News

POST TYPE

ENTERTAINMENT

ဒါရိုက်တာ ခရစ္စတီးနားခီ (Christina Kyi) နဲ့ တွေ့ဆုံခြင်း
18-Mar-2017 tagged as

မကြာခင် ရိုက်ကူးသွားမယ့် ရုပ်သံဇာတ်လမ်းတွဲအကြောင်း၊ လူရွေးချယ်မှု ပုံစံတွေနဲ့ ဥပ္ပါယ်တံမျဉ်ဇာတ်ကား ရုံတင်ပြသမှု အခြေအနေနဲ့ အကယ်ဒမီအပေါ် သဘောထား အမြင်တွေကို The Voice က အမေရိကန် ပြည်ထောင်စုကနေ ရုပ်ရှင်အတတ်ပညာဘွဲ့ရထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ (Christina Kyi) နဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။ 

Voice : ပထမဦးဆုံး ရိုက်ထားတဲ့ မုဒြာခေါ်သံ ဘယ်တော့လောက် ရုံတင်ဖြစ်မလဲ။
Christina Kyi : အစ်မထင်တာတော့ ဒီနှစ်ထဲ မတင်ဖြစ်ဖို့ များတယ်။ သူတို့က လိုင်းစီနေတယ်။ သူဌေးက A  Channel နဲ့ သွားချင်တာလားဆိုတော့ သူက ခဏ စောင့်ကြည့်ချင်တယ်လို့ ပြောနေတော့ အစ်မတို့ရှေ့မှာ ကားက ၆၃ ကား ဖြစ်သွားတယ်။ သူဌေးရဲ့သဘောပေါ် မူတည်တာပေါ့နော်။ ဒုတိယကားဖြစ်တဲ့ ဥပ္ပါယ် တံမျဉ်ကိုတော့ အစ်မတို့က လိုင်းမစီဘူး။ B-Channel နဲ့ သွားဖို့ ဆုံးဖြတ်ထားတယ်။ 

Voice : ဒီနှစ်ထဲတင် ဖြစ်မှာလား။
Christina Kyi : ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ ရုံရှင်နဲ့ညှိတဲ့အထဲမှာ အခြေအနေ ကောင်းတယ်။ 

Voice : သီတာရုပ်ရှင် လူရွေးချယ်မှုရော ပြီးသွားပြီလား။
Christina Kyi : မပြီးသေးဘူး။ ကြားထဲမှာ နာရေးတစ်ခု ရှိတာနဲ့ မလုပ်လိုက်နိုင်သေးဘူး။ ဒီကြားထဲမှာ သီတာ ဇာတ်ညွှန်းက သိပ်လည်း မကြိုက်သေးတာနဲ့ သီတာကို ပြင်နေချိန်မှာ အစ်မအခု P.I.T(Private Investigation Team) ဆိုတဲ့ တီဗီစီးရီး ရိုက်ဖို့အတွက် ဇာတ်ညွှန်းရေးဆရာ လေးယောက်ငှားပြီးတော့ Team ဖွဲ့ပြီးရေးတယ်။ ပြီးတော့ တီဗီစီးရီးကို လူခေါ်ရင်းနဲ့ပဲ သီတာအတွက်ပါ ခေါ်လိုက်မယ်။ P.I.T အတွက် အသစ်တွေ အများကြီး သုံးမယ်လို့ စိတ်ကူးထားတော့ တစ်ပြိုင်တည်း လုပ်လိုက်မယ်။

Voice : ရုပ်သံ ဇာတ်လမ်းတွဲက ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။ ဇာတ်လမ်းပုံစံက ဘယ်လိုမျိုးလဲ။
Christina Kyi : P.I.T ကို အရင် စရိုက်မယ်။ သီတာကိုတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှ ရိုက်ဖြစ်မယ်။ မှုခင်းဇာတ်လမ်းပေါ့။ မြန်မာပြည်မှာ အခု လက်ရှိဖြစ်ပေါ်နေတဲ့ မှုခင်းတွေ၊ Social  Issues တွေနဲ့ မြန်မာပြည်နဲ့ မြန်မာ့ဓလေ့နဲ့ ဖြစ်ပေါ်နေတဲ့ မှုခင်းတွေကို အဓိကထားပြီး ရေးသားထားတာပါ။ 

