာတဲ့အချိန်မှာ မသင်ဇာဝင့်ကျော်က နေမကောင်းဘူးဆိုတော့ ထုတ်လုပ်ရေးကနေ ရိုက်ပေးလို့ရရင် ရိုက်ပေးပါလားလို့ ဖုန်းဆက်လာတယ်။ ကိုယ်ကလည်း ဇာတ်လမ်းကို သိပြီးသား ဖြစ်နေတဲ့အခါကျတော့ ကိုယ့်ရဲ့ ထုတ်လုပ်ရေးတွေပဲ၊ လုပ်ပေးရမှာပေါ့ဆိုပြီး ကူညီပေးဖြစ်တာပါ။ ပြီးတော့ ကိုယ့်ရဲ့ ဆရာတွေဖြစ်တဲ့ ဦးညီအောင်တို့၊ ကိုမြင့်မြတ်တို့ကလည်း အကူအညီ တောင်းတာနဲ့ ရိုက်ပေးဖြစ်သွားတာပေါ့နော်။ တကယ်တော့ ညီမအနေနဲ့ ဒီကားကို နေမကောင်းရင်း တန်းလန်းနဲ့ ရိုက်ဖြစ်တာပေါ့။

Voice : နေမကောင်းတဲ့ကြားက ရိုက်ခဲ့ရတော့ အခက်အခဲတွေ ရှိခဲ့မှာပေါ့။
SMYT : အခက်အခဲကတော့ ရှိတာပေါ့နော်။ အဲဒါကြောင့် ဖြည်းဖြည်းနဲ့ နားနားပြီး ရိုက်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကိုတော့ တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်။ 

Voice : ကျန်းမာရေးက လက်ရှိမှာ သက်သာနေပြီလား၊ ဆေးခန်း ထပ်ပြရဦးမှာလား။
SMYT : လက်ရှိမှာတော့ နည်းနည်း ပြန်ကောင်းလာပါပြီ။ ဒါပေမဲ့ သင်္ကြန် မတိုင်ခင်တော့ တစ်ခေါက် ပြန်ပြရဦးမှာပါ။

Voice : သင်္ကြန်မှာ ဖြတ်သန်းရမယ့် အစီအစဉ်ကို မသိသေးပေမယ့် သင်္ကြန်ပြီးသွားရင်ရော ဘာတွေ လုပ်ဖို့ရှိလဲ။
SMYT : နှစ်ဆန်းတစ်ရက်နေ့မှာ ဦးမိုးဦး (ဒါရိုက်တာ ကျော်ဇောလင်း) နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိပါတယ်။ ဇာတ်ကားရဲ့နာမည်က “ပြောရဲဆိုရဲရပ်ကွက်”ပါ။ ဒီကားထဲမှာ ညီမက ဆတ်ဆတ်ထိမခံတဲ့ တောသူမလေး နေရာကနေ သရုပ်ဆောင်ရမယ်။ ဒီကားမှာ အန်ကယ်လေး (လူမင်း) နဲ့ ကိုကြံ(ကျော်ကျော်ဗို)တို့လည်း ပါပါတယ်။

Voice : မွေးနေ့လည်း နီးလာပြီဆိုတော့ မွေးနေ့မှာ ဘာတွေလုပ်သွားဖို့ရှိလဲ၊ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ဘာတွေပြောင်းလဲလာတယ်ထင်လဲ။
SMYT : ဒီနှစ်မွေးနေ့မှာ အလှူလုပ်ဖို့ပဲ ရှိပါတယ်။ ပြီးတော့ ညီမအနေနဲ့ အသက် ပိုကြီးလာတဲ့အတွက် အရင်ကထက်တော့ အများကြီး တည်ငြိမ်ရင့်ကျက်လာပါပြီ။ အဲဒါကြောင့် လွန်ခဲ့တဲ့ငါးနှစ်က ရွှေမှုံရတီနဲ့ လက်ရှိ ရွှေမှုံရတီက ဘာမှမတူတော့ပါဘူး။

Voice : မကြာသေးခင်ကလည်း ချစ်သူကို Facebook မှာ Live လွှင့်ပြီး ဓာတ်ပုံနဲ့အတူ ပရိသတ်ကို အသိပေးခဲ့သေးတယ်နော်။
SMYT : ဒီလိုပါပဲ။ ဘာရယ် မဟုတ်ပါဘူး။ Live လွှင့်တဲ့အချိန်နဲ့တိုးလို့ လွှင့်ဖြစ်သွားတာပါ။ 

