News

POST TYPE

ENTERTAINMENT

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း
06-Apr-2017 tagged as

နာမည်ကျော် တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံပြီး ဧပြီလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများနဲ့ ယခုနှစ်သင်္ကြန်မှာ မဏ္ဍပ် မထိုးဖြစ်တဲ့အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဂျုံးဂျုံးရုပ်ရှင်က စိုင်းစိုင်းနဲ့ ၀တ်မှုံရွှေရည်နဲ့ ပထမဆုံး စဆုံတဲ့ ရုပ်ရှင်ဇာတ်ကားနော်။ ဒီဇာတ်ကားကို ဘယ်အချက်တွေကို ကြည့်ပြီး လက်ခံရိုက်ကူးခဲ့တာလဲ။
SSKL : ဒီကားက ကျွန်တော်နဲ့ ၀တ်မှုံရွှေရည်တို့ ပထမဆုံး စပြီးဆုံတဲ့ ရုပ်ရှင်ကားကြီးပါ။ ရှေ့ပိုင်းမှာတော့ ကျွန်တော်နဲ့သူနဲ့ ဗီဒီယိုဇာတ်ကား အနည်းငယ်လောက် ရိုက်ခဲ့ဖူးပါတယ်။ ဒီကားရဲ့ ဇာတ်လမ်းပိုင်းနဲ့ ပတ်သက်လို့ကတော့ အမှန်အတိုင်း ၀န်ခံရရင် မူရင်းဝတ္ထုက ဟာသ ဇာတ်လမ်းစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Romance နဲ့ ဒရာမာကို ပိုပြီးအားသန်တာ ဖြစ်တဲ့အတွက် ဇာတ်လမ်းမှာ Romance လေးတွေလည်း ပါစေချင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတို့ သုံးဦး သဘောတူပြီးတော့ ဇာတ်ညွှန်းကို စာရေးဆရာ မင်းခိုက်စိုးစံဆီမှာ အပ်နှံခဲ့ပါတယ်။ အဲ့ဒီကနေ ရလာတဲ့ဇာတ်ညွှန်းကို ပရိုဂျူဆာရော၊ ဒါရိုက်တာရော၊ ကျွန်တော်ရော၊ မင်းသမီးရော သဘောတူပြီးတော့မှ ရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Voice : ဇာတ်လမ်းလေးကလည်း စိုင်းစိုင်း မရိုက်ဖူးသေးတဲ့ ဇာတ်လမ်းမျိုးနော်။ ကိုယ့်ပရိသတ်တွေအတွက် ကြည့်ရတာ ဘယ်လောက်အထိ ထူးခြားမှုရှိမလဲ။
SSKL : ဒီဇာတ်ကားက ရယ်စရာ၊ ပျော်စရာလေးတွေပါတဲ့ သရဲကားလေးလည်းဖြစ်တယ်။ အချစ်ကားလေးလည်း ဖြစ်တယ်။ ဒီကားက ကျွန်တော်တို့ ပရိသတ်တွေနဲ့ ရင်ခုန်သံချင်း ထပ်တူကျပါစေလို့ ဆုတောင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို သဘောကျတဲ့အတွက် လက်ခံရိုက်ကူးခဲ့တာပါ။ ကိုယ်မကြိုက်တဲ့ဟာဆိုရင်လည်း ကျွန်တော် မရိုက်ချင်ဘူး။ ကိုယ်တိုင်ကြိုက်တဲ့၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းမို့လို့ ရွေးချယ် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားကို အတိုင်းအတာ တစ်ခုအထိတော့ ကျေနပ်ပါတယ်။ ဇာတ်ကားမှာ ကျွန်တော် သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ ဇာတ်လမ်း Plot   လေးတွေကိုလည်း ကျွန်တော် ချစ်ပါတယ်။

