News

POST TYPE

ENTERTAINMENT

အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း
15-Feb-2017 tagged as

နာမည်ကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မောင့်အိမ်သူ ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ သူ့ရဲ့ အိမ်ထောင်ရေးအကြောင်းနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ဆုနဲ့လွဲခဲ့တယ်နော်။ ဒီဇာတ်ကားကို အခု ရုံတင်တော့မှာဆိုတော့ ပရိသတ်ကို ဘာပြောချင်တာများရှိလဲ။
EDKZ : ဒီဇာတ်ကားကို ထုတ်လုပ်သူတွေက အကယ်ဒမီဆန်ခါတင် စာရင်းဝင်ချင်တဲ့အတွက် မနှစ်ကတုန်းက နယ်မှာအရင်ရုံတင်ခဲ့တယ်။ ရန်ကုန်မှာတော့ အခုမှစပြီး ရုံတင်မှာပေါ့နော်။ အကယ်ဒမီ အနေနဲ့ကတော့ ဒီနှစ်မှာ စာရင်း မဝင်တော့ဘူးပေါ့နော်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ထွေထွေထူးထူး ပြောပြချင်တာတော့ မရှိပါဘူး။ ဒီကားလေးက ပေးချင်တဲ့ Message လေးက ကောင်းတယ်ပေါ့နော်။ မိန်းကလေး ပရိသတ်တွေအတွက် တချို့ခံစားချက်လေးတွေ ဆိုရင်လည်း တူချင်တူမှာပေါ့နော်။ မောင့်အိမ်သူ ရုပ်ရှင်က အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းမျိုးဆိုတော့ အမျိုးသမီး ပရိသတ် တော်တော်များများ ကြိုက်လိမ့်မယ်လို့ အူဝဲ ထင်ပါတယ်။

Voice : ဒီဇာတ်ကားမှာ ကိုယ်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာနဲ့ ရိုက်ကွင်း အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။
EDKZ : ဒီကားမှာ အူဝဲက အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်နေရာက သရုပ်ဆောင်ရတာပါ။ သူက အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိတယ်။ သူ့ရဲ့ ယောက်ျားကလည်း ဖောက်ပြန်တယ်။ သူ့မှာက အမျိုးသမီး ရောဂါလည်း ရှိတယ်ပေါ့။ သူ့စိတ်ထဲမှာ တဖြည်းဖြည်းနဲ့ မျိုသိပ်ရတာတွေ များလာတဲ့အခါမှာ မွန်းကျပ်ပြီးတော့ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်သွားတဲ့ ကာရိုက်တာမျိုးလေးကို အူဝဲက သရုပ်ဆောင်ရတာပါ။

Voice : အပျိုဘဝတုန်းကထက်စာရင် ကိုယ်တိုင် အိမ်ထောင်ရှင် ဖြစ်လာတဲ့အချိန်မှာ ဒီလိုဇာတ်လမ်းမျိုး ရိုက်ရတော့ အက်တင်လုပ်လို့ ပိုကောင်းမှာပေါ့။
EDKZ : ဒီအရွယ်မှာ ဒီလိုဇာတ်လမ်းမျိုး ရိုက်ရတာ ကိုယ့်အတွက် အဓိပ္ပာယ်ပိုရှိတယ်လို့ ပြောရမှာပေါ့နော်။ အပျိုဘဝတုန်းကတော့ အိမ်ထောင်သည် အမျိုးသမီး၊ ကလေးအမေဆိုတဲ့ ဇာတ်ရုပ်တွေကို အထင်နဲ့ မှန်းပြီးတော့သာ သရုပ်ဆောင်နေရတာပါ။ သူများ လုပ်တာတွေကိုကြည့်၊ အပြင်မှာလည်း လေ့လာပြီး လုပ်တာပေါ့နော်။ ကိုယ်တိုင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ဒီလိုဇာတ်မျိုး ရိုက်ရတာ အက်တင်လုပ်လို့လည်း ပိုကောင်းတယ်။ ပိုပြီးတော့လည်း အဓိပ္ပာယ်ရှိတာပေါ့။

Voice : အိမ်ထောင်ရေး ပြဿနာ ဖြစ်လာရင် တချို့က စိတ်လိုက်မာန်ပါ ရင်ဆိုင်တယ်။ တချို့ကတော့ ခေါင်းအေးအေး ထားပြီးဖြေရှင်းတယ်။ ကိုယ်ကရော ဘယ်လို လူမျိုးထဲမှာပါလဲ။
EDKZ : လူဆိုတာကတော့ အမျိုးမျိုး ရှိတာပေါ့နော်။ အားလုံးက ကိုယ့်စိတ်နဲ့ကိုယ် ရှိကြတာပေါ့။ ဒါပေမဲ့ အူဝဲ အကြံပေးချင်တာကတော့ ပြဿနာ တစ်ခုခုကို ရင်ဆိုင်မယ်ဆိုရင် စိတ်တွေ မမြန်တာ ကောင်းတယ်။ အူဝဲ ပြောချင်တာက ကိစ္စတစ်ခုကို သေချာစဉ်းစားပြီးတော့ ဆုံးဖြတ်တာ ကောင်းပါတယ်။ ကိုယ့်ရဲ့ ဒေါသအလျောက် တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင် အမှား များတတ်တာပေါ့။

