POST TYPE

ENTERTAINMENT

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း
07-Jan-2017 tagged as

Vitoria ထုတ်လုပ်ရေးကို စလုပ်ဖြစ်ပုံ၊ ထုတ်လုပ်ရေးကနေ ရိုက်ကူးသွားမယ့် ဇာတ်လမ်းတွေ အကြောင်း၊ မကြာခင် ရိုက်ကူးမယ့် ကြယ် ရုပ်ရှင်ဇာတ်ကားကို လက်ခံဖြစ်ပုံ၊ ဧဒင်နတ်သမီး ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အကယ်ဒမီ မျှော်မှန်းမှုအပေါ် ခံစားချက်တွေကို The Voice က သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : Vitoria ထုတ်လုပ်ရေးကို ဘယ်လိုအချက်တွေကြောင့် စလုပ်ဖြစ်တာလဲ။
PPT : အဓိကက သု ထုတ်လုပ်ရေး လုပ်ဖြစ်တာ စီးပွားရေး အနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ သု ရိုက်ချင်တဲ့ ကားတွေကို လူမိုက် အဖြစ်ခံပြီး ရိုက်တာပါ။ ကိုယ်တိုင်ကလည်း စီးပွားရေး မလုပ်တတ်ပါဘူး။ သု လုပ်ချင်တဲ့ ကာရိုက်တာလေးကို စီးပွားရေးအတွက် မျှော်လင့်ချက် မရှိဘဲနဲ့ ရှုံးရင်လည်း ရှုံးသွားမှာပဲလို့ စိတ်က လုံးဝ ပိုင်းဖြတ်ထားတယ်။ သုတို့ ထုတ်လုပ်ရေးက ရိုက်တဲ့ကားတွေက ရှုံးရင်လည်း ရှုံးသွားမှာပဲ။ ဒါပေမဲ့ အဓိက က သုအတွက် အနုပညာ တစ်ခုခု ကျန်တဲ့ ကာရိုက်တာလေး တစ်ခု ပရိသတ်ရှေ့မှာ လုပ်ပြခွင့်ရလိုက်တယ်ဆိုရင်ပဲ အဲဒါအမြတ်ပဲဆိုတဲ့ ခံယူချက်နဲ့ သု ရိုက်မှာပါ။

Voice : မိဘတွေက ဆေးပညာကို ပိုဦးစားပေး လုပ်စေချင်ပေမယ့် ဆေးပညာဘက် မသွားဘဲနဲ့ ဘာကြောင့် ဒီအနုပညာ ဘက်ကို ပိုလုပ်ဖြစ်တာလဲ။
PPT : ဆေးပညာလည်း လုပ်ခွင့်ရရင် လုပ်ဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိဘကလည်း ဆေးပညာနဲ့ ပတ်သက်ပြီး တွန်းအားပေးနေတာ ဆိုတော့ အကောင်းဆုံး ကိုယ့်ဘက်က လုပ်ဆောင်နိုင်သရွေ့ တာဝန်ကျေအောင် လုပ်သွားမှာပါ။ ထုတ်လုပ်ရေး လုပ်လိုက်တယ် ဆိုတာက သု ရိုက်ချင်တဲ့ ကားတွေ သူများကို အားမနာဘဲနဲ့ ကိုယ့်ဘာသာ ရိုက်ရင် စီးပွားရေး အမြတ် ကျန်ပါ့မလားဆိုပြီး အားနာစရာ မလိုတော့ဘူး။ အဲဒီအတွက် ရိုက်ကြည့်ချင်တာကြောင့် လုပ်ဖြစ်တာပါ။

