POST TYPE

ENTERTAINMENT

ဒါရိုက်တာ အောင်မြတ်နဲ့ တွေ့ဆုံခြင်း
05-Jan-2017 tagged as

လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ အောင်မြတ်နဲ့ တွေ့ဆုံပြီး MRTV4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲအပေါ် သူ့ရဲ့မျှော်လင့်ချက်၊ ရိုက်ကူးရေး အမှတ်တရများနဲ့ အခက်အခဲများအကြောင်း၊ ဆက်လက် ရိုက်ကူးသွားမယ့် ဇာတ်ကားတွေ အကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : လတ်တလော MRTV4 ရုပ်သံလိုင်းမှာ ပြနေတဲ့ မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲက အောင်မြတ်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲနော်။ စပြတဲ့အချိန်မှာပဲ ပရိသတ်တွေက စိတ်ဝင်စားစွာ စောင့်ကြည့်အားပေး ကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။
AM : ကျွန်တော်ကတော့ ပုံမှန်ဆိုရင် ရုပ်သံကြော်ငြာတွေနဲ့ ဂီတဗီဒီယိုတွေပဲ ရိုက်နေတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ ဇာတ်လမ်း အနေနဲ့ ရိုက်ထားတာက မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲရယ်၊ အနမ်းဝိုင် ရုပ်ရှင်ကားကြီးရယ်ပဲ ရှိပါသေးတယ်။ ရုပ်ရှင်ကားကြီးကတော့ ရုံမတင်ရသေးတဲ့အတွက် ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှု အပိုင်းကို ပရိသတ်တွေ မမြင်ရသေးဘူးပေါ့နော်။ အခုလက်ရှိပြနေတဲ့ မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲကိုတော့ စရိုက်ကတည်းက ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံး အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပြီး ရိုက်ခဲ့တယ်။ ကျွန်တော်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားပြီး ရိုက်ထားပါတယ်။ အဲ့ဒီအတွက် ဒီဇာတ်လမ်းတွဲအပေါ် အများကြီး မျှော်လင့်ထားပါတယ်။

Voice : ဇာတ်လမ်းကလည်း လူသတ် တရားခံကို ဖော်ထုတ်ရတဲ့ မှုခင်း နောက်ခံ ဇာတ်လမ်းမျိုးနော်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ချင်လာအောင် ဘယ်လို ကြိုးစား ရိုက်ကူးထားလဲ။
AM : ကျွန်တော်က ဂီတ ဗီဒီယိုတွေ ရိုက်ရင်တောင် Romance နဲ့ ဒရာမာ ဇာတ်လမ်းပုံစံလေးတွေ အရိုက် များပါတယ်။ အခုလိုမျိုး Suspense ပုံစံ ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတော့ ကျွန်တော် ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။ အရင်က မသိနားမလည်သေးတဲ့ အချက်အလက်တွေ၊ လေ့လာစရာတွေကိုလည်း ကြိုတင် လေ့လာခဲ့ရတယ်။ ရဲမှုရဲခင်းတွေ၊ နားလည်ရခက်တဲ့ ဆန်းကြယ်တဲ့ လူသေဆုံးမှုတွေကိုလည်း လေ့လာခဲ့ရပါတယ်။ ဇာတ်လမ်းတွဲ မရိုက်ခင် ကြိုတင်လေ့လာ ပြင်ဆင်ရတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အများကြီးဆိုတော့ တစ်ယောက်ချင်းစီရဲ့ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ပြနိုင်ဖို့ ကြိုးစားရပါတယ်။ ဒီကား မရိုက်ခင် ပြင်ဆင်ခဲ့ရတာတင်ပဲ နှစ်လ၊ သုံးလလောက် ကြာခဲ့ပါတယ်။ အခု စပြတဲ့အချိန်မှာ ပရိသတ်တွေဆီက ပြန်ကြားရတဲ့ Feedback လေးတွေကတော့ ကျေနပ်စရာ ကောင်းပါတယ်။ ရိုက်ကူးရေးတုန်းက ပင်ပန်းထားခဲ့သမျှတွေကို မေ့ပျောက်ပြီးတော့ ကျွန်တော်တို့ တစ်ဖွဲ့သားလုံး ပျော်နေကြပါတယ်။

Voice : ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ် ဆိုပေမယ့်၊ အခြေအနေအရ စိတ်တိုင်း မကျခဲ့တဲ့ အပိုင်းလေးတွေလည်း ရှိမှာပဲလေ။ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အားမရခဲ့တဲ့ အပိုင်းလေးတွေ ရှိခဲ့ရင်လည်း ပြောပြပေးပါဦး။
AM : ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ် ဆိုပေမယ့် လိုအပ်ချက်တွေကတော့ အနည်းနဲ့ အများ ရှိနေမှာပါပဲ။ ဒီဇာတ်လမ်းတွဲအတွက် လိုအပ်တာတွေကို ထုတ်လုပ်သူဘက်ကတော့ အကောင်းဆုံး ပံ့ပိုးပေးခဲ့ပါတယ်။ ရှူတင်အိမ်ကအစ၊ ရိုက်နေကျအိမ်မျိုး မဟုတ်ဘဲနဲ့ ဇာတ်လမ်းထဲမှာပါတဲ့ အိမ်အနေအထားအတိုင်း ရအောင် ကြိုးစားပေးခဲ့ပါတယ်။ လိုချင်တဲ့ အိမ်ပုံစံမျိုး ရှာတာတင်ပဲ တစ်လခွဲလောက် ကြာပါတယ်။ ရိုက်ကူးရေး ရက်တွေဆိုရင်လည်း ညဘက်မိုးချုပ်တာ တင်မဟုတ်ဘူး။ နောက်တစ်နေ့ မနက် ၃ နာရီ၊ ၄ နာရီအထိ ရိုက်ခဲ့ရတာတွေ ရှိပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကလည်း အားတက် သရော ကြိုးစားပေးခဲ့ကြပါတယ်။ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲမှာ လိုအပ်ချက်လေးတွေ ရှိခဲ့တယ် ဆိုရင်တောင်မှ ဒါတွေကို ကျွန်တော်တို့ သင်ခန်းစာ ယူမယ်။ နောက်လုပ်မယ့် အလုပ်တွေမှာ ဒီ့ထက်ပိုကောင်းအောင် ကြိုးစားသွားပါမယ်။

