POST TYPE

ENTERTAINMENT

ကိုင်ဇာနဲ့ တွေ့ဆုံခြင်း
ဂီတလောကမှာ ပရိသတ် အားပေးမှု အခိုင်အမာ ရခဲ့ဖူးတဲ့ တေးသံရှင် ကိုင်ဇာနဲ့ တွေ့ဆုံပြီး၊ တစ်ကိုယ်တော် စီးရီးသစ် အကြောင်း၊ ယခုနှစ်အတွင်း ပြုလုပ်မယ့် ရှိုးပွဲအကြောင်းနဲ့ ပရိသတ် ကြိုက်ပြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေအပေါ် သူ့ရဲ့ ခံစားမှုတွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : ပရိသတ်တွေအတွက် စီးရီးသစ် မထွက်နိုင်တာ ကြာပြီနော်။ လုပ်လက်စ စီးရီးရော ရှိလားဗျ။
KZ : လုပ်လက်စဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် စီးရီးတစ်ခွေကိုတော့ ဒီနှစ်ထဲမှာ ထွက်ဖြစ်အောင် ကြိုးစားမယ်လို့ ကျွန်တော် ရည်ရွယ်ထားပါတယ်။ ရှိုးအနေနဲ့ကတော့ အစက ဖေဖော်ဝါရီလထဲမှာ တစ်ပွဲလောက် လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ရှိုးပွဲတွေကလည်း လုပ်ကြတာ အရမ်း များနေတယ်။ ကျွန်တော်ကလည်း ကိုယ့် ကိုယ်ရေးကိုယ်တာ အလုပ်တွေနဲ့ ရှုပ်နေတယ်။ ဒါပေမဲ့ ရှိုးပွဲ တစ်ပွဲတော့ လုပ်ဖို့ စီစဉ်ထားပါတယ်။ နီးမှပဲ ကျွန်တော် ပြန်ပြောပြပေးပါမယ်။

Voice : ရှိုးပွဲက တစ်ကိုယ်တော် ရှိုးဖြစ်မလား။ စုံတွဲ ရှိုးဖြစ်မလား။
KZ : အဓိကကတော့ ကျွန်တော်က ရှေ့မှာ သီချင်းရှင်ရဲ့ ခရီးစဉ် ၁၊ ၂ ဆိုပြီး ရှိုးပွဲ နှစ်ပွဲလုပ် ပြီးပြီပေါ့။ ၃ အနေနဲ့ ကျွန်တော် တစ်ပွဲ ထပ်လုပ်မလို့ပါ။ ကျွန်တော်နဲ့ စုံတွဲဆိုမယ့် အဆိုရှင်တွေကတော့ မလွဲမသွေ ပါမှာပါ။ တစ်နှစ်ကို ရှိုးပွဲ တစ်ပွဲလောက်တော့ လုပ်ဖြစ်အောင် ကျွန်တော် ကြိုးစားပါမယ်။ ဒါမှလည်း ကိုယ့်ပရိသတ်နဲ့ ထိတွေ့ခွင့်ရမှာ ဆိုတော့လေ။

Voice : စီးရီးသစ်ကကျတော့ရော လုပ်နေတာ ဘယ်လောက်လောက် ကြာနေပြီလဲ။
KZ : ဒီစီးရီးကို ၂၀၀၅ ခုနှစ်လောက်ကတည်းက စသွင်းနေတာဆိုတော့ လုပ်နေတာ ဆယ့်တစ်နှစ်လောက် ရှိပါပြီ။ ကျွန်တော် လုပ်ထားတဲ့ သီချင်းတွေကပဲ အပုဒ် ၂၀ ကျော် ၃၀ နီးပါးလောက် ဖြစ်နေပါပြီ။ ဒီခွေကို အသံသွင်းတာက ကိုယ့်အိမ်က Home Studio မှာပဲဆိုတော့ သီချင်းလေး ငါးပုဒ်လောက်ရရင် အသံသွင်းလိုက် ဖြစ်နေတာပေါ့။ လုပ်ထားပြီးသား သီချင်းတွေထဲက အကောင်းဆုံးလေးတွေ ပြန်ရွေးမယ်။ နောက်ထပ် ရေးထားပြီးသား သီချင်းတွေလည်း ပါဦးမယ်။ သီချင်းတွေကိုတော့ နည်းနည်း ပြန်မွမ်းမံရမှာပေါ့။ ၂၀၀၅ ခုနှစ်ကတည်းက လုပ်ထားတဲ့ သီချင်းတွေကိုကျတော့ နည်းနည်းခေတ်နဲ့အမီ ဖြစ်အောင် ပြန်ပြုပြင်ရမှာပေါ့။