Voice : တခြား ထုတ်လုပ်ရေးတွေက ဗီဒီယိုဇာတ်ကားတွေ အရိုက်နည်းလာချိန်မှာ Victoria ထုတ်လုပ်ရေးက ဘာကြောင့် ဗီဒီယို ဇာတ်ကားတွေ ပိုရိုက်ဖို့ စီစဉ်ဖြစ်တာလဲ။
PPT : အဓိကကတော့ ကုန်ကျစရိတ်ပေါ့နော်။ ဗီဒီယိုက ရုပ်ရှင်လောက် ကုန်ကျစရိတ် မများဘူး။ နောက်တစ်ခုက ရုပ်ရှင်ကျတော့ ရုံတင်ရက်တွေ စောင့်ရတာနဲ့ အကြာကြီး စောင့်ရမယ်။ သုက အသစ်ဆိုတော့ ပရိသတ်နဲ့ များများထိတွေ့ချင်တယ်။ ပရိသတ်ရှေ့ကနေ အကြာကြီး မပျောက်ချင်ဘူး။ ရုပ်ရှင်က ရိုက်ပြီးရင် ပရိသတ် ထိတွေ့ဖို့ တော်တော်လေး စောင့်ရတယ်။ ဗီဒီယိုက ၆ လလောက်ဆိုတာနဲ့ ထွက်နိုင်တယ်။ ပရိသတ်ရှေ့ကို မြန်မြန် ရောက်ချင်တာနဲ့ ဗီဒီယိုဘက်သွားတာပါ။ သုတို့ ထုတ်လုပ်ရေးကနေ ရုပ်ရှင်တွေလည်း ရိုက်ကူးသွားဖို့ ရှိပါတယ်။

Voice : Victoria ထုတ်လုပ်ရေးက ဘယ်လို ဇာတ်အိမ်မျိုးတွေ ရိုက်ကူးဖြစ်မလဲ။
PPT : သုကိုယ်တိုင် ရိုက်ချင်ပြီး ပရိသတ် အတွက်လည်း တစ်ခုခု ကျန်မယ့် ခံစားချက် ရသအသစ်တွေ ရနိုင်မယ့်ကားတွေ ရိုက်ဖြစ်သွားမယ်။ သု စဉ်းစားထားတာ မွေးရာပါ မျက်မမြင်ဖြစ်နေတဲ့သူတွေ၊ အော်တစ်ဇင် ဖြစ်နေတဲ့သူတွေနဲ့ ဘဝမှာ တစ်ခုခု မကျေနပ်ချက် ရှိနေတဲ့သူတွေရဲ့အကြောင်းကို ရိုက်ကူးချင်တယ်။ အပြင်မှာ ဖြစ်နေတဲ့ ကာရိုက်တာတွေကို  ပိုရိုက်ချင်တယ်။

Voice : ထုတ်လုပ်ရေးကနေ ဘယ်တော့လောက် စရိုက်သွားမလဲ။
PPT : ဖေဖော်ဝါရီလမှာ ဗီဒီယို တစ်ကား စရိုက်မယ်။ ပထမဦးဆုံး သုတို့ ထုတ်လုပ်ရေးက စရိုက်တဲ့ကားက ဒရမ်မာ ကားဖြစ်မယ်။ ဇာတ်လမ်းက ဒါရိုက်တာ ကိုဏကြီး ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းပါ။

Voice : တစ်နှစ်ကို ဇာတ်ကား ဘယ်နှကား ရိုက်ကူးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိလား။
PPT : အဲဒါတော့ အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ သု ရိုက်ချင်တဲ့ ကာရိုက်တာလေးတွေ လုပ်သွားမယ်။ ကိုယ်တိုင် အလုပ် လုပ်တယ်ဆိုပေမယ့် ဒီဘက်မှာ ရိုက်လက်စအလုပ်တွေ၊ လက်ခံထားတဲ့ ကားတွေ ရှိတယ်။ ကားရိုက် နည်းနည်းဟတဲ့ အချိန်တွေမှာ တစ်ဖက်က ကိုယ်ကမ်းလှမ်းထားတဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေ ပေးထားတဲ့ရက်အတွင်းမှာ ဟိုဘက်က ပေးထားတဲ့ အလုပ်တွေ လက်မခံဘဲနဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ ဇာတ်ကားတွေ ရိုက်ကူးသွားမှာပါ။

