News

POST TYPE

ENTERTAINMENT

ပုညခင်နှင့် တွေ့ဆုံခြင်း
18-Mar-2017 tagged as

ယခင်တစ်ပတ်မှ အဆက် >>> 

Voice : ဆရာမ ပထမဦးဆုံး ပြောတဲ့အထဲမှာ “ခြုံကြားက ဘုံဖျားသို့” ဆိုတာပါတယ်။ ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ တက်ကျမ်းလို့ ပြောရမှာပေါ့။ လူငယ်တွေရဲ့ဘဝမှာ တိုးတက်မြင့်မားချင်စိတ်ရှိဖို့ တက်ကျမ်းတွေကလည်း အတိုင်းအတာ တစ်ခုလောက်အထိ အရေးပါနေတာ တွေ့ရတယ်။ ဆရာမအနေနဲ့ ရှေ့ဆက်ပြီးတော့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဘာတွေလုပ်ဖို့ ရှိသေးလဲ။ တက်ကျမ်းနဲ့ ရသစာပေနဲ့ဆိုရင် ဘယ်လိုမျိုး ပေါင်းစပ်လို့ ရနိုင်မလဲဗျ။
PNK : ကျွန်မတို့ငယ်ငယ်တုန်းက တက်ကျမ်းတွေ ဖတ်ခဲ့ရတယ်။ တက်ကျမ်းတွေက ကိုယ့်အတွက် ခွန်အား ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက တက်ကျမ်းတွေကိုဖတ်ပြီး ကိုယ့်အတွက် ခွန်အားတွေ ဖြစ်နေတဲ့အချိန်တုန်းက ကျွန်မတို့က လူ့လောကကြီးကို သိပ်ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့ အချိန်တွေပေါ့နော်။ အဲဒီအချိန်တွေတုန်းက ဒီတက်ကျမ်းကိုဖတ်ပြီး ခွန်အား ယူရတာပေါ့နော်။ ဒါပေမဲ့ တကယ့် လက်တွေ့ဘဝထဲမှာ ကျွန်မတို့ ကျင်လည်လာကြတဲ့အခါ အဲဒီတက်ကျမ်းတွေနဲ့ ကျွန်မ တကယ် ရင်ဆိုင်နေရတဲ့ဟာတွေ ကွာခြားနေတာတွေ အများကြီး ရှိတယ်။ကွာခြားနေတဲ့အခါကျတော့ အသက်ကြီးသွားတဲ့အခါမှာ တက်ကျမ်း သိပ်မဖတ်တော့ဘူး။ တစ်ခါတလေကျရင် တက်ကျမ်းထဲမှာ ယူဆထားတဲ့အတိုင်းပဲ ခွန်အားဖြစ်ခဲ့တဲ့ဟာလေးတွေ၊ ကိုယ်တွေ့ခဲ့တဲ့ဟာလေးတွေ ရှိတယ်။ ဒါပေမဲ့ တကယ့် လူ့ဘဝကြီးမှာ တဖြည်းဖြည်းနဲ့ ကျင်လည် ရောက်ရှိလာတဲ့အခါမှာ တက်ကျမ်းတွေနဲ့ နည်းနည်း ကွာခြားနေတဲ့ ဟာလေးတွေ ရှိတာကို တဖြည်းဖြည်း တွေ့လာတယ်။ လက်တွေ့ ကိုယ့်ရဲ့ဘဝ အတွေ့အကြုံထဲကနေ သင်ခန်းစာ ယူခဲ့ရတာ နည်းနည်းပိုပြီးများလာတယ်။ ငယ်ငယ်တုန်းကကျတော့ ကျွန်မတို့က စာအုပ်တွေ ဖတ်ပြီးတော့ သင်ခန်းစာ ယူရတယ်။ ကြီးလာတဲ့အခါကျတော့ လက်တွေ့ဘဝထဲကနေ သင်ခန်းစာ ယူလာရတာတွေက ပိုပြီး များလာတယ်။ လူငယ်တွေကို စိတ်ဓာတ် ခွန်အားပေးတဲ့အခါ ကဗျာဆန်ဆန်ပြောရင် နှလုံးသားကို ဆုပ်ကိုင်နိုင်တာနဲ့ ဦးနှောက်ကို ဆုပ်ကိုင်နိုင်တာဆိုရင် ဘယ်ဟာက အရေးကြီးလဲဆိုတော့ ကျွန်မက နှလုံးသားကို ဆုပ်ကိုင်နိုင်တာက ပိုအရေးကြီးတယ် လို့ထင်တယ်။ Soft Power ပြောပါတော့။ နိုင်ငံတကာမှာဆိုရင် ကိုရီးယားတို့ ဘာတို့ဆိုရင် လူတွေရဲ့စိတ်ကို သူတို့ရဲ့ အနုပညာ၊ သူတို့ရဲ့ အစားအသောက်တွေ၊ ယဉ်ကျေးမှုတွေ လွှမ်းမိုးဖို့ ရုပ်ရှင်နဲ့ ထိုးဖောက်ကြတယ်။ လူတွေအပေါ်မှာ တစ်ခုခုလွှမ်းမိုးထိုးဖောက်ချင်တယ်ဆိုရင် တစ်ခုခုကို လက်တွေ့ကျကျ ပြောတာထက်စာရင် အထူးသဖြင့် လူငယ်တွေ နှလုံးသားကို ကိုယ်က သိမ်းကျုံးဆွဲဆောင်နိုင်တဲ့ဟာမျိုး ရသနဲ့ လွှမ်းမိုးတာ ပိုပြီး ထိရောက်မယ်လို့ ကျွန်မထင်တယ်။ ဥပမာ - ကျွန်မက ဖြစ်ရပ်မှန် သမိုင်းရေးမယ်ဆိုရင် ဖြစ်ရပ်မှန် သမိုင်းအကြောင်းကြီးကို သုတေသန လုပ်ပြီးတော့ ဒီသမိုင်းစာအုပ်ကြီးကို ရေးမယ်ဆိုရင် လူငယ်တွေက ပျင်းစရာ ကောင်းတယ်ဆိုပြီး ကောက်ကိုင်ချင်မှ ကောက်ကိုင်မှာပေါ့။ ဒါပေမဲ့  အဲဒါကို ကျွန်မက ရသတွေ၊ ဇာတ်ကောင်တွေနဲ့ ဖန်တီးပြီး ရေးဖွဲ့တဲ့အခါမှာ လူငယ်တွေက တစ်ပြိုင်တည်းမှာပဲ ရသခံစားရင်း သူတို့ သိသင့်တာလေး သိသွားတယ်။ သူတို့ သင်ခန်းစာ ယူသင့်တဲ့ဟာကို ယူသွားတယ်။ အဲဒီလိုမျိုးကို ကျွန်မက ရည်ရွယ်တာပေါ့။ ကျွန်မ ခုနောက်ပိုင်း ဝတ္ထုရေးဖို့ စဉ်းစားတဲ့အခါမှာ ကျွန်မတို့ တိုင်းပြည်နဲ့ခြုံပြီးတော့ အမြဲတမ်း စဉ်းစားတယ်။ ကျွန်မတို့တိုင်းပြည်မှာ ဘာတွေ လိုအပ်နေလဲပေါ့။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် Depression စိတ်ကျတယ်ဆိုတာ ဘာမှန်းတောင် မသိဘူး။ နောက်ပိုင်းမှာ Depression နဲ့ Stress က ခေတ်အစားဆုံး ဖြစ်လာတယ်။ အခုဆိုရင် လူငယ်တွေက ထစ်ခနဲရှိ Depression ဝင်တယ်။ လူငယ်တွေက ခေတ်ရဲ့ လိုအပ်ချက်တွေကို