Voice : ရိုက်ကူးရေးပိုင်းမှာရော ဘယ်လို အခက်အခဲတွေ၊ အမှတ်တရတွေရှိခဲ့လဲ။
SSKL : ဒီကားမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက လူငယ်ဒါရိုက်တာ တစ်ယောက်ပါ။ ကျွန်တော့်မွေးနေ့ ရောက်တိုင်းမှာ ကောင်မလေး တစ်ယောက်က ဆွဲကြိုးတစ်ကုံး လက်ဆောင်ပို့ပေးလေ့ ရှိတယ်။ သူ ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မသိရပါဘူး။ တစ်နှစ်မှာတော့ ကျွန်တော့်ဆီကို မွေးနေ့လက်ဆောင် လာပို့ရင်း လမ်းမှာ ကောင်မလေးက ရထားတိုက်ခံရပြီး ဆုံးသွားတယ်။ ကျွန်တော်က သရဲကား ရုပ်ရှင်ရိုက်ဖို့အတွက် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ရထားတွဲတစ်တွဲကို သွားစီးတဲ့အချိန်မှာ ၀ိညာဉ်ဖြစ်နေတဲ့ အဲ့ဒီကောင်မလေးနဲ့ ပြန်ဆုံရတာပါ။ ဒီကားကို ရိုက်တာကတော့ ရန်ကုန်ဘူတာကြီးမှာရှိတဲ့ ရထားတွဲ တစ်တွဲမှာပဲ ဆက်တင်တွေဆင်ပြီး ရိုက်ကြတာပါ။ ပင်လည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ ပျော်ဖို့လည်း ကောင်းပါတယ်။

Voice : ကိုယ့်ဇာတ်ကားကို ပြန်ကြည့်ပြီးတဲ့ အချိန်မှာ ကိုယ်တိုင် အားမရတဲ့ အချက်တွေရော ရှိလား။
SSKL : ကိုယ့်ဇာတ်ကားရဲ့ အားနည်းချက်ကို အမှန်အတိုင်း ၀န်ခံရရင်တော့ ဒီကားက လွန်ခဲ့တဲ့ သုံး နှစ်လောက်က ရိုက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အသံဖမ်းစနစ်တွေက လွန်ခဲ့တဲ့ သုံးနှစ်လောက်က အခြေအနေမှာ လုပ်ခဲ့ရတာဆိုတော့ နည်းနည်းလေးတော့ အားမလို အားမရ ဖြစ်မိပါတယ်။ ဇာတ်လမ်းပိုင်းဆိုင်ရာနဲ့ ဒါရိုက်တာရဲ့ တင်ပြမှုအပိုင်းတွေကိုတော့ ကျွန်တော် သဘောကျပါတယ်။ 

Voice : စိုင်းစိုင်းက ရုပ်ရှင်ကားကြီးတွေ အရိုက်နည်းတဲ့ မင်းသားတွေထဲမှာပါတော့ ကိုယ့်ဇာတ်ကားတစ်ကား ရုံတင်တိုင်း တခြားသူတွေ ထက်တော့ ပိုပြီး ရင်ခုန်မှာပေါ့။
SSKL : ကျွန်တော်ထင်တာကတော့ ဇာတ်ကား ရိုက်ကူးမှု အရေအတွက် နည်းတာနဲ့ များတာပဲ ကွာပါလိမ့်မယ်။ ဘယ်မင်းသားမဆို ကိုယ့်ကား ရုံတင်ရင်တော့ ကိုယ်ရင်ခုန်မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုးစားပြီး ရိုက်ခဲ့ရတဲ့ ဇာတ်ကား ဖြစ်နေတာကိုး။ တစ်နှစ်မှာ ရုပ်ရှင်ကားကြီး ၁၂ ကားရိုက်တဲ့ မင်းသားဆိုလည်း ၁၂ ကားစာ ကြိုးစားထားရတာ ဖြစ်တဲ့အတွက် သူလည်း ရင်ခုန်မှာပဲ။ ကျွန်တော်ဆိုလည်း တစ်နှစ်မှာ ရုပ်ရှင်နှစ်ကား၊ သုံးကားလောက်ပဲ ရုံတင်နိုင်တာဆိုတော့ ဇာတ်ကားတစ်ကား ရုံတင်တိုင်း ကိုယ့်အတွက် ရင်ခုန်သံက အသစ် ပြန်ဖြစ်နေတာပါပဲ။