Voice : ၂၀၁၇ မှာ ဇာတ်ကား လက်ခံမှုပုံစံ အပြောင်းအလဲရှိလား။
PPT : အပြောင်းအလဲဆိုတာထက် ဇာတ်ကားတွေကို အဓိက အကောင်းဆုံး ကြိုးစားမှာပါ။ သုက အခုချိန်မှာ ပရိသတ်က ကိုယ့်ကို မျက်စိထဲ မြင်လာအောင်၊ ပရိသတ်က သရုပ်ဆောင် ပီပြင်တယ်ဆိုတဲ့ မှတ်ချက်လေး တစ်ခုရဖို့ အသည်းအသန် ကြိုးစားဆဲကာလဆိုတော့ အတတ်နိုင်ဆုံးတော့ ကာရိုက်တာတွေကို အပီပြင်ဆုံး ဖြစ်အောင်၊ ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာ၊ ပရိသတ် ကိုယ့်ကို မမြင်ဖူးတဲ့ ကာရိုက်တာတွေကို မျိုးစုံ ကြိုးစားသွားမှာပါ။

Voice : ၂၀၁၆ ခုနှစ် တစ်နှစ်လုံး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မယ်ဆိုရင် ကျေနပ်အားရမှု ဘယ်လောက်အထိ ဖြစ်မလဲ။
PPT : သုအတွက် ကံကောင်းတဲ့နှစ် တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အတွက် လုပ်ကွက်တွေ ရှိတဲ့ ဇာတ်ကားတွေ ရိုက်ခွင့် ရခဲ့တယ်။ ကိုယ်မလုပ်တတ်သေးတဲ့ ပညာတွေကို ဆရာတွေဆီကနေ ဆည်းပူးခွင့်ရတယ်။ 

Voice : ကိုယ်ရိုက်ဖူးတဲ့ ဇာတ်ကားတွေထဲက အကျေနပ်ဆုံးကားတွေက ဘယ်ကားတွေ ဖြစ်မလဲ။
PPT : နေဝင်အိမ်တန်းတက်၊ ပန်းဒေါင်း ရုပ်ရှင်ကားကြီးတွေက သုအတွက် တော်တော့်ကို စိန်ခေါ်မှုများခဲ့တဲ့ ကားတွေပါ။ 

Voice : ဇာတ်ကား တော်တော်များများ ဒရမ်မာကားတွေ အရိုက်များတာဆိုတော့ ကိုယ်တိုင်က အဲဒီဘက်ကို အားသန်လို့ ရိုက်ဖြစ်တာလား။
PPT : သုက ဇာတ်လမ်းအစုံ ရိုက်ချင်ပါတယ်။ ဒါပေမဲ့ သုကို လာကမ်းလှမ်းတဲ့ ကားတွေက ဒရမ်မာတွေ များနေတာ၊ ဟာသက ကိုယ် မတတ်သေးတဲ့ ဘာသာရပ်ပါ။ အဲဒီပညာကို လိုချင်တဲ့အတွက် ရိုက်ကြည့်ချင်ပါတယ်။

Voice : ကြယ်ရုပ်ရှင်ကားမှာ သရုပ်ဆောင်တွေ များတော့ သုအတွက် ဘယ်လောက်အထိ လုပ်ကွက်ရမယ် ထင်လို့ လက်ခံဖြစ်တာလဲ။
PPT : ဒီထဲမှာ ကာရိုက်တွေ များတယ်။ သရုပ်ဆောင်တွေ များတယ်။ ဒါပေမဲ့ အားလုံးကို လုပ်ကွက် တစ်ခုစီမျှပြီး ပေးထားတယ်။ ပြီးတော့ ညီမ ကာရိုက်တာက မလုပ်ဖူးတဲ့ ထူးထူးခြားခြား ကာရိုက်တာ၊ ပရိသတ်အနေနဲ့ အသစ် မြင်ရမယ်ထင်တယ်။ ဒါရိုက်တာနဲ့ အရင်ကားတွေ ရိုက်ဖူးတယ်။ ရိုက်တိုင်း သရုပ်ဆောင်ကို သေချာခိုင်းတဲ့ ဒါရိုက်တာဆိုတော့ အဲဒါကြောင့် ယုံယုံကြည်ကြည်နဲ့ လက်ခံရိုက်ဖြစ်တယ်။