Voice : ဘယ်နှစ်ပိုင်းလောက် ပါမလဲ။
Christina Kyi : အပိုင်း ၅၀၊ ၆၀ လောက် မပြဘူး။ တစ်နှစ်မှာ ၁၂ နာရီစာ ၁၂ ပိုင်းပြမယ်။ တစ်ပိုင်းကို တစ်နာရီစာပေါ့။ ဒါပေမဲ့ နာရီဝက်နဲ့ခွဲရင် ၂၄ ပိုင်း ပြမယ်။ နှစ်တိုင်းတော့ ထပ်ရိုက်နိုင်အောင် ကြိုးစားမယ်။ အောင်မြင်သွားပြီဆိုရင်တော့ နှစ်တိုင်း နှစ်တိုင်းကို ၁၂ ပိုင်းပဲ သွားမယ်။ ၁၂ ပိုင်းထက် မပိုဘူး။

Voice : ဒီကားအတွက် အသစ်တွေနဲ့ ရိုက်ကူးသွားမှာလား။
Christina Kyi : အသစ်တွေရယ် နာမည်ကြီးတွေရယ် နှစ်ခုရောမယ်ပေါ့။ နောက်တစ်ခုက နာမည်ကြီးအများစုက အချိန်မရှိကြဘူး။ သူတို့မှာ တခြား ပရောဂျက်တွေ အရမ်းများတယ်ဆိုတော့ အစ်မ မှုခင်းဇာတ်လမ်း ဖြစ်နေတော့ မှုခင်းတွေက တစ်မျိုးပြီးတစ်မျိုး ပြောင်းသွားလို့ ရတယ်။ အဲဒီမှာကျတော့ နာမည်ကြီးတွေနဲ့  ရိုက်မယ်။ ဇာတ်လမ်းက နှစ်မျိုးခွဲထားတော့ မှုခင်းကို လိုက်တဲ့သူတွေကျတော့ အသစ်နဲ့သွားမယ်။ 

Voice : ဘယ်လိုင်းက လွှင့်ဖို့စီစဉ်ထားလဲ။
Christina Kyi : အစ်မအနုပညာကို Control လုပ်သွားမှာကြောက်လို့။ ကြော်ငြာတွေ ထည့်ရိုက်တာပါတယ်။ မင်းသား၊ မင်းသမီးတွေဆိုရင်လည်း ဟိုလူကထည့်ပါ ဒီလူကိုထည့်ပါဆိုတဲ့ အဲဒီလိုမျိုး အနုပညာကို ခြယ်လှယ်မှာ ကြောက်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အစ်မတို့ ထုတ်လုပ်ရေးကနေ ထုတ်ရိုက်မယ်။ ပြီးတော့မှ အစ်မတို့ အနုပညာကို ကြိုက်တယ်။ သူတို့ Channel မှာ ပြချင်တယ်ဆိုတဲ့ Channel ကို အဆင်ပြေရင် ရောင်းမယ်။ လုံးဝ အဆင်မပြေဘူးဆိုရင် အစ်မကို Web Channel  က လာဆက်သွယ်ထားတာ ရှိတယ်။ သူတို့ အခွဲအနေနဲ့ပေါ့။ အစ်မပြချင်တယ်ဆိုရင် အစ်မကိုယ်ပိုင် Website ကနေ လွှင့်မယ်။ အဓိကက အနုပညာကို ထိခိုက်မှာ ကြောက်တယ်။ 

Voice : အကယ်ဒမီပေးပွဲ နီးလာတာနဲ့ အကဲဖြတ်တာတွေကို ဝေဖန်မှုတွေက ထွက်လာတယ်။ ဒီနှစ်က အရင်နှစ်တွေနဲ့ အကယ်ဒမီပေးတဲ့ ပုံစံမတူတော့ ဒီလိုပြောင်းလဲမှုအပေါ် ဘယ်လိုမြင်မိလဲ။
Christina Kyi : ဟောလိဝုဒ်မှာ ဆိုရင်တော့ အော်စကာပေးတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ သူ့ရဲ့ လူဦးရေနဲ့ သူ့ဟာနဲ့သူ ရှိတယ်။ အစ်မအနေနဲ့က အကဲဖြတ်တဲ့သူ ဆိုတာ အကဲဖြတ်နိုင်လောက်တဲ့ အရည်အချင်း ရှိရမယ်ပေါ့။ သူများနိုင်ငံမှာ အော်စကာကို ပေးတဲ့သူ အတော်များများက အနုပညာကျောင်းထွက်တွေ များတယ်။  အနုပညာကို သေချာ နားလည်ပြီးတော့မှ သင်တယ်။ စီးပွားကို ရှာစားတယ်ဆိုပေမယ့် အနုပညာကို ကျောင်းကို သွားတက်ပြီးတော့မှ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေ များသောအားဖြင့် ဖြစ်တယ်။ ဒါပေမဲ့ ကျောင်းတက်တိုင်း ပညာတတ်တာ မဟုတ်ဘူး။ မွေးရာပါ Talent ရှိကြတဲ့လူတွေ ရှိတယ်။ နည်းနည်းလေး ပညာကို လိုက်စားရုံနဲ့ များများတတ်တဲ့လူတွေ ရှိပါတယ်။ အဲဒီလိုလူတွေက အမှတ်ပေး စည်းကမ်းနဲ့အညီ ပေးကြတယ်။ ဒီနိုင်ငံရဲ့ အနုပညာကို  တိုးတက်ချင်တယ်ဆိုရင် အစ်မမြင်တာတော့ တတ်သိကျွမ်းတဲ့လူတွေသာပဲ အကဲဖြတ်ဒိုင်တွေ ဖြစ်သင့်တယ်။ 

