POST TYPE

ENTERTAINMENT

ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း
16-Feb-2017 tagged as

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ တွေ့ဆုံပြီး ဘန်ကောက်မှာ ဖက်ရှင်ရှိုး သွားလျှောက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံများ၊ ရုပ်ရှင်ကားကြီး သုံးကားကို ခေါင်းဆောင်နေရာက ရိုက်ကူးမယ့်အကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တစ်လောက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖက်ရှင်ရှိုး သွားလျှောက်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
PTK : ဘန်ကောက်မှာ ကျွန်တော်က ကြော်ငြာတွေ မကြာခဏ ဆိုသလို ရိုက်ဖြစ်တယ်။ အဲ့ဒီလို သွားရိုက်ရင်းနဲ့ ဘန်ကောက်က မော်ဒယ်လ် အေဂျင်စီတွေနဲ့ ချိတ်မိပြီး အဆက်အသွယ်တွေ ရလာတယ်။ ကျွန်တော့်ရဲ့ Instagram မှာတင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး တခြားအေဂျင်စီတစ်ခုကလည်း လှမ်းချိတ်တယ်။ ဘန်ကောက်က အေဂျင်စီသုံးခုလောက်နဲ့ အလုပ်ကိစ္စအတွက် စကားပြောဖြစ်ရင်းနဲ့ ဖက်ရှင်ရှိုးလည်း လျှောက်ဖြစ်ခဲ့တာပါ။ ရှိုးပွဲကလည်း အစက ကျွန်တော် ထင်ထားတာတော့ ရိုးရိုးပုံမှန်ရှိုးလောက်ပဲ ထင်ထားတာ။ ဟိုရောက်တော့မှ နိုင်ငံတကာအဆင့်မီ ရှိုးတစ်ခုဖြစ်နေတာ တွေ့ရတယ်။ ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားက မော်ဒယ်လ်တွေ အများကြီး ပါပါတယ်။

Voice : ကိုယ်လျှောက်ခဲ့တဲ့ ဖက်ရှင်ရှိုးက အဝတ်အစား ဖက်ရှင်ရှိုးလား။
PTK : ဒီဖက်ရှင်ရှိုးက Product တစ်ခုတည်းအတွက် ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူး။ အဝတ်အစား ဒီဇိုင်နာတွေ အများကြီးပါတဲ့ ဖက်ရှင်ရှိုးပါ။ ပွဲစီစဉ်သူက  Hair Designer တစ်ယောက်ပါ။ သူတို့ရဲ့ ငါးနှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ လုပ်တာပါ။ နိုင်ငံတကာက မော်ဒယ်လ်တွေကို ဖိတ်ခေါ်ပြီးတော့ ရှိုးမှာ လျှောက်ခိုင်းတာပါ။ အဲ့ဒီပွဲမှာ ကိုရီးယားက မော်ဒယ်လ်တွေဆိုရင် အရပ်တွေက အမြင့်ကြီးတွေပဲ။ ကျွန်တော်ကြည့်လိုက်ရင် အကုန်လုံးရဲ့ အရပ်က ၆ ပေ ၄ လက်မ ဝန်းကျင်လောက်မှာ ရှိတယ်။ နိုင်ငံတကာက မော်ဒယ်လ်တွေနဲ့ယှဉ်ရင် ကျွန်တော့် အရပ်က အသေးဆုံးဖြစ်နေတယ်။ အရပ်ရှည်တဲ့သူတွေကြားထဲမှာ ကိုယ်က အပုဆုံးဖြစ်နေတော့ ရှိုးလျှောက်တဲ့အခါမှာ ပိုထင်းသွားတာပေါ့။

Voice : ကိုယ့်ရဲ့ ပထမဆုံး ပြည်ပရှိုး အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမှုတွေရော ရှိခဲ့သေးလား။
PTK : စိတ်လှုပ်ရှားမှုကတော့ အများကြီး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက မော်ဒယ်လ်ဆိုလို့ ကျွန်တော်တစ်ယောက်တည်း ပါတယ်။ အင်္ဂလိပ်လိုပဲပြောပြီး ဆက်သွယ်ရတာတော့ မဟုတ်ဘူး။ ကိုရီးယား၊ ဂျပန်၊ ထိုင်းက မော်ဒယ်လ်တွေက ဘာသာပြန် တစ်ယောက်စီပါတယ်။ ကိုယ်က သူတို့ဘာသာစကားကို နားမလည်တော့ စကားပြောရတဲ့အပိုင်းမှာ အခက်အခဲလေးတွေတော့ ရှိခဲ့တယ်။ နောက်ပြီး နိုင်ငံတကာက မော်ဒယ်လ်တွေ အများကြီးကြားထဲမှာ ကျွန်တော် တစ်ယောက်တည်း အင်္ကျီချွတ်ပြီး လျှောက်ရတော့ စိတ်ထဲမှာ နည်းနည်းတော့ ကြောက်စိတ်ဝင်မိခဲ့တယ်။