Voice : ဇာတ်ဆောင်က ဘယ်လိုပုံစံမျိုး သရုပ်ဆောင်ရမှာလဲ။
PPT : ခပ်ဆိုးဆိုး ခပ်ဂျစ်ဂျစ်နေတဲ့ ကောင်မလေး။ သူကအမေနဲ့ ပထွေးနဲ့ နေရတယ်။ အဲဒီအတွက် လောကကြီးကို မကျေနပ်တာတွေ ရှိတယ်။ သူ့မှာ အရမ်း ချစ်ရတဲ့ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ သူတို့ သုံးယောက်က အမြဲ ဆိုးဖော်ဆိုးဖက်၊ သူတို့ သုံးယောက်လုံးက ဘဝမှာ အနာတွေ ရှိတယ်။ ခံစားချက်တွေ တူတဲ့အတွက် တွဲဖြစ်နေတယ်။ 

Voice : ကြယ်ဝတ္ထု ဖတ်ပြီးပြီလား။ ဇာတ်ကောင်အတွက် ပြင်ဆင်မှုအပိုင်း ဘာတွေ လုပ်ထားလဲ။
PPT : ဇာတ်ကို အကြိမ်ကြိမ် ဖတ်တယ်။ ဘယ်နားမှာ သု ဘယ်လိုလေး လုပ်လိုက်ရင် ကောင်းမလဲ၊ ဒီ Scene က ဘာကြောင့် သူ ဒီလိုလုပ်တာလဲ။ အဓိက ဇာတ်ကောင်ရဲ့စိတ်၊ ဇာတ်ကောင်နဲ့ သု တစ်သားတည်း ကျဖို့ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို နားလည်အောင် ကြိုးစားဖြစ်တယ်။ ပိုင်ဖြိုးသု ဆိုတာ ပျောက်သွားပြီး အဲဒီ ဇာတ်ကောင်က ဘယ်သူလဲ၊ အဲဒီဇာတ်ကောင် ဖြစ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ကာရိုက်တာက ခပ်ဆိုးဆိုး ကောင်မလေးပုံစံ ပီပြင်အောင် အသုံး အဆောင် ပစ္စည်းတွေ၊ ကာရိုက်တာအတွက် ထားရမယ့်စိတ်တွေကအစ အခုကတည်းက ပြင်ဆင်နေတယ်။

Voice : ဧဒင်နတ်သမီး ဇာတ်ကားနဲ့ ပရိသတ်က အကယ်ဒမီ ထင်ကြေးပေးနေတဲ့အပေါ် ဘာပြောချင်လဲ။
PPT : လုံးဝ မမှန်းထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သု ပါတဲ့အခန်းက အရမ်း နည်းပါတယ်။ အကယ်ဒမီက အဝေးကြီး လိုပါသေးတယ်။ အကယ်ဒမီကိစ္စက ဘယ်သူဖေ့ဘွတ်စ်ပေါ် ဖွလိုက်လဲ မသိပါဘူး။ အဲဒီကိစ္စ မဟုတ်ပါဘူး။ ကောလာဟလပါ။

Voice : သုရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို အသိပေးချင်တာမျိုးရှိ လား။
PPT : သုမှာ ချစ်သူ မရှိဘူးလို့ ပရိသတ်ကို မညာချင်ပါဘူး။ ချစ်သူ သက်တမ်းက ၃ နှစ်လောက် ရှိပါပြီ။ အနုပညာ လောကထဲကပါပဲ။

ဆုအိနြေ္ဒဦး

  • TAGS