လိုက်မမီနိုင်ဘူး။ သူတို့ ရုန်းကန်နေရတဲ့အခါမှာ ခေတ်နောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ တဖြည်းဖြည်း စိတ်ဓာတ်တွေ ကျရတာတွေ ရှိတယ်။ နောက် အချစ်ရေးကိစ္စတွေ မပြေလည်တာတွေ ရှိတယ်။ Depression ဝင်တယ်၊ Stress များတယ်။ အဲဒီလို လူငယ်တွေကို ခွန်အားပေးတဲ့အခါ သုတချည်းသက်သက် ပေးတာထက်စာရင် ရသစာပေနဲ့ ပေးတာ ပိုကောင်းတယ်။ ချင်းပြည်နယ် နောက်ခံ တောင်တန်းတွေရဲ့ အလွန် ဝတ္ထုရေးဖို့ တိုင်းရင်းသားတွေနဲ့ တွေ့တဲ့အခါ တချို့ တိုင်းရင်းသားတွေက တစ်ခါတလေကျရင် ခွဲခြားခံရတယ်လို့ ထင်တာရှိတယ်။ သူတို့ထင်ရတာလည်း ထင်လောက်စရာ အချက်အလက်တွေရှိခဲ့လို့ ထင်ခဲ့တာပဲ။ ဒါကိုလည်း အပြစ်ပြောလို့ မရဘူး။ လူမှု အဖွဲ့အစည်းမှာ ပြီးခဲ့တဲ့နှစ်တွေမှာ ခက်ခဲကျပ်တည်းခဲ့တယ်။ အဆင် မပြေကြဘူးဆိုတာ အမှန်တော့  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တာပေါ့။ တစ်တိုင်းပြည်လုံး အနေအထားနဲ့ အဆင်မပြေမှုတွေ၊ ကျပ်တည်းမှုတွေ အများကြီး ရှိခဲ့တာပေါ့။ ကျွန်မ ချင်းပြည်နယ်ကို ရောက်သွားချိန်မှာ ချင်းပြည်နယ်မှာ လူငယ်တွေ မရှိတော့တာ၊ လူငယ်တွေ နိုင်ငံခြားကို ထွက်သွားရတာတွေ အများကြီး တွေ့တယ်။ ကျွန်မ အရင်တုန်းက အသက်အရွယ်နဲ့ အသိဉာဏ်နဲ့ဆိုရင် ချင်းပြည်နယ်ကိုရောက်သွားရင် အဲဒီချင်းကောင်မလေး ချောချောနဲ့ မြန်မာကောင်လေးနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်ပြီးတော့ ပြီးသွားနိုင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်မအသိဉာဏ်က အဲဒီလိုမျိုး မဟုတ်တော့ဘူး။ အဲဒီအခါကျတော့ တောင်တန်းဒေသတွေမှာ နေတဲ့လူတွေရဲ့ အသိဉာဏ်၊ သူတို့ ရင်ဆိုင်ရတဲ့ ရိုးရာဓလေ့တွေ၊ သူတို့ရင်ဆိုင်ရတဲ့ သူတို့ဒေသမှာရှိတဲ့ အခက်အခဲတွေကြောင့် သူတို့ နိုင်ငံခြားကို ထွက်ရတဲ့အခါမှာ ရင်ဆိုင်ရတဲ့ဟာကို အကုန်လုံး ကျွန်မလိုက်ပြီး လေ့လာမေးမြန်းရတာပေါ့။ ဒီတောင်တန်းတွေရဲ့အလွန်မှာ ဘာတွေ ရင်ဆိုင်ခဲ့ရလဲ၊ သူတို့ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို အဲဒါတွေ အကုန်လုံးကို သူတို့နဲ့ ကျွန်မက ပြန်ပြီးတော့ ရင်ဘတ်ချင်း နီးအောင် လုပ်ရတယ်။ သူတို့ရဲ့ ခံစားချက်တွေကို အကုန်လုံး နားထောင်ရတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ အားလုံးကို သိအောင် လုပ်ခဲ့ပြီးမှ ကျွန်မကိုယ်တိုင် ချင်းလူငယ်တစ်ယောက်စိတ်မွေးပြီးတော့ ရေးခဲ့တာပေါ့။  ဒီစာအုပ်ဟာ ကျွန်မအတွက်တော့ စာရေးဆရာမတစ်ယောက်က ဝတ္ထုတစ်အုပ် ထွက်သွားတာထက် ပိုပါတယ်။ ကျွန်မတာဝန်တစ်ခု ကျေအောင် လုပ်လိုက်တယ်။ ကျွန်မက ဒီလူမျိုးစုနဲ့ ပတ်သက်တဲ့တာဝန်တစ်ခု ကျေသွားတယ်။ နိုင်ငံဆိုလည်း ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ပေးလိုက်တယ်။ အဲဒီလိုမျိုး စာရေးဆရာမ တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်တဲ့ ခံစားချက်ကို ရတယ်။ အဲဒီခံစားချက်က ကျွန်မကို အရင်တုန်းကထက်ပိုပြီးတော့ နှစ်ဆ၊ သုံးဆ စိတ်ကျေနပ်မှု ဖြစ်စေတယ်။

Voice : ဆရာမရဲ့ စာအုပ် တော်တော်များများက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ ရုပ်ရှင်လည်း ရိုက်နေကြတယ်။ ကိုယ်က ဝတ္ထုကို ဝတ္ထုလို ရေးတာ။ ရုပ်ရှင်  ပြန်ရိုက်တဲ့အခါမှာ ကိုယ့်စိတ်ထဲမှာ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ရုပ်ရှင်အဖြစ် ပေါ်လာတဲ့ အနုပညာဖန်တီးမှုဟာ ကိုယ့်စိတ်ထဲမှာ ကျေနပ်မှုရှိလား။ ဒါမှမဟုတ် မတူတဲ့သဘာဝ ရှိတဲ့အတွက် နားလည်ပေးလို့ ရမလား။ ကျွန်တော်တို့တိုင်းပြည်မှာ ဇာတ်ကောင်နဲ့ လိုက်ဖက်ညီတဲ့ သရုပ်ဆောင်မျိုးထက် မင်းသား၊ မင်းသမီး သက်သက်ဖြစ်နေတဲ့အတွက် သဘာဝကျမှု အားနည်းသလိုမျိုး ခံစားရတယ်။ ဝတ္ထုနဲ့ကွာဟသွားတာတွေ အများကြီး ကြုံရတယ်။ ဆရာမအနေနဲ့ ကိုယ့်ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်ရိုက်တဲ့အခါမှာ ဘယ်လိုမျိုး ညှိနှိုင်းယူလဲ။ သူတို့က ကိုယ့်ကို ဘယ်လောက်ထိ တိုင်ပင်လဲ။