Voice : ကိုယ့်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်သံတွေကိုရော ဘယ်လို ပြန်နားထောင်ဖြစ်လဲ။
SSKL : များသောအားဖြင့်တော့ ကျွန်တော်ပါတဲ့ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတဲ့ ပထမဆုံးနေ့တွေမှာဆို ရုံထဲကို ပရိသတ်တွေနဲ့ အတူတူ ၀င်ကြည့်ပြီး သူတို့ ဘာတွေပြောလဲ၊ ဘယ်နေရာတွေကို ဝေဖန်သလဲ ဆိုတာကို သွား သွား နားထောင်ပါတယ်။ ကိုယ့်ဇာတ်ကားကို ပရိသတ်နဲ့အတူ ၀င်ကြည့်တာကတော့ အကောင်းဆုံးပဲလို့ ကျွန်တော် ထင်တယ်။ ပရိသတ်တွေရဲ့ ဝေဖန်သံ အစစ်ကိုလည်း ကြားရတယ်။ ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်ရုံတင်ရင်လည်း တချို့ ပွဲချိန်တွေမှာ ကျွန်တော် ထပ်သွားကြည့်ပါဦးမယ်။ ဒါပေမဲ့ ဇာတ်ကားစပြီး ရုံတင်မယ့် ဧပြီလ ၇ ရက်နေ့မှာတော့ ကျွန်တော်သွားကြည့်ဖို့ မသေချာတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးမှာ ကျွန်တော့်ရဲ့ မွေးနေ့ရှိုး လုပ်ဖို့အတွက် သွားရမှာမို့ပါ။သင်္ကြန်အပြီး နှစ်ဆန်း တစ်ရက်နေ့ နောက်ပိုင်းမှာလည်း ဒီကားကို ရုံဆက်တင် သွားမှာဆိုတော့  ပရိသတ်တွေ အားလုံး ဒီကားကို အေးအေးလူလူ ကြည့်နိုင်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်ပါတဲ့ ရုပ်ရှင်ကားကြီးတွေကလည်း အမြဲတင်နေတာ မဟုတ်တဲ့အတွက် ဒီကားကို လာရောက် ကြည့်ရှု အားပေးကြပါလို့ ပြောချင်ပါတယ်။ 

Voice : ဒီနှစ်သင်္ကြန်မှာ စိုင်းစိုင်း မဏ္ဍပ်မထိုးဘူးလို့လည်း သိရတယ်။ ဘယ်လိုကြောင့် မဏ္ဍပ်မထိုး ဖြစ်တာလဲ။
SSKL : ကျွန်တော်က နှစ်တိုင်း Alpine မဏ္ဍပ်ထိုးတာ ဖြစ်ပါတယ်။ ဒီနှစ်တော့ Alpine က ရန်ကုန်မှာရော၊ မန္တလေးမှာပါ မဏ္ဍပ်မလုပ်ဖြစ်ပါဘူး။ အားလုံး နားကြတဲ့အတွက် ကျွန်တော်လည်း ဒီနှစ်မဏ္ဍပ် မထိုးဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်က သင်္ကြန်ဆိုရင် မနေနိုင်ဘူး။ သင်္ကြန်ကို ကြိုက်နှစ်သက်တယ်။ ပျော်တယ်။ အဲ့ဒါကြောင့် ကျွန်တော် သင်္ကြန်မှာ ရေပက်မယ်၊ ကိုယ်တိုင်လည်း ရေပက်ခံမယ်။ စင်တစ်ခုခုမှာ သီချင်းဆိုမယ်။ ဘယ်နေရာလဲတော့ ကျွန်တော် မသိသေးပါဘူး။

သန့်ဇင်ဦး

  • TAGS