Voice : ဇာတ်လမ်း တစ်ပိုင်းချင်းစီမှာ ပရိသတ်တွေ စိတ်ဝင်စားစေမယ့် ဘယ်လိုအကြောင်းအရာတွေ ပါဝင်မလဲ။
AM : ဒီဇာတ်လမ်းတွဲက Suspense ပုံစံမျိုးဖြစ်တဲ့အတွက် အပိုင်းတိုင်းမှာ ပရိသတ်တွေ စိတ်ဝင်စားမှု ရှိနေအောင်လို့ ကျွန်တော်တို့ ကြိုးစားထားပါတယ်။ ဇာတ်ညွှန်းစရေးကတည်းက ကိုသိုးဆောင်းတို့ မမယ်ခိုင်တို့နဲ့ သေသေချာချာ တိုင်ပင်ထားပါတယ်။ ဇာတ်လမ်းက Suspense ပုံစံမျိုး ဖြစ်တဲ့အတွက် လူသတ် တရားခံအဖြစ် ပရိသတ်တွေ သံသယဖြစ်စရာ ဇာတ်ကောင် တစ်ကောင် အမြဲတမ်း ပါဝင်နေအောင် လုပ်ထားတယ်။ ဘယ်သူဟာ တရားခံအစစ် ဖြစ်နိုင်တယ် ဆိုတာကို မှန်းဆနိုင်အောင်လို့လည်း သဲလွန်စလေးတွေ ပေးထားပါတယ်။ အဲ့ဒါကြောင့် ဇာတ်လမ်း အပိုင်းတိုင်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။

Voice : ကိုယ့်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ အနေနဲ့ဆိုရင်ရော အနုပညာ ဖန်တီးမှုအပိုင်းမှာ ဘယ်လောက်အထိ အားရကျေနပ်မှုရှိခဲ့လဲ။ နောက်ထပ်ရော ဘယ်လို ဇာတ်လမ်းတွေ ထပ်ရိုက်သွားဖို့ရှိမလဲ။
AM : ဒီဇာတ်လမ်းတွဲကို ကျွန်တော်တို့ ကြိုးစားပြီး ရိုက်ခဲ့ကြတယ်။ ထုတ်လွှင့်ပြသနေတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ Feedback ကို ပြန်ကြည့်ပြီးတော့မှ ဒါ့ထက်ပိုပြီး ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ ကျွန်တော်တို့ဘက်က ကြိုးစားမှုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပဲ။ ဘယ်လောက်အထိ ကျေနပ်မှုရမလဲ ဆိုတာကတော့ ပရိသတ်တွေရဲ့ အားပေးမှုကပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ ၂၀၁၇ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ဒီဇာတ်လမ်းတွဲအတွက် တည်းဖြတ်တဲ့အပိုင်းမှာပဲ အချိန်ပေးနေရတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ အနမ်းဝိုင်ကတော့ ဆင်ဆာလည်း ကျပါပြီ။ ရုံတင်ပြသမယ့် ရက်ကိုပဲ စောင့်နေရပါတယ်။ နောက်ထပ် ကြော်ငြာတွေ ရုပ်ရှင်ကားကြီးတွေ ထပ်ရိုက်သွားဖို့ ရှိပါတယ်။ နောက်ရိုက်မယ့် ရုပ်ရှင်တွေကတော့ Romance အပြင် ဒရာမာ ဇာတ်လမ်းတွေကိုလည်း ရိုက်သွားမှာပါ။

Voice : နာမည်ကျော် အနုပညာရှင်တွေပါဝင်မယ့် Myanmar Media 7 ရဲ့ သုံးနှစ်ပြည့် အမှတ်တရ ဂီတ ဗီဒီယိုကို အောင်မြတ် ရိုက်မယ်လို့လည်း ကြားတယ်လေ။ ဘယ်တော့လောက် စရိုက်မလဲ။
AM : အဲ့ဒါကတော့ Music ကို အခြေခံပြီး ရိုက်မယ့် ဗီဒီယိုလေး တစ်ခုပါ။ Myanmar Media 7 ရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည်အတွက် အားလုံးက ဆုတောင်းပေးကြတဲ့ ပုံစံလေးကို အနုပညာရှင်တွေ အများကြီးနဲ့ ရိုက်မှာပါ။ Girls’ Generation အဖွဲ့က ဂျက်ဆီကာလည်း ပါမှာပေါ့နော်။ အဲ့ဒါကိုတော့ ဒီရက်ပိုင်းမှာ ရိုက်ဖို့ စီစဉ်နေပါတယ်။ ပါဝင်မယ့် အနုပညာရှင်တွေကလည်း များတော့ သူတို့အားမယ့်ရက်နဲ့ ကျွန်တော်တို့ လုပ်ချင်တဲ့ ပုံစံလေးကို ညှိနှိုင်းပြီးတော့မှ