PNK : အဲဒါက အဆင့်တွေ အများကြီး ကျော်ဖြတ်ခဲ့ရတယ်။ ငယ်နုစဉ်က ကိုယ့်ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ ပျော်တယ်ဆိုတာမျိုး ငယ်နုစဉ်က ဖီလင်ပေါ့။ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အချိန်မှာ ဒီဟာကို ဘဝင်မကျတဲ့ဖီလင် ဖြစ်လာတယ်ပေါ့။ ငါရေးလိုက်တာက တစ်မျိုးပါလား၊ သူတို့ ရိုက်လိုက်တာက ငါရေးလိုက်တာနဲ့ မတူပါလားဆိုပြီး ခံစားရတာ။ စစချင်းက ပျော်တယ်ဆိုတာက ပထမအဆင့်၊ ဒုတိယအဆင့်ကျတော့ ဘဝင်မကျတဲ့ ဖီလင်မျိုး ဖြစ်လာတယ်။ ဘဝင်မကျပေမယ့် အဲဒီဘဝင်မကျတာကို Complaint စောဒကတက်လို့မရတဲ့ အခြေအနေမျိုး၊ ကိုယ်ဟာ သိပ်ပြီးတော့ ငယ်ရွယ်သေးတာလည်းပါမယ်။ ကိုယ့်မှာလည်း စာပေအား၊ အနုပညာအားဖြင့်လည်း ဩဇာ မသက်ရောက်နိုင်သေးတာလည်းပါမယ်။ နောက် တတိယအဆင့်ကျတော့ Complaint လုပ်လို့ရတဲ့အဆင့် ဖြစ်သွားတယ်။ ကျွန်မကို တိုင်ပင်တယ်၊ ညှိနှိုင်းတယ်။ ဒီလို မလုပ်ပါနဲ့၊ ဒီလိုမျိုးလေး လုပ်လို့ရတယ် ဆိုတဲ့ဟာမျိုး အဆင့် ရောက်သွားချိန်မှာ ပိုပြီးတော့ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ ဒီတတိယအဆင့်မှာကျတော့ ကျွန်မ စိတ်ပင်ပန်းမှုတွေ အများကြီး ကြုံရတယ်။ ကျွန်မ ရောက်လာတဲ့ အနေအထားအရ ကျွန်မကိုလာပြီး တိုင်ပင်တာမျိုးတွေ ရှိတယ်။ အဲဒီအချိန်မှာလည်း ပါဝင်ပတ်သက် စွက်ဖက်ပြီး ဒီဟာကို ဒီလိုမပြောင်းဖို့ ပြောမိတာ၊ တားမိတာတွေ ရှိတယ်၊ အဲဒီအချိန်မှာ စိတ်ရှုပ်မှုတွေ အများကြီး ကြုံတွေ့ရတယ်။ အခု လောလောဆယ်အဆင့်မှာတော့ ကျွန်မက စာပေကို စာပေသီးသန့်အတိုင်း ထားလိုက်တယ်။ ကျွန်မရဲ့ စိတ်ပျော်ရွှင်မှု အဓိကသည် စာအုပ်ရေးသားတာ၊ စာအုပ်ရေးသားလို့ စာအုပ် အောင်မြင်ပြီးရင် ပြီးပြီ။ စာအုပ်ကို ရုပ်ရှင်ရိုက်မယ်ဆိုရင် အဲဒီရုပ်ရှင်အောင်မြင်မှု၊ မအောင်မြင်မှုဆိုတာ သူတို့အပိုင်းမှာ မူတည်သွားပြီ။ ကိုယ်တတ်နိုင်သမျှ ကူညီပြီးတော့ ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍအရ လုပ်ပေးလိုက်မယ်။ ဒါပေမဲ့ ရုပ်ရှင်ရဲ့ကောင်းမှု၊ မကောင်းမှုက ရုပ်ရှင်ရိုက်တဲ့သူတွေမှာ ပိုပြီးတော့ မူတည်သွားပြီလို့ ခံယူပြီး အေးချမ်းသွားတဲ့အဆင့်ပေါ့။ အဆင့်လေးဆင့် ကျော်လွန်ပြီးမှ ဒီအေးချမ်းတဲ့အဆင့်ကို ရောက်တာပေါ့။

Voice : နိုင်ငံခြားမှာတော့ Limited Edition ထုတ်ဝေတာတွေ ရှိပေမယ့် မြန်မာပြည်မှာတော့ ဆရာမက ပထမဦးဆုံး ဖြစ်မယ်။ အရင်ကတော့ စာအုပ်ကို အခန့်ချုပ်ချုပ်၊ ဂျပ်ဘူးပါကင်တွေ ဘာတွေနဲ့ တော်တော် သပ်သပ်ရပ်ရပ်ထုတ်ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းတာမျိုး ရှိခဲ့ပေမယ့် ဆရာမလို Limited Edition မျိုးတော့ မရှိသေးဘူး။ ဒါမျိုးကလည်း ဘယ်ပုံစံဖြစ်နေဖြစ်နေ စာရေးဆရာ သို့မဟုတ် ဖန်တီးသူရဲ့ အနုပညာကို လေးစားလို့ တခုတ်တရ ဝယ်ကြတာမျိုးကိုး။ ဆရာမက ဒီမှာ ပထမဦးဆုံး လုပ်လိုက်တော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်တာတွေ တော်တော်များများ တွေ့ရတယ်။Limited Edition စာအုပ်ထုတ်ဖို့ လုပ်ချိန်မှာ ဝေဖန်မှုတွေ ကြုံလာတော့ အဲဒီအပေါ် ဘယ်လိုကျော်ဖြတ်လဲ။
PNK : ကျွန်မ ၂၀ဝ၃ ခုနှစ်ကပြီး ပုညခင် စာအုပ်တိုက် စလုပ်ခဲ့တယ်။ အဲဒီအချိန်က ကျွန်မငယ်ကလည်း ငယ်သေးတယ်။ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်တည်း လုပ်ရတာ၊ ကျွန်မ မောင်လေးတွေ၊ ညီမလေးတွေ အရမ်းကြီး အရွယ်ရောက်သေးတာ မဟုတ်ဘူး။ ကျွန်မကလည်း ရန်ကုန်မှာ အသိုင်းအဝိုင်းဆိုပြီး ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ ပုညခင် စာအုပ်တိုက် လုပ်လိုက်တယ်။ ဘာဖြစ်လို့လုပ်လဲဆိုတော့ ကိုယ်ပိုင် စာအုပ်တိုက် လုပ်ခြင်းအားဖြင့် ကျွန်မစာအုပ်တွေကို စိတ်တိုင်းကျ ပြင်ဆင်နိုင်တယ်။ ဘယ်ပန်းချီဆရာနဲ့ အဖုံးအပ်မလဲ၊ ဘယ်လိုစက္ကူသားကို ရွေးမလဲ။ နောက်ပြီးတော့ ကျွန်မရဲ့ စာအုပ်စောင်ရေ ဘယ်လောက်ကုန်တာလဲ၊ စာအုပ်ဆိုင်တွေက ဘယ်လို သဘောထားရှိလဲ။ အဲဒီလိုတွေကို ကျွန်မက ဂဃနဏသိချင်တဲ့အတွက်ကြောင့် ပုညခင်စာအုပ်တိုက် စပြီးလုပ်လိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ အဲဒီလိုလုပ်ရင်းကနေမှ ကျွန်မ ၂၀ဝ၉ မှာ အိမ်ထောင်ကျတယ်။ ကျွန်မ အမျိုးသားကလည်း စာပေထုတ်ဝေရေးထဲကို လာပြီးကူတယ်။ စာအုပ်တိုက်ကို ကျွန်မအမျိုးသားရယ်၊ ကျွန်မရယ်၊ ကျွန်မ မောင်လေးရယ် ထုတ်ဝေရေး တိုက်ကို ကျွန်မတို့သုံးယောက်တည်းနဲ့ Run ရသလိုမျိုး ဖြစ်သွားတယ်။ ကျွန်မစိတ်ကူးလိုက်တိုင်း ကိုယ့်စာကို ဘယ်လိုကောင်းအောင် ရေးမလဲဆိုတာထက် ပိုပြီးတော့ ကိုယ့်စာအုပ်ကို ဘယ်လို အပြင်အဆင်နဲ့ ကောင်းအောင် ထုတ်မလဲ၊ ပရိသတ် စိတ်ဝင်စားအောင် ဘယ်လိုမျိုးတွေ စာအုပ် အပြင်အဆင်လေး လုပ်လိုက်မယ် ဆိုတဲ့ဟာပါ ကျွန်မပိုလာတယ်။ အဲဒီတော့ ကျွန်မမှာ ထုတ်ဝေသူစိတ်ရှိတယ်၊ စာရေးသူစိတ် ရှိတယ်။ အဲဒါမျိုး နှစ်မျိုးဖြစ်တယ်။ ကျွန်မ ဘန်ကောက် သွားတော့ စာအုပ်ဆိုင်ဝင်တဲ့အခါမှာ စာအုပ်လေးတွေ သူတို့လုပ်ထားတာ တအားလှတယ်။ ဒါက Limited Edition၊ ဒါက ရိုးရိုးထုတ်တဲ့ဟာတွေက ပုံမှန်လေးပေါ့။ Limited Edition က သူတို့ နည်းပညာက အများကြီး လုပ်နိုင်တဲ့အခါကျတော့ အမှတ်တရ ပစ္စည်းတွေနဲ့ သူတို့လုပ်ထားတာ စင်ပေါ်မှာ အရမ်းလှတယ်။ ဈေးနှုန်းတွေလည်း အရမ်းကွာတယ်။ ဥပမာ - ပုံမှန်စာအုပ်က တစ်သောင်းလောက် ရှိတယ်ဆိုရင် Limited Edition စာအုပ်က  ငါးသောင်း၊ ခြောက်သောင်း။ သူတို့စောင်ရေ နည်းနည်းပဲ ထုတ်တယ်။ စင်ပေါ်မှာ အများကြီး မထားဘူး။ အင်တာနက်မှာ ပြန်ရှာလိုက်တော့ စာအုပ်တွေကို ဒီလိုမျိုး ဘူးလေးတွေနဲ့ လှလှပပ ထည့်ထားတာကို ကျွန်မ အဲဒါကို တော်တော်လေး အားကျသွားတယ်။ အဲဒီတော့ Limited Edition ကို စမ်းထုတ်တော့မယ်ဆိုရင် ကျွန်မနဲ့ခင်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ သားကလည်း သူတို့ဂိမ်းခွေတွေ ဘာတွေ၊ မုန့်မှာလည်း Limited Edition ထုတ်ထားတဲ့ဟာတွေ ရှိတော့ သူတို့လူငယ်တွေ အဲဒီလို သဘောကျတယ်လို့ ပြောတော့ ကျွန်မက ဒါလေးကို လူငယ်တွေ သဘောကျမယ်၊ ကျွန်မ ပရိသတ်လည်း သဘောကျမယ်ဆိုပြီး ထုတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားနဲ့ မောင်လေးက အကောင်အထည် ဖော်ရတာပေါ့။ ပထမ စဉ်းစားတာ ပရိသတ်အပေါ်မှာ ခွဲခြားသလို ဖြစ်သွားမှာစိုးတယ်။ ဒါလည်း Risk ယူရတာ တစ်ခုပဲ။ အသစ်တစ်ခုခုလုပ်တိုင်းမှာ အမြဲတမ်းပဲ စွန့်စားမှုဆိုတာ ကပ်ပါလာတယ်။ အခက်အခဲ ဆိုတာလည်း ကပ်ပါလာတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲတွေ၊ စွန့်စားမှုတွေကလည်း အခွင့်အလမ်းတွေ ပြန်ဖြစ်သွားတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ဝတ္ထုထဲမှာ လေထန်ကုန်းနေရာတွေ ပါတယ်။ လေထန်ကုန်းဆိုတာ ချောက်ထဲမှာ တိမ်တွေပြည့်ပြီး အရမ်းလှတယ်။ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲမှာ ပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို ကျွန်မရောက်ပြီး ဓာတ်ပုံကောင်းကောင်း မရခဲ့ဘူး။ ဓာတ်ပုံတွေ လိုအပ်တော့ ကျွန်မ ချင်းလူငယ် ဓာတ်ပုံဆရာလေး Samuel Tun နဲ့ ဆက်သွယ်မိတယ်။ ဆက်သွယ်မိတော့ သူက သွားရိုက်ပေးမယ်။ သူတို့သွားတဲ့အခါ ခက်ခက်ခဲခဲ သွားရတာ ဆိုင်ကယ်နဲ့၊ အရမ်း ချမ်းချိန်မှာ လက်တွေဆို ကပ်တောင်နေတာ။ သူရိုက်တော့ လေထန်ကုန်း ဓာတ်ပုံကောင်းကောင်းရလာတော့ ဆရာမ စိတ်တိုင်း ကျသုံးပါ။ ငွေရေးကြေးရေးစကား ဘာမှမပြောဘူး။ ဒါ ကျွန်မ သူ့ကိုဂုဏ်ပြုရမယ်ဆိုတာ ကျွန်မစိတ်မှာ တော့သိတယ်။ လူငယ်ဓာတ်ပုံဆရာ သူရိုက်ထားတာလေးတွေ ကောင်းတယ်ပေါ့။ ဘယ်လို Limited Edition မှာ ထည့်ပေးရမလဲ စဉ်းစားတယ်။ ရိုးရိုးထုတ်တဲ့စာအုပ်တွေမှာ အဲဒီပုံတွေ အများကြီး မထည့်ပေးလိုက်နိုင်ဘူး။ အရှေ့မျက်နှာဖုံးနဲ့ အနောက် မျက်နှာဖုံးတို့မှာတော့ ပန်းချီပြန်ဆွဲပြီး ထည့်ပေးလိုက်နိုင်တယ်။ ဓာတ်ပုံ ကောင်းကောင်းရခဲ့လို့ အဲဒီအပေါ်မှာ ပန်းချီပြန်ပြီးတော့ ဆွဲနိုင်တာပေါ့။ ပန်းချီဦးမျိုးမြင့်ကလည်း သေချာ အချိန်ယူခံစားပြီး ဆွဲပေးတယ်။ ကျွန်မက Limited Edition အတွက် အမှတ်တရ ပစ္စည်း ဘာထည့်မလဲဆိုတာ ကျွန်မပရိသတ်ကို ဘာမှ မပြောထားဘူး။ ဒီစာအုပ်ရဲ့ အပြင်အဆင် ဘယ်လိုလေး ထူးထူးခြားခြား လုပ်ပြီး အိတ်ထဲမှာ ထည့်ထားပါတယ်ဆိုတဲ့ဟာ ကျွန်မပရိသတ်ကို အသိမပေးထားဘူး။ ဘာလို့လဲဆိုတော့ သူတို့ ဒါလေး ကိုဖွင့်ကြည့်ပြီးမှ ရင်ခုန်ပါစေ ပျော်ရွှင်ပါစေ ဆိုပြီး ဘာမှ ကြိုမပြောထားဘူး။ ပရိသတ်ကလည်း ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြတာပေါ့။ ကျွန်မ ပရိသတ်နဲ့ ကျွန်မကတော့ ဟုတ်နေတာပဲ။ အိတ်ဒီဇိုင်းကို သေချာ သွားအပ်ရတယ်။ နောက်ပြီးတော့ ကျွန်မရဲ့ အချိန်တွေပေါ့။ ဒီ Limited Edition ထုတ်မယ် ဆိုတဲ့အတွက် အလုပ် ရှုပ်ရတာတွေဟာ ကျွန်မရဲ့ နောက်တစ်အုပ်ရေးရမယ့် အချိန်တွေထဲက ဖဲ့ပေးရတယ်။ ကျွန်မသာ ငွေရေးကြေးရေး တွက်မယ်ဆိုရင် ကျွန်မ နောက်တစ်အုပ် ရေးမှာပေါ့။ နောက်တစ်အုပ် ရေးရင် ပိုပြီးတော့ ကျွန်မ အကျိုးအမြတ် ရမှာပေါ့။ ဒါပေမဲ့ ကျွန်မ အကျိုးအမြတ်တစ်ခုအတွက်နဲ့ အလုပ် လုပ်နေတာမဟုတ်ဘူးလေ။ ဒီ Limited Edition လုပ်ဖို့အတွက် ကျွန်မရဲ့ အချိန်တွေကိုပေးရပြီးနောက် ဝတ္ထုကို မရေးနိုင်သေးဘဲနဲ့ လိုက်လုပ်နေရတယ်။ ကိုယ်တိုင် ဘယ်လို ဒီဇိုင်းလေးလုပ်မလဲ ဆိုတာက အစ။ အဲဒီတော့ ဒီ Limited Edition လုပ်မယ်ဆိုတာ ကျွန်မရဲ့ မှတ်တိုင်တစ်ခု၊ လမ်းဖောက်မှုတစ်ခု။ နောက်ပြီးတော့ လူငယ်တွေဟာ စာအုပ်စာပေကို လှလှပပလေးနဲ့ အမှတ်တရ ဖြစ်အောင် လုပ်ပေးမယ်ဆိုရင် သူတို့ မက်မောသလား၊ မမက်မောသလားဆိုတာ သိချင်တဲ့ စိတ်တစ်ခုနဲ့ အဲဒီဟာနဲ့ လုပ်တာ။ ငွေရေးကြေးရေး အကျိုးအမြတ်ဆိုတာ ကျွန်မခေါင်းထဲမှာ မရှိဘူး။ ဒီ ၃၀ဝ လောက်ကလေးပဲ လုပ်ရတာ  အလုပ်တောင် ရှုပ်သေးတယ်။ သုံးရာတည်း ခွဲလုပ်ရတာ တော်တော်လေး ခက်တာပေါ့။ အဲဒီအချိန်မှာ ကျွန်မအိတ်နမူနာရတော့ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တယ်။ ကျွန်မက မထင်ထားဘူးလေ။ ကျွန်မက Management Team တွေနဲ့ ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စာအုပ်တိုက်လည်း မဟုတ်ဘူး။ ကျွန်မတို့ မိသားစု စာအုပ်တိုက်ဆိုတော့ Page အက်ဒ်မင်တွေ အများကြီး ခန့်ထားပြီး အမှာစာတွေ လက်ခံရမယ်ဆိုတဲ့ နည်းစနစ်မျိုးလည်း မရှိဘူး။ ဒီ စာအုပ် ၃၀ဝ ရောင်းခြင်းက ဒီလောက်အမှာတွေ ကျလာလိမ့်မယ်လို့ မထင်ဘူး။ ကျွန်မစာအုပ် ၃၀ဝ ကို Limited Edition ထုတ်ပါမယ်။ ကျန်တာတွေက  ကြိုက်သလောက် ဝယ်လို့ရပါတယ်။ အဲဒါကို ကျွန်မ တော်တော်လေး ရှင်းပြရတယ်။ လူတွေက အားလုံးပေါင်းမှ ၃၀ဝ ထုတ်မယ်လို့ ထင်တဲ့လူတွေ ရှိတယ်။ ကျွန်မ Limited Edition နမူနာအိတ် ပုံလေး တင်လိုက်တော့ အမှာစာတွေ နှစ်ထောင်ကျော် ဖြစ်တယ်။ Message တွေ အများကြီး ရောက်လာတယ်။ သူတို့ကို အကြောင်းမပြန်နိုင်ဘူး။ အဲဒီလို ဖြစ်သွားချိန်မှာ ကျွန်မတစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ မရလိုက်တဲ့ ပရိသတ်တွေက လာပြောကြတယ်။ သူတို့ အရမ်း လိုချင်နေတယ်။ ဆရာမရဲ့ စာအုပ်ကို အမှတ်တရ မြတ်မြတ်နိုးနိုး သိမ်းချင်လို့ပါ ဆိုတဲ့လူတွေကျတော့ အဲဒီအချိန်မှာ စာရေးသူတစ်ယောက်ရဲ့ စိတ်နှလုံးဆိုတာ ပရိသတ်က လိုချင်ပါတယ် ဆိုတဲ့ဟာကို ငြင်းဆန်ဖို့ နှလုံးသား၊ အဲဒီဟာ ရုတ်တရက် ခက်ခဲသွားတယ်။ ခက်ခဲသွားတဲ့ အခါကျတော့ သူတို့ကို အလိုလိုက်ပြီး နည်းနည်းလေး ထပ်ထုတ်ပေးလိုက်ရင် ကောင်းမလားဆိုပြီး တွေဝေသွားပြီ။ ဒါပေမဲ့ ကျွန်မထုတ်မယ်လို့ ဆုံးဖြတ်ချက် မချဘူး။ မချဘဲနဲ့ ပရိသတ်ကို မေးလိုက်တယ်။ ဘယ်လိုဆန္ဒရှိလဲ၊ သုံးရာနဲ့ပဲ ဖြတ်ရမလား၊ ထပ်ပြီးတော့ ရိုက်ပေးရမလား မေးလိုက်တယ်။ အဲဒီမေးလိုက်တဲ့အပေါ်မှာ တချို့ လူတွေက နင်းသွားပြီး ကျွန်မက Limited Edition ပြောပြီး ထပ်ထုတ်မယ်ဆိုတာ ဖြစ်သွားတယ်။ ကျွန်မ ထပ်ထုတ်မယ်လို့ မပြောရသေးဘူး။ အဲဒီအချိန်မှာ ကျွန်မကို ဝိုင်းပြီးတော့ တိုက်ခိုက်ကြတယ်။ စာရေးဆရာတစ်ယောက်နဲ့ ပရိသတ်တွေကြားမှာရှိတဲ့ မေတ္တာတရားနဲ့ အပြန်အလှန် ငြိတွယ်မှုကို သူတို့မသိဘူး။ နားမလည်ဘူး။ အဲဒီလိုပဲ စာရေးဆရာ တစ်ယောက်ရဲ့ နှလုံးသားကိုလည်း မသိဘူး။ ခံစားချက်ကိုလည်း