POST TYPE

ENTERTAINMENT

ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ယူပေးဖို့ တိုက်တွန်းတဲ့သူတွေ ရှိပါတယ် ဆိုတဲ့ ဇင်ဝိုင်း
15-Mar-2017 tagged as

ရန်ကုန်၊ မတ် ၁၅

ကျန်းမာရေး အခြေအနေကြောင့် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ်ကနေ အနားယူခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းက လာမယ့် ရွေးကောက်ပွဲမှာတော့ ဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ယူပေးဖို့ တိုက်တွန်းတဲ့သူတွေ ရှိပါတယ်လို့ The Voice ကို ပြောကြားပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း  အရွေးခံမယ့်လူမရှိတဲ့အတွက် ကျွန်တော် လျှောက်လွှာ သွားတင်ပါသေးတယ်။ သို့သော် ကိုလူမင်း ပြန်လုပ်မယ်ဆိုတဲ့အတွက် ကျွန်တော် နုတ်ထွက်ခဲ့ပြီး လျှောက်လွှာကိုလည်း ပြန်ရုပ်သိမ်းခဲ့တာပါ”လို့ ဝါရင့်သရုပ်ဆောင်ဇင်ဝိုင်းက ပြောကြားပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်အစည်းအရုံးမှ နာယက တချို့နဲ့ ရုပ်ရှင်လောကက သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၊ လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေက ဥက္ကဋ္ဌ ရာထူးမှာ ပြန်လည် တာဝန်ယူပေးဖို့ တိုက်တွန်းကြတာတွေတော့ ရှိကြောင်း သရုပ်ဆောင် ဇင်ဝိုင်းက ပြောကြားပါတယ်။

“ဒါကတော့ နှစ်တိုင်း ရွေးကောက်ပွဲ နီးလာပြီဆိုရင် ကျွန်တော့်ကို တိုက်တွန်းကြတာပါပဲ။ အဓိက ကတော့ ကျွန်တော်ပါပဲ။ ကျွန်တော့်လောကအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်အပေါ်မှာ ကျရောက်လာမယ့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲဆိုတာကို စဉ်းစားရမှာပါ။ အခုချိန်အထိတော့ ဥက္ကဋ္ဌရာထူးမှာ ပြန်အရွေးခံဖို့၊ မခံဖို့ မဆုံးဖြတ်ရသေးပါဘူး”လို့ ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ သရုပ်ဆောင်လူမင်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပြီးမှာ ရွေးကောက်ပွဲသစ် ကျင်းပပေးပြီးသွားရင် ရာထူးကနေ အနားယူမယ်လို့ တရားဝင် ကြေညာထားပါတယ်။ 


  • TAGS