Voice : ဒီနှစ်မှာ ဇာတ်ကားရွေး ချယ်စရာ အရင်နှစ်ထက် များတယ်ဆိုပေမယ့် ဟာသကားတွေ များလာတော့ နောက်ပိုင်းဆိုရင် ဟာသကားတွေကပဲ  ဦးဆောင်သွားမယ်လို့ မြင်မိလား။
Christina Kyi : အစ်မက အနုပညာကို ဘယ်လိုမြင်လဲဆိုတော့ ဟာသပဲဖြစ်စေ၊ ဒရမ်မာပဲဖြစ်စေ၊ ဖိုက်တင်ပဲဖြစ်စေ ဘယ်လိုအမျိုးစားပဲဖြစ်ဖြစ် အနုပညာသည် တကယ်စစ်ရင် ခက်ခဲပါတယ်။ လူတစ်ယောက်ကို ကလိထိုးရယ်စရာ မဟုတ်ဘဲနဲ့ အလိုလို ရယ်မောပျော်ရွှင်အောင် လုပ်ရတာဟာ အခက်ခဲဆုံးလို့ အစ်မမြင်တယ်။ ဒါပေမဲ့ အောက်လုံးတွေ၊ မဟုတ်တရုတ်တွေ၊ ဘာမှလည်း အကျိုးမရှိဘဲနဲ့ ဘယ်လိုမှ ရယ်လို့မရ၊ ဗရုတ်သုတ်ခတွေ ရိုက်ပြနေတဲ့ဟာမျိုးကတော့ ဟာသလို့ မခေါ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အပျင်းပြေဖြစ်ပြီး လူတွေရဲ့ စိတ်ထဲမှာ အင်မတန် စိတ်ဆင်းရဲနေတဲ့ ခဏတာလေးမှာ အောက်လုံးလေး ကြားလိုက်ပြီး ညစ်ပတ်တဲ့ အလုံးတွေနဲ့ ဟိုပျော် ဒီပြက်လေးဖြစ်တာက ဟာသရုပ်ရှင်လို့ မမြင်ဘူး။ ဟာသကလည်း ဟာသအနုပညာ ရှိတယ်။ ဒီအတွက်ကြောင့် ထိုက်တန်တယ်ဆိုရင် ဒီအနုပညာကို ပေးကိုပေးရမယ်။ နောက်တစ်ခုက အစ်မတို့ အနေနဲ့သိတာက ဆန်ခါတင် စာရင်းက ဘယ်ကား၊ ဘယ်ကား ထွက်လာပြီဆိုရင် လေးကား၊ ငါးကားထက် မပိုသင့်ဘူး။ ဆန်ခါတင်ဖြစ်တဲ့အချိန်မှာ နေတိုးက နေတိုးကို ပြန်ပြိုင်လို့ မရပါဘူး။ နေတိုးသည် နောက်ထပ်လေးယောက်နဲ့ ပြိုင်ရမယ်။ ရှိရှိသမျှ မင်းသားတွေက အနည်းဆုံး လေးယောက်၊ ငါးယောက် ဖြစ်နေရမယ်။ ဒါရိုက်တာဆိုလည်း လေးယောက်၊ ငါးယောက် ဖြစ်နေရမယ်။ နောက်တစ်ခုက ပရိသတ်ကို မြင်သာ၊ ထင်ရှားစေရမှာ။ ဘယ်နေရာမှာ သူတို့ ဘာအကွက်ကို ကြည့်ပြီး အကယ်ဒမီ ပေးလိုက်တာလဲ။ အကယ်ဒမီဇာတ်ဆိုတာ သူတို့တစ်ယောက်တည်း သိလို့မရဘူး။ အကုန်လုံးကို သိသာ ထင်ရှားအောင်ပြကို ပြရမယ်။ အစ်မတို့ အနုပညာကို လေ့လာ လိုက်စားတဲ့သူတွေ၊ အနုပညာသည်တွေ အကုန်လုံးက ရုပ်ရှင်ချစ်သူတွေပါ။ ဒီအတွက်ကြောင့် ရုပ်ရှင်တွေကို အစ်မတို့ကြည့်တဲ့အခါ ဒါက အိုက်တင်ကောင်းတာလား၊ ဒါရိုက်တာ တော်သလား ဆိုတာသိကို သိရမယ်။ အခုဟာက လုံးဝ မသိရဘူး။ ကိုယ်ပေးချင်တဲ့သူကို ပေးတယ်။ နောက်ဆုံးကျမှ ဘယ်အကွက်ကို ရပါတယ်ဆိုတာ ပြောလိုက်တဲ့အခါကျတော့ ပရိသတ်က သူ့တစ်ယောက်တည်း အကွက်ကိုပြတော့ နောက်လူအကွက်ကို မမြင်ရဘူး။ သူများနိုင်ငံမှာ ဆုတစ်ဆု ရတယ်ဆိုရင် နောက်လူတွေက လေးစားသမှု ပြုတယ်။ ဒီလူသည် ဒီအဆင့်ကို ရောက်လာတဲ့အခါကျတော့ ကိုယ်မရပေမယ့် သူများကို ပြောဆိုခြင်း၊ ပုတ်ခတ်ခြင်းတွေ အရမ်း မလုပ်ကြဘူး။ အဲဒီလိုပဲ ရသွားတဲ့သူကလည်း ငါတော်လို့၊ ငါတတ်လို့ ဆိုတာထက် ဆုနဲ့ အတူတကွ ဆန်ခါတင် စာရင်းဝင်ကြတဲ့သူတွေကို Respect ပေးတဲ့ဟာလေး တွေ့ရတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ တစ်ဖက်သတ်ကြီးတွေပြ၊ တစ်ဖက်သတ်ကြီးတွေ လုပ်ရင်တော့ အစ်မတို့လည်း မသိရတော့ ဝေဖန်ဖို့ အရမ်း ခက်ခဲတယ်။ ပရိသတ်တွေလည်း နောက်ဆို အကယ်ဒမီဆိုတာ လေးစားမှာ မဟုတ်တော့ဘူးလို့လည်း ထင်တယ်။ 