သူတို့ မသိဘူး။ လူတိုင်းလူတိုင်း သိနိုင်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေကြေး။ အဲဒီတော့ တစ်အုပ် ၁၅၀ဝ၀၊ စောင်ရေ ၃၀ဝ ဆိုတော့ ၄၅ သိန်းရသွားပြီ။ ထောသွားပြီ၊ မြတ်သွားပြီ အဲဒီလို တွေးတာပေါ့။ အထဲမှာ ဘာပါတာလဲ သူတို့မသိဘူး။ ရိုးရိုးစာအုပ်ကိုပဲ အိတ်နဲ့ထည့် ရောင်းလိုက်တယ်လို့ ထင်တယ်။ အိတ်နဲ့ ထည့်ရောင်းတဲ့ဟာကိုပဲ ဒီလောက်ဈေးကြီး သွားတယ်ဆိုပြီး သူတို့ အတွေးလေးနဲ့ သူတို့ဖြစ်နေကြတယ်။ သူတို့ အတွေးလေးနဲ့ သူတို့ ပူလောင်နေကြတာပေါ့။ ကျွန်မ ပရိသတ်နဲ့ ကျွန်မကြားမှာ ကျွန်မတို့ရဲ့ အတွေးလေးတွေနဲ့ ငြိမ်းချမ်းနေချိန်မှာ သူတို့က သူတို့ အတွေးလေးတွေနဲ့ ထပူလောင်ကြတယ်။ ကျွန်မက ၃၀ဝ ပဲထုတ်ပါ့မယ်လို့ ကြေညာလိုက်တဲ့တိုင် ကျွန်မက တိုးထုတ်ပါတယ် ဆိုတာမျိုး ကောလာဟလတွေ ဆက်ပြီးလွှင့်ကြတယ်။ တကယ်တော့ ဒီဟာအပေါ်မှာ ကျွန်မ အမြတ်အစွန်း ဘာမှ ဒီလောက်ကြီး ရှိတာမဟုတ်ဘူး။ အဲဒီအမြတ်အစွန်းသည်လည်း ကျွန်မအတွက် ဘာမှမဟုတ်ဘူး။ ကျွန်မရဲ့ ပုံမှန် ရောင်းရမယ့် စောင်ရေထက်စာရင် ဒီဟာသည် ဂရုစိုက်စရာ စောင်ရေ မဟုတ်ဘူး။ အစကတည်းက ကျွန်မ ငွေရေးကြေးရေး အကျိုးအမြတ်ကို ကြည့်ခဲ့တာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ဘာတွေ ပေါ်ထွက်လာလဲ ဆိုတော့ ကျွန်မကို အခုအချိန်မှာ ချစ်ကြိုက်ကွဲညား ရိုးရိုးအချစ်ဝတ္ထုပဲ ရေးနေတယ်လို့ ထင်နေတယ်။ ကျွန်မ အခု ဘာတွေ ရေးနေလဲဆိုတာ ဝေဖန်တိုက်ခိုက်သူတွေက ဂဃနဏ မသိဘူး။ ကျွန်မစာအုပ်ကို ဖတ်ဖူးတဲ့လူ မပါဘူး။ ကျွန်မပြောတဲ့သဘောက ကျွန်မတို့ အရသာတစ်ခုကို ဝေဖန်ချင်တယ်ဆိုရင် ကိုယ်က စားကြည့်ရသေးတယ်။ ဥပမာ - ဒီလက်ဖက်ရည်တစ်ခွက်က ကောင်းသလား၊ မကောင်းဘူးလားဆိုတာ သောက်ကြည့်ရသေးတယ်။ သောက်ပြီးတော့မှ ဝေဖန်လိုက်ရင် ဒါကို ဘာပဲပြောပြော ကျွန်မ လက်ခံနိုင်တယ်။ အခုဟာက ကျွန်မစာအုပ် ဖတ်ဖူးတာလည်း မဟုတ်ဘူး။ ကျွန်မရဲ့ ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းကို မသိဘူး။ ကျွန်မ ဒီအချိန်မှာ ဘယ်လိုအနေအထားနဲ့  ရပ်တည်နေတယ်၊ ဘယ်လိုစာတွေ ရေးတယ်၊ ပရိသတ် သဘောထားက ဘယ်လိုရှိတယ်၊ ဘာဆိုဘာမှမသိဘဲနဲ့ တိုက်ခိုက်လာတယ်ပေါ့။ အဲဒီလို တိုက်ခိုက်လာတာ ကို ကျွန်မအနေနဲ့ ဒါသည် တုံ့ပြန်စရာ မဟုတ်ဘူး။ ဒါကိုလိုက်ပြီး ဖြေရှင်းစရာ အကြောင်းမရှိဘူး။ ဖြေရှင်းစရာ အကြောင်းမရှိဘူးလို့ ယူဆတဲ့ အတွက်ကြောင့် မဖြေရှင်းဘူး။ ဒါပေမဲ့ အဲဒီအတွက်ကြောင့် ပရိသတ်တွေက စာအုပ်တိုက်ကို ဖုန်းဆက်ကြတယ်။ ဆရာမ ဘာမှ စိတ်သောက မရောက်ပါနဲ့။ တချို့ဆိုရင် အိတ်ထဲမှာ ဘာပါပါ မပါပါ ရိုးရိုးစာအုပ်ကိုပဲ ထည့်ရောင်းသည့်တိုင် ကျေနပ်တယ်။ ဆရာမ လက်မှတ်လေးပါရင် ကျေနပ်တယ်ဆိုတဲ့ ပရိသတ်ရဲ့ ခွန်အားပေါ့နော်။ စာအုပ် မထွက်ရသေးဘူး။ စာအုပ် ဘယ်လိုကောင်းတယ်၊ မကောင်းတယ် ဆိုတာကို မသိရသေးခင်မှာ ဖြစ်လာတဲ့ ပရိသတ်တွေရဲ့ Feedback က ကျွန်မအတွက် အရမ်းကိုပိုပြီးတော့ ကောင်းသွားတယ်။ တစ်ဖက်က တိုက်ခိုက်မှုတွေကြောင့် တစ်ဖက်မှာ ပိုပြီးတော့ မေတ္တာ ပိုရသလိုမျိုး။ ကျွန်မရဲ့စာအုပ်ကို ပရိုမိုးရှင်း လုပ်ပေးသလိုမျိုး၊ ကျွန်မရဲ့ စာအုပ်က ကျယ်ကျယ်ပြန့်ပြန့် ပိုသိလာတယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့ ဖြစ်လာတဲ့ အခက်အခဲတွေဟာ ကျေးဇူး တင်စရာကောင်းတယ်လို့ ကျွန်မထင်ပါတယ်။

Voice : အခုနောက်ပိုင်း ဆိုရှယ် မီဒီယာတွေမှာ အုပ်စုဖွဲ့ပြီး ဖိအားပေးတာ၊ စိတ်ဓာတ်ကျအောင် လုပ်နေတာတွေ တွေ့တော့ ဆရာမ ကိုယ့်အဖြစ်အပျက် ပေါ်မူတည်ပြီး ဘယ်လို မှတ်ချက်ပေးချင်လဲ။