Voice : သာမန် အိမ်ထောင်ရေးတွေထက်စာရင် နာမည်ကျော် အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးက တည်မြဲဖို့ ပိုပြီး ထိန်းသိမ်းရတာ ခက်တယ်လေ။ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို အောင်မြင်အောင် ဘယ်လို ထိန်းသိမ်းဖြစ်လဲ။
EDKZ : အပြင်လောကမှာလည်း အိမ်ထောင်ကွဲတာတို့ ဘာတို့ ရှိကြပါတယ်။ ဒါပေမဲ့ အပြင်ကလူတွေ ဖြစ်တာက လူမသိဘူး။ အနုပညာရှင်တွေ ဖြစ်ရင်တော့ လူသိကြတယ်။ ဒါပေမဲ့လည်း ပြောရမယ်ဆိုရင် အနုပညာရှင်ဆိုတာလည်း လူပါပဲ။ စိတ်အခန့်မသင့်လို့ရှိရင်၊ ညှိယူလို့မရတာတွေ ရှိရင်တော့ ဖြစ်ကြရမှာပဲပေါ့နော်။ ဒါပေမဲ့လည်း အိမ်ထောင်ရေး ပြဿနာ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အူဝဲတို့ အိမ်ထောင်ရေးကတော့ အဆင်ပြေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ညှိညှိနှိုင်းနှိုင်းလေးနေတယ်။ အရင်ကတည်းကလည်း ကိုပြေတီဦးရော၊ ကိုယ်ရော နှစ်ယောက်လုံးက ချစ်လို့ယူခဲ့ကြတယ်။ မယူခင် ရည်းစားဘဝမှာလည်း တစ်ယောက်နဲ့တစ်ယောက်က တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ရှိတယ်။ အိမ်ထောင်ကျသွားပြီး နောက်ပိုင်းမှာလည်း အရင်ကထက် နားလည်မှုတွေပေးပြီး နေကြတယ်။ ဒါကတော့ အိမ်ထောင်သည်တိုင်း ဒီလိုမျိုး နေချင်ကြတာပါပဲ။ အတတ်နိုင်ဆုံး အဆင်ပြေအောင် နေကြတာပေါ့။

Voice : မအူဝဲ နောက်ဆုံး ရိုက်ကူးထားတဲ့ လေဒီဒိန်းဂျား ရုပ်ရှင်အကြောင်းလည်း ပြောပြပေးပါဦး။
EDKZ : ဒီဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ ပွင့်သိင်္ဂီဇော်ပါ။ သရုပ်ဆောင်တွေကတော့ ကိုခန့်စည်သူ၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ ပိုင်ဖြိုးသုနဲ့ အူဝဲပါပါတယ်။ အဲဒီဇာတ်ကားလေးကလည်း ယောက်ျားတွေ မကောင်းကြောင်း ရိုက်ထားတာပါပဲ။ အူဝဲကို လာငှားလိုက်ရင် ယောက်ျားတွေ မကောင်းကြောင်း ရိုက်ပြတဲ့ ကားတွေပဲ လာငှားနေတယ်။ အဲ့ဒီကားတွေ ထွက်လာရင် ယောက်ျားလေး ပရိသတ်တွေက အူဝဲကို အမှုန့်ကြိတ်ပစ်ချင်သလို ဖြစ်နေမှာလည်း ကြောက်ရသေးတယ်။ လေဒီဒိန်းဂျား ရုပ်ရှင်ကလည်း အမျိုးသမီးတွေ သဘောကျမယ့် ဇာတ်မျိုးပါပဲ။ ယောက်ျားတွေနဲ့ ပတ်သက်ပြီး ခံစားရတဲ့ မိန်းကလေးတွေအတွက်ကို ကိုယ့်ဘဝနဲ့ စာနာပြီးတော့ ကလဲ့စားချေတဲ့ ဇာတ်မျိုးပါ။

Voice : အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ဇာတ်လမ်းတွေကိုကျတော့ ဘယ်လို ရွေးချယ်ရိုက်ကူးဖြစ်နေလဲ။
EDKZ : အူဝဲ အခုနောက်ပိုင်း ဇာတ်ကားတွေ အရိုက်စိပ်တယ်ဆိုတာလည်း ပရိသတ်အတွက်ပါပဲ။ ကိုယ်ပါတဲ့ ဇာတ်ကားတွေကို သူတို့ ကြည့်ချင်ကြတယ်။ ကိုယ်ကကြားထဲမှာ အိမ်ထောင်ကျပြီး၊ ကလေးမွေးတာတို့ ဘာတို့လည်း ရှိလိုက်တော့ ဒီလောကနဲ့ အဆက်ပြတ်သွားသလို ဖြစ်ခဲ့တယ်။ အူဝဲပါတဲ့ ဇာတ်ကားတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေကို အတတ်နိုင်ဆုံး ပြန်ရိုက်ပေးတာပါ။ ရိုက်တယ်ဆိုပေမယ့်လည်း အရင်လောက်တော့ ဇာတ်ကားတွေ အူဝဲ မရိုက်နိုင်ဘူး။ ကလေးတွေ အတွက်ကိုလည်း အချိန်ပေးချင်တာကြောင့်ပါ။ နောက်ပိုင်းကတော့ လာပြောသမျှ ဇာတ်တွေကိုတော့ အူဝဲ လက်မခံဖြစ်ဘူး။ ကိုယ်က တစ်လလုံးလုံး ရှုတင်ပေါ်မှာပဲ နေနေလို့မရဘူး။ ကိုယ့်ကလေးတွေကိုလည်း အချိန် ပေးချင်သေးတယ်လေ။ အဲ့ဒါကြောင့် ပရိသတ် ကြိုက်နိုင်မယ့် ဇာတ်လမ်းမျိုး၊ ကိုယ်လည်း ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေပဲ ရွေးရိုက်ဖြစ်ပါတယ်။ 

သန့်ဇင်ဦး

  • TAGS