Voice : အခုနောက်ပိုင်း ဗီဒီယို ရိုက်ကူးမှု နည်းလာချိန်မှာ ရုပ်ရှင်တွေကို အချိန်နည်းနည်းနဲ့ တော်တော်များများ ရိုက်ကူးလာကြတော့ နောက်ပိုင်းမှာ ရုပ်ရှင် အရည်အသွေးက ဘယ်လောက်အထိ ကျဆင်းသွားနိုင်မလဲ။
Christina Kyi : အနုပညာက အချိန်မပေးဘဲနဲ့ ရိုက်တဲ့ကား ဘယ်ကားမှ မကောင်းဘူးဆိုတာ ၁၀ဝ ရာခိုင်နှုန်း အာမခံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတာ အနုပညာဆိုတာ သူများနိုင်ငံတွေမှာ ကမ္ဘာကျော်အောင် ကောင်းနေတယ်ဆိုတာ ဇာတ်ညွှန်းကြီးကို သုံးနှစ် ရေးတာတို့၊ ငါးနှစ်ရေးတာတို့၊ သုံးရက်နဲ့ရေးလို့ မရဘူး။ သုံးရက်နဲ့ လက်တန်းရေးတာ မရဘူးတော့ မဟုတ်ဘူး ရတယ်။ ဒါပေမဲ့ ပေါက်ကရတွေ ထွက်လာတာပေါ့။ ခေါင်းက Overloading ဖြစ်သွားပြီဆိုရင်  ဒီထက် ထပ်မထွက်နိုင်ဘူးဆိုတော့ ထင်တာတွေ လုပ်ပစ်လိုက်တာပေါ့။ ရိုက်ကူးရေးမှာလည်း ဒီအတိုင်းပဲ။ အခုနောက်ပိုင်းဆို အဆိုးဆုံးက ဗီဒီယိုဈေးကွက်ကို ရုပ်ရှင်ရုံပေါ်ကို တင်တဲ့ဟာကို လက်ခံရိုက်ကူး ပေးနေသောသူတွေနဲ့ ရိုက်ကူးခွင့်ပြုပြီးတော့ ပြသခွင့်ပေးလိုက်တဲ့သူတွေကို အစ်မ လုံးဝ နားမလည်ဘူး။ ဘာဖြစ်လို့ အဖြစ်ခံတာလဲပေါ့။ ဒါပေမဲ့ သူတို့ဘက်က ပြောလိမ့်မယ်။ ကြည့်တဲ့သူတွေ ရှိနေတာပဲ။ ဒါပေမဲ့ ပရိသတ်ဆိုတာက ဘာမှကြည့်စရာ မရှိရင် ကြည့်နေမယ်လို့ အစ်မထင်တယ်။

ဆုအိနြေ္ဒဦး

  • TAGS