PNK : လူတွေဟာ အဆိုးမြင်စိတ် ပိုများလာမယ်။ အဲဒီလို တစ်ဖက်ကို တိုက်ခိုက်ချင်စိတ်တွေ ပိုပြီးတော့ များလာမယ်ဆိုရင် တကယ်ပဲ ဝမ်းနည်းဖို့ ကောင်းနေပြီ။ သူများတကာရဲ့ တီထွင်ဖန်တီး ကြိုးစားမှုတစ်ခုကို လက်ညှိုးထိုး ကဲ့ရဲ့မှုတွေ ပိုများမယ်ဆိုရင် ဒီလို စိတ်ဓာတ်မျိုး ရှိတဲ့သူတွေ ကျွန်မတို့နိုင်ငံမှာ တဖြည်းဖြည်း ပိုများလာသရွေ့ တကယ်ပဲ ဝမ်းနည်းဖို့ကောင်းတဲ့ တိုင်းပြည်တစ်ခု ဖြစ်သွားမှာကို တော်တော်လေးပဲ စိုးရိမ်တယ်။ ဒါ့ကြောင့် ဝမ်းနည်းခြင်း တိုင်းပြည်ဆိုတဲ့ စာတစ်ပုဒ်တောင် ရေးဖြစ်ခဲ့သေးတယ်။ ကျွန်မ သတင်းစာမှာ ဆောင်းပါးတစ်ခု ရေးဖူးတယ်။ ခေါင်းစဉ်က ထမင်းအိုးများနဲ့ နှလုံးသားများတဲ့။ ဒီစာအုပ်တစ်အုပ် ဖြစ်မြောက်ဖို့ အဆင့်ဆင့်သွားရတာ။ အများကြီး ဖြတ်သန်းရတယ်။ ဒီစာအုပ်တစ်အုပ် အောင်မြင်သွားပြီ၊ စောင်ရေတွေ အများကြီး ရိုက်လာပြီဆိုရင် စက္ကူဆိုင်တွေ ရောင်းရတယ်။ နောက်တစ်ခုက ပုံနှိပ်စက်က ရိုက်ရတယ်။ စာအုပ်ချုပ်တဲ့ နေရာတွေကနေ ပိုက်ဆံရတယ်။ ကွန်ပျူတာ ရိုက်တဲ့သူတွေက ကွန်ပျူတာ ရိုက်ရမယ်။ Proof ဖတ်တဲ့သူတွေက Proof ဖတ်ရတယ်။ ဒီဟာကို မှီခိုနေတဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှု ထမင်းအိုးတွေ အများကြီးပဲ။ စာအုပ်တစ်အုပ် အောင်မြင်မှုကို မရှုစိမ့်နိုင်ဘူးဆိုရင် အဲဒါထမင်းအိုးပေါင်း များစွာကို လိုက်ပြီးတော့ တုတ်နဲ့ထိုးတာနဲ့ မတူဘူးလား။ နောက်တစ်ခုက လုပ်စားတယ်လို့ လူတွေက ပြောကြတယ်။ လူတွေဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် အလုပ်လုပ်နေကြတယ်။ အကြမ်းဖျင်းအားဖြင့် ဒါအလုပ် လုပ်စားတယ်ပေါ့။ ဒါပေမဲ့ ဒီအပေါ်မှာ ငွေကြေးရယူမှုတစ်ခုနဲ့ လောဘဇော တိုက်နေရင်တော့ ဒါ မကောင်းဘူးပေါ့။ ဒီအလုပ်လုပ်တာသည် ရိုးရိုးသားသား ဖြောင့်ဖြောင့်မှန်မှန်နဲ့ စေတနာ ထားပြီးတော့ အများပြည်သူကို မလှည့်ဖြားဘဲနဲ့ လုပ်တယ်ဆိုရင် ဒီအလုပ်က ကောင်းမွန်တဲ့အလုပ်ပဲ။ ဘယ်သူမဆို ကိုယ့်ရဲ့ ရပ်တည်မှုအတွက် အလုပ် လုပ်နေတာပေါ့။ ကျွန်မ စာရေးတော့ ငွေကြေး ပမာဏတစ်ခု ရတယ်ဆိုပါတော့။ အဲဒီငွေကြေး ပမာဏတစ်ခုကို ပြန်လည် သုံးစွဲပြီး ခရီးတွေ ထွက်ရတယ်။ လေ့လာရတယ်။ ဒီဝတ္ထုရေးဖို့အတွက် ရေးနေချိန် အတောအတွင်းမှာ ရပ်တည်ရတယ်။ ကျွန်မ စာပေရေးလို့ ရတဲ့ငွေကြေးတစ်ခုကို ရေရှည် ဆက်ပြီးတော့ စာရေးနိုင်ဖို့အတွက် မြှုပ်နှံရတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်မ ရေရှည်မှာ စာတွေ ပိုရေးလာနိုင်တယ်။ ဒါတွေဟာ သူတစ်ဖက်သားကို လိမ်လည်လှည့်ဖျားတာ မဟုတ်ဘူး။

Voice : ဆိုရှယ် မီဒီယာကို နေ့စဉ်ဘဝတစ်ခုလုံး မြှုပ်နှံထားသလို သုံးနေတဲ့သူတွေကိုရော ဆရာမ အနေနဲ့ ဘာများ အကြံပြုချင်လဲ။
PNK : လူတွေက တစ်ခါတလေကျရင် ဆိုရှယ် မီဒီယာကို အသုံးပြုလွန်း အားကြီးတော့ လက်တွေ့ဘဝနဲ့ ကင်းကွာနေတယ်။ ဒီအပေါ်မှာ စိတ်တွေ အရမ်း ရောက်တာပေါ့။ ကျွန်မ စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ ဦးနှောက်မှာ စွဲစေတဲ့ဟာရှိတယ်။ ဆိုရှယ် မီဒီယာကို ဘိန်းစွဲသလိုမျိုး စွဲလာတဲ့အခါမှာ လူတွေဟာ တခြား ဘာလုပ်လုပ် မဖြောင့်တော့ဘူး။ ဒီထဲမှာ စိတ်က ရောက်နေတယ်။ ဒီထဲမှာ ရေးလိုက်ချင်တယ်။ ဒီထဲမှာ သူရဲကောင်း ဖြစ်ချင်တယ်။ ဖေ့စ်ဘွတ်ခ်ဟာ ကိုယ့်ရဲ့ အိပ်မက်တိုင်းပြည်တစ်ခုပဲ။ ဒါပေမဲ့ ကိုယ်က အပြင်မှာ သူရဲကောင်း ဖြစ်ချင်မှ ဖြစ်တယ်။ အပြင်မှာ သတ္တိကြောင်တယ်။ ဒီထဲမှာ လက်သီးလက်မောင်း တန်းနေမယ်ဆိုရင် အပြင်နဲ့ လက်တွေ့ဘဝ ကွာနေတယ်။ ဒီအပေါ်မှာ မှီခိုလွန်းအားကြီးတာပေါ့။ မှီခိုအားကြီးတော့ အပြင်ဆိုရှယ်မှာ ပိုပြီးတော့ အားနည်းလာတယ်။ ဒီအပေါ်မှာ မှီခိုလာရင်တော့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ အချိန်တွေက Waste ဖြစ်သွားတာပေါ့။ တချို့က ဒီအပေါ်မှာ ပရဟိတတွေ လုပ်ကြတယ်။ ဒါအကျိုးရှိတာပဲ။ အဲဒီတော့ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးပေါ့။ အခု ကျွန်မတို့က ဆေးဖြစ်ဝါးဖြစ် သုံးမှာလား၊ ဘေးဖြစ်အောင် သုံးမှာလားဆိုရင် ဘေးဖြစ်အောင် သုံးတဲ့လူတွေက နည်းနည်းလေး ပိုများလာတယ်။ ဆေးဖြစ်ဝါးဖြစ် သုံးနိုင်တဲ့လူတွေက နည်းနည်းလေး နည်းနေတယ်။ 

Voice : ပုညခင်ဆိုတဲ့ ကလောင်နာမည်က အခုဆို သိပ်အောင်မြင်နေတဲ့ အချိန်ဆိုတော့ ထုံးစံအတိုင်း ချစ်သူခင်သူတွေ များလာသလို မုန်းတဲ့သူတွေလည်း ရှိတတ်တာ ဓမ္မတာပေါ့။ မုန်းတယ်ဆိုတာထက် အပင်မြင့်လေ လေတိုက်ခံရလေဆိုသလို နာမည်ကျော်လာတာကို မလိုလား မနှစ်မြို့တဲ့သူတချို့က ဝေဖန်တိုက်ခိုက်တာမျိုးတွေ ရှိမှာပေါ့။ အဲဒီလိုကြုံလာတဲ့အခါ ဘယ်လို တုံ့ပြန်ဖြစ်သလဲ။