Voice : ဘန်ကောက်က အေဂျင်စီတွေနဲ့ နောက်ထပ် ဘယ်လို အနုပညာအလုပ်တွေ လက်တွဲလုပ်ဖို့ စကားတွေ ပြောခဲ့လဲ။
PTK : သူတို့က ပြောတယ်။ ဘန်ကောက်မှာ ရိုက်မယ့် ရုပ်သံစီးရီးတွေမှာ ကျွန်တော့်ကို ခေါ်သုံးချင်တယ်။ ရုပ်သံကြော်ငြာတွေလည်း ရိုက်မယ်။ ရှိုးပွဲတိုင်းမှာလည်း ခေါ်သုံးချင်တယ်။ အခု ရှိုးသွားလျှောက်တဲ့အခါမှာလည်း ကျွန်တော့်ရဲ့ အနုပညာကြေးကို သူတို့က ထိုက်ထိုက်တန်တန် ပေးပါတယ်။ မြန်မာနိုင်ငံမှာ ရတာထက် ပိုပြီးတော့တောင် ပေးပါသေးတယ်။ သူတို့အလုပ်လုပ်တာက စည်းစနစ်ကျတယ်။ သေချာတယ်။ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တယ်။ ကျွန်တော့်အတွက် နိုင်ငံတကာ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။

Voice : ဇာတ်ကားတွေလည်း စရိုက်နေပြီဆိုတော့ သရုပ်ဆောင်ဘက်မှာရော နေရာတစ်ခုရအောင် ဘယ်လို ဆက်ကြိုးစားသွားမလဲ။
PTK : ကျွန်တော်အခု ထုတ်လုပ်ရေးတစ်ခုနဲ့ ရုပ်ရှင်ကားကြီးသုံးကားကို ခေါင်းဆောင်နေရာက ရိုက်ဖို့ စာချုပ် ချုပ်ထားပါတယ်။ ပထမဆုံး ရုပ်ရှင်ကားကတော့ ဒီလထဲမှာ ကျွန်တော် စရိုက်မှာပါ။ အပွင့်လင်းဆုံးပြောရရင် သရုပ်ဆောင်ဘက်မှာ ဒီလို လမ်းစလေးတွေ ပွင့်လာတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာနေပါတယ်။ ကျွန်တော်က မော်ဒယ်လ်ဘက်မှာလည်း အစွမ်းကုန် ကြိုးစားခဲ့တယ်။ လမ်းတစ်ခုကို ဖောက်လို့ရအောင် မျိုးစုံ ကြိုးစားခဲ့တယ်။ လိုချင်တဲ့ပန်းတိုင်အထိ မရောက်သေးပေမယ့် လမ်းကြောင်းပေါ်မှာတော့ ကျွန်တော် လျှောက်နေပါပြီ။ သရုပ်ဆောင်ဘက်မှာတော့ ကျွန်တော့်အတွက် လမ်းစတစ်ခုကို မမြင်ရသေးဘူး။ အခုတော့ ရုပ်ရှင်ကားကြီး သုံးကားကို ခေါင်းဆောင်အနေနဲ့ ရိုက်ခွင့်ရတော့မှာဆိုတော့ အရမ်းဝမ်းသာပါတယ်။

Voice : နောက်ပိုင်းမှာကျတော့ သရုပ်ဆောင်ဘက်ကို ပိုပြီးလုပ်သွားဖို့ရှိမလား။ တစ်လောက Single သီချင်းတစ်ပုဒ်လည်း ဖြန့်ခဲ့သေးတယ်နော်။ 
PTK : ကျွန်တော်က သရုပ်ဆောင်လည်း လုပ်မယ်။ မော်ဒယ်လ်လည်း လုပ်မယ်။ ကြားထဲမှာ သီချင်းလည်း ဆိုဦးမယ်။ အနုပညာနဲ့ပတ်သက်ရင် နည်းနည်းတော့ လောဘကြီးတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် ထုတ်ခဲ့တဲ့ သီချင်းလေးက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်ကို တေးရေးဆရာက ရေးပေးထားတာပါ။ အဓိကကတော့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ ခံစားချက်လေးကို ရေးထားတာပါ။ ကျွန်တော့်ကောင်မလေးနဲ့ အဆင်မပြေတဲ့အချိန်မှာ သတိရတဲ့စိတ်နဲ့ ဆိုဖြစ်ခဲ့တဲ့သီချင်းပါ။ အခွေထုတ်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး။ အဆိုတော်လုပ်ဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်မှာ အဆိုတော်တစ်ယောက်ဖြစ်နိုင်တဲ့ အရည်အချင်းက ဘာမှမရှိဘူးဆိုတာ ကိုယ့်ဟာကိုယ် သိပါတယ်။ ဒီသီချင်းလေးကို ပရိသတ်တွေက အားပေးကြတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။

Voice : လက်ရှိမှာရော ကိုယ့်ရဲ့အချစ်ရေးက ပြန်အဆင်ပြေသွားပြီလား။
PTK : အချစ်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောပြစရာတော့ မရှိသေးပါဘူး။ ကျွန်တော့်ရဲ့ အနုပညာ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ လူတိုင်းကတော့ အချစ်နဲ့ မကင်းနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အနုပညာအလုပ်က ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ 

သန့်ဇင်ဦး

  • TAGS