Voice : အနုပညာရှင် တော်တော်များများက ကိုယ့်မှာ ချစ်သူရှိရင် သိုသိုသိပ်သိပ် နေတတ်ပြီး လူသိထင်ရှား ချပြတာမျိုး ရှားတယ်၊ ရွှေမှုံက ဘယ်လို စိတ်ကူးနဲ့ချပြဖြစ်တာလဲ။
SMYT : ညီမက ဘယ်အရာကိုမဆို Official ပဲ နေတာ များပါတယ်။ ညီမအနေနဲ့ ခိုးကြောင်ခိုးဝှက် ဘာမှမလုပ်ဘူး။ အဲဒါကြောင့် ချစ်သူရှိတယ်ဆိုလည်း ရှိတယ်၊ မရှိဘူးဆိုလည်း မရှိဘူးပြောတယ်။ ဒါပါပဲ။

Voice : Post ရဲ့အောက်မှာ ပရိသတ်တွေ တော်တော်များများက ဝေဖန်တာလည်း တွေ့ရတယ်။
SMYT : ညီမကတော့ အားလုံးကို လက်ခံပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ကြုံရပါစေ ညီမ စိတ်မဆိုးပါဘူး။ ပရိသတ်က ညီမအပေါ်မှာ စေတနာနဲ့ ပြောတဲ့အမြင်တွေချည်းပါပဲ။ အဲဒါကြောင့်လည်း ညီမ Post တင်ပြီးတော့ ပရိသတ်ဆီက Like ထောင်ချီရပြီးတဲ့အချိန်မှာ ပြန်ဖျက်လိုက်ပါတယ်။ 

Voice : ရွှေမှုံချစ်သူက ရွှေမှုံနဲ့ အသက်ကွာတယ်လို့ ပြောကြတာတွေ ရှိတဲ့အပေါ် ဘာပြောချင်လဲ။
SMYT : တကယ်တော့ ညီမနဲ့လူတိုင်းက အသက် ကွာပါတယ်။ ဥပမာ ညီမ လက်ရှိလုပ်နေတဲ့ အနုပညာလောကထဲမှာပဲ ညီမထက် ငယ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ညီမက အားလုံးထက် ငယ်ပါတယ်။ အဲဒါကြောင့် ညီမရဲ့ချစ်သူက အသက်ကြီးတယ်ဆိုတာ မဆန်းပါဘူး။

Voice : ရွှေမှုံက အချစ်နဲ့ ပတ်သက်လာရင် ကံကောင်းတဲ့အထဲမှာပါလား၊ ကံမကောင်းတဲ့ အထဲမှာပါလား...။
SMYT : အချစ်ရေးမှာတော့ ညီမ အမြဲတမ်း ကံကောင်းတယ်။ ကံမကောင်းဘူးဆိုတာ တစ်ခါဆိုတစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လက်ရှိ အချိန်ထိလည်း ကံကောင်းနေတုန်းပဲ၊ နောင်လည်း ကံကောင်းမှာပါ။ 

Voice : ချစ်သူက ကိုယ့်ကို နားလည်မှု တော်တော်ပေးမယ့်ပုံပဲ။
SMYT : သူက ညီမကို အင်မတန် နားလည်ပြီးတော့ အနှောင့်အယှက် မပေးတဲ့လူတစ်ယောက်ပါ။ အလုပ်ကို အလုပ်လိုမျိုး မြင်ပေးတယ်။ ကိုယ်တွေက အနုပညာသမားဆိုတော့ အဲဒီလိုလူနဲ့မှပဲ ကိုက်မှာလေ။ ပြီးတော့ ညီမက ပိုဆိုးတယ်။ အလုပ်လုပ်ပြီဆိုရင် စိတ်ရောလူပါ နှစ်ပြီးလုပ်တတ်တော့ သိပ်ပြီး အာရုံနောက်တာတွေ မကြိုက်ဘူး။ သူကတော့ လုံးဝကို အနှောင့်အယှက် မပေးပါဘူး။ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ခွင့်ပေးပါတယ်။ 

Voice : “ချစ်တာ အပြစ်မဟုတ်ဘူး.. အချစ်မှာ အပြစ်မရှိဘူး... ရင်ခုန်သူက အပြစ်တွေဖြစ်ခဲ့တာ”ဆိုတဲ့ Facebook က Status လေးကလည်း လှသလိုပဲ။
SMYT : ညီမတို့ အနုပညာသမားတွေက စာဖတ်ရတယ်လေ။ ပြီးတော့ အချစ်ဇာတ်ဝင်ခန်းတွေ ရိုက်ဖို့အတွက် စကားလုံး လှလှလေးတွေ စဉ်းစားရတယ်။ ညီမကတော့ စကားလုံး လှလှလေးတွေ ထွက်လာရင် Facebook ကနေ ပရိသတ်ကို ဝေမျှဖြစ်တယ်။ ဒါပေမဲ့ ညီမက ဘယ်သူ့ဆီကမှ Copy မယူပါဘူး။ ကိုယ့်ကိုယ်ပိုင် Own Tune ကို ရေးဖြစ်တာပါ။ ညီမရေးတာကို ပရိသတ်တွေက ကြိုက်ကြတယ် ဆိုတော့ ဆက်ရေးပေးဖြစ်တယ်။

သန့်ဇင်ဦး

  • TAGS