PNK : ပရိသတ်အပေါ်မှာ ကျွန်မထားထားတဲ့ စည်းလေးတစ်ခုရှိတယ်။ ပရိသတ်ကို မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးစရာ ကိစ္စတွေကို ကျွန်မ မပေးချင်ဘူး။ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေ၊ အပြင်မှာ စိတ်ရှုပ်စရာ ကိစ္စတွေကို ပရိသတ်ကိုချပြနေစရာ အကြောင်းမရှိဘူး။ ပရိသတ်သည် ကျွန်မရဲ့ အနုပညာ ဖန်တီးမှုကိုပဲ တစ်သီးတသန့် ခံစားပါစေဆိုတဲ့စိတ်မျိုး ကျွန်မမှာ ရှိတယ်။ နောက်တစ်ခုက ပုညခင်အနေနဲ့ ရပ်တည်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် Brand တစ်ခုတည် ဆောက်သလို တည်ဆောက်ချင်တယ်။ ဥပမာ - Brand တစ်ခုက နာမည်ကောင်းနဲ့ အောင်မြင်သွားပြီဆိုရင် ဒီ Brand က ဘာထုတ်ထုတ် ယုံကြည်မှု ရှိသွားပြီ။ ကျွန်မ ဝတ္ထုပဲရေးရေး၊ အတွေးအခေါ် စာစုတွေပဲရေးရေး၊ ဆုံးမစာတွေ ဘယ်လိုပဲရေးရေး ပုညခင်ဆိုတဲ့ Brand က ပေါက်ပြီးသား ဖြစ်သွားတယ်ဆိုရင် အဲဒီ Brand ပေါ်မှာ ယုံကြည်မှုရှိတဲ့အတွက်ကြောင့်မို့ ကျွန်မက ဘာထုတ်ထုတ် ပရိသတ်တွေက ယုံယုံကြည်ကြည်နဲ့ ဖတ်ရှုကြမှာပဲ။ ကျွန်မကလည်း ကျွန်မ Brand ကို ကျွန်မထိန်းတဲ့အနေနဲ့ ... ပရိသတ် ယုံကြည်ထိုက်အောင် အမြဲကြိုးစားအားထုတ်နေမှာပဲ။ Branded တစ်ခုဖြစ်ဖို့ဆိုတာ စာပေကောင်းဖို့တင် မဟုတ်ဘူး။ စာရေးဆရာ ပီပီသသ နေထိုင်ပြဖို့လည်း အရေးကြီးတယ်။ ကျွန်မက ထစ်ခနဲရှိ ရန်ထောင်ပြီးတော့ ပြန်လည် တိုက်ခိုက်တယ်ဆိုရင် ကျွန်မရဲ့ Brand ကို Role ကျစေတယ်။ တစ်ခါတလေကျတော့ ကျွန်မကို ကျွန်မပရိသတ် ယုံကြည်မှု ပျက်ပြားအောင် တိုက်ခိုက်တာမျိုးတွေတောင် ကြုံရတယ်။ ဒါပေမဲ့ ဒါတွေက ဖြစ်တတ်ပါတယ်။ မဆန်းပါဘူး။ ဖြေရှင်းဖို့လည်း မလိုဘူး။ မဖြေရှင်းတာဟာ ကျွန်မ မှားလို့လည်း မဟုတ်ဘူး။ ကျွန်မ ဘယ်လို နေထိုင်ပြုမူ တုံ့ပြန်ရမယ်ဆိုတာ ကျွန်မသတ်မှတ်ချက်နဲ့ ကျွန်မ ရှိထားပြီးသားပဲ။ ပြဿနာတစ်ခု ဖြစ်လာရင် ကိုယ့်ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ဖြေရှင်းနိုင်ခြင်းကလည်း အဲဒီ Brand တစ်ခုကို ဆက်လက်ပြီးတော့ Image ကောင်းအောင် လုပ်နိုင်ခြင်းပဲလို့ ကျွန်မထင်တယ်။ 

Voice : စာရေးဆရာမ ပုညခင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာရေးဆရာဆိုတာကို ဘယ်လိုခံယူသလဲ၊ စာရေးဆရာ ဖြစ်လာရင် ဘယ်လိုကျင့်သုံး နေထိုင်သင့်တယ်လို့ ထင်သလဲ။ စာရေးဆရာဆိုတာကို ဘယ်လိုအဓိပ္ပာယ် Defination ဖွင့်ပြီး ကိုယ်ကိုယ်တိုင် လက်ခံကျင့်သုံးနေလဲ။
PNK : စာရေးဆရာဆိုတာ ကိုယ်ရေးသားလိုက်တဲ့စာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူအများ ဖတ်ရှုရတော့ ကျယ်ပြန့်တယ်။ တစ်ခါတလေကျရင် စာရေးဆရာက ပြည်သူလူထုကို ပြောပြနေတယ်။ ဘယ်လိုမျိုး ပညာပေး၊ နားချနေတယ်ပေါ့။ ကိုယ်ကိုယ်တိုင်ကျတော့လည်း အဲဒါမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ် နေတဲ့ဟာမျိုးလည်း ရှိတတ်တယ်။ ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ စာရေးဆရာမျိုး မဖြစ်ဖို့လည်း လိုတယ်လို့ ကျွန်မကတော့ ထင်တယ်။ နောက်တစ်ခုက စာရေးဆရာဆိုတာကို လူတွေက ဝိုင်းပြီးတော့ လေးစားကြတယ်။ ကျွန်မတို့ကိုဆို ပရိသတ်က ချစ်ခင်တယ်၊ လေးစားကြတယ်။ ပရိသတ်က ချစ်ခင်ထိုက်အောင်၊ လေးစားထိုက်အောင် နေတတ်မှ ပရိသတ်ရဲ့ လေးစားမှုနဲ့ ထိုက်တန်မှာပေါ့။ အဲဒီလိုမျိုး မထိုက်တန်ဘူးဆိုရင် ပရိသတ်တွေကို အားနာဖို့ ကောင်းတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မက အမြဲတမ်း ကိုယ့်ကို လေးစားချစ်ခင်တဲ့သူတွေကို အားနာဖို့ ကောင်းတဲ့လုပ်ရပ်တွေ မလုပ်မိအောင်လို့ တဖြည်းဖြည်းနဲ့ ထိန်းတတ်လာတယ်။ တဖြည်းဖြည်း ကျင့်သားရလာတယ်။ ငါက စာရေးဆရာမ ဖြစ်တယ်၊ အများပြည်သူက ငါ့ကိုလေးစားတယ်၊ ချစ်ခင်တယ်၊ အများပြည်သူ လေးစားထိုက်အောင်နေ??

  • TAGS