Voice : သီချင်း ပုံစံတွေကရော ကိုယ်ဆိုနေကျ ပုံစံတွေပဲလား။ အပြောင်းအလဲ လုပ်ထားတဲ့ သီချင်းမျိုးတွေရော ပါနိုင်မလား။
KZ : သီချင်းတွေကတော့ ကိုယ်ပိုင်သံစဉ်တွေ ဖြစ်တဲ့အတွက် တစ်ခါနဲ့ တစ်ခါ လုပ်ထားတဲ့ ပုံစံချင်းက မတူဘူးပေါ့နော်။ ကျွန်တော် ဆိုနေကျ သီချင်းပုံစံမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ သို့သော် စာသား အယူအဆကျတော့ ပြောင်းလဲလာတဲ့ အသက်အရွယ်အလိုက်၊ ခေတ်နဲ့အညီ ဖြစ်အောင်တော့ လိုက်ရေးရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဖြေဖျော်ရေးမှာက သီချင်း တစ်ပုဒ်ရေးရင် ပရိသတ်ရင်ထဲ ရောက်ဖို့ ခံစားကျေနပ်စေဖို့၊ အရေးကြီးတယ်။ အဲ့ဒီအတွက်လည်း သေချာ စဉ်းစားပြီးတော့ ရေးထားရတာပေါ့။

Voice : သီချင်း အကြောင်းအရာတွေကျတော့ရော ဘယ်လိုမျိုးတွေ ဖြစ်မလဲ။ လက်ရှိ အသက်အရွယ်မှာကျတော့ ပရိသတ်တွေကို ဘယ်လို သီချင်းမျိုးတွေ ပိုဆိုပြချင်လဲ။
KZ : သီချင်းတွေကတော့ ပုံစံမျိုးစုံပါပဲ။ အချစ်အကြောင်းလေးတွေလည်း ပါတယ်။ ဘဝအကြောင်း၊ အနုပညာ အကြောင်းလေးတွေလည်း ပါတယ်။ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမယ့် သီချင်းမျိုးတွေလည်း ပါတယ်။ ဒီအသက်အရွယ်မှာ ပရိသတ်ကို ဆိုပြချင်တဲ့ သီချင်းပုံစံမျိုးကို တစ်ပုဒ်ချင်း ရွေးပြီး ပြောပြဖို့ကတော့ ခက်တာပေါ့။ အရင်တုန်းက မရေးဖူးတဲ့ အကြောင်းအရာမျိုးတွေလည်း ရေးဖြစ်ပါတယ်။ ဒီအချိန်မှာ မြင်တဲ့အမြင်၊ သိတဲ့ အသိလေးနဲ့ ချပြချင်တဲ့ အကြောင်းအရာမျိုးတွေ၊ တစ်ခါမှ မရေးဖူးဘဲ၊ အခုမှ စရေးဖြစ်တဲ့ သီချင်းပုံစံမျိုးတွေလည်း ရှိပါတယ်။

Voice : အောင်မြင်ခဲ့တဲ့ ကိုယ်ပိုင် သံစဉ်သီချင်းကောင်းတွေ အများကြီး ရေးခဲ့တာဆိုတော့ သီချင်းရေးတဲ့အခါမှာ အကြောင်းအရာပိုင်းကို ဘယ်လိုရှာဖြစ်လဲ။
KZ : အတွေးထဲမှာ မွန်းကျပ်လာခဲ့ရင်သော်လည်းကောင်း၊ တစ်ခုခုမြင်တွေ့ရတဲ့ ခံစားချက်က ရင်ထဲကို ကူးစက်သွားခဲ့ရင်သော်လည်းကောင်း၊ ကြားသိရတဲ့ အကြောင်းအရာ တစ်ခုခုကိုသော်လည်းကောင်း သီချင်းတွေအဖြစ် ချရေးဖြစ်ပါတယ်။ တစ်ခါတလေကျတော့ ပြောစကား ဆိုစကားတွေထဲမှာ ပေါ်လာခဲ့တဲ့ ခေါင်းစဉ်လေးကို မြတ်နိုးပြီးတော့ အဲ့ဒါလေးကို ပုံဖော်ချင်တာသော်လည်းကောင်း သီချင်းရေးဖြစ်ပါတယ်။ အခုဆို ပို လွယ်တာပေါ့နော်။ အတွေးလေး ပေါ်လာရင်ဖြစ်ဖြစ်၊ ခေါင်းစဉ်လေး ပေါ်လာရင်ဖြစ်ဖြစ် ရေးမှတ်ထားလိုက်တယ်။ ဖုန်းထဲမှာ မှတ်ရင်လည်း မှတ်ထားလိုက်တယ်။ ကိုယ်စိတ်အေး၊ လက်အေးရှိတဲ့ အချိန်မှာ ချရေးဖြစ်တာပေါ့။

Voice : ပရိသတ်ကြိုက်ပြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲမှာ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိခဲ့တဲ့ သီချင်းမျိုးရော ရှိလား။
KZ : ကျွန်တော့် သီချင်းတွေထဲက ရွေးပြောရမှာတော့ တော်တော် ခက်တယ်ဗျ။ ကိုယ်ရေးထားတဲ့ သီချင်းဆိုတော့ အကုန် ကြိုက်တာပေါ့။ ဒါပေမဲ့ ရေးပြီးမှ သိပ်မကြိုက်တဲ့ သီချင်းမျိုးလည်း ရှိပါတယ်။ အရင်တုန်းက ကိုယ်ဆိုခဲ့တဲ့ သီချင်းတွေထဲက တချို့ သီချင်းတွေကို ပတ်ဝန်းကျင်က ဖွင့်တာကြားရင် ကျွန်တော်က နားထောင်ပြီး ရှက် နေတယ်။ အဲ့ဒီလိုမျိုးလည်း ရှိပါတယ်။ သီချင်းအားလုံးကို အကြိုက်ဆုံးရယ်၊ အမြတ်နိုးဆုံးရယ်လို့တော့ မဟုတ်ပါဘူး။ သီချင်းတိုင်းကတော့ ကိုယ့်အတွေးထဲမှာ ကိုယ်ကြိုက်လို့ ရေးထားတာဆိုတော့ အကောင်းဆုံးရယ်လို့ ရွေးချယ်ပြလို့ မရဘူး။အဲ့ဒီအချိန်ကာလမှာတော့ အဲ့ဒီသီချင်းက အကောင်းဆုံးပါပဲ။ 

Voice : ကိုယ့်ကို အားပေးနေဆဲ အမာခံ ပရိသတ်တွေအတွက် ဖြည့်စွက် ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။
KZ : ပထမကတော့ ကျွန်တော်က ရှိုးလုပ်ရုံလုပ်မလို့ပါ။ ဒါပေမဲ့ ကျွန်တော်က အခု ကိုယ်ပိုင်သံစဉ် စီးရီးလေး ထွက်နိုင်ဖို့ကို ပိုအားသန်နေတယ်။ စီးရီးသစ် ထွက်ပြီးတော့မှ သီချင်းအဟောင်းတွေရော၊ ခွေအသစ်ထဲက သီချင်းတွေရော ပေါင်းပြီး ရှိုးလုပ်မလို့ စဉ်းစားထားတယ်။ ရှိုးလုပ်မယ့် နေရာဆိုလည်း MCC ခန်းမလိုမျိုး၊ အမျိုးသား ဇာတ်ရုံလိုမျိုးတွေ ပေါ်လာတဲ့အတွက် နွေမိုးဆောင်း ပြဿနာ မရှိတော့ဘူး။ အဲ့ဒီတော့ ကိုယ်အဆင်ပြေတဲ့အချိန် လုပ်ရုံပဲ။ ဒီနှစ်ထဲမှာ ရှိုးပွဲ လုပ်ဖြစ်အောင် လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။

သန့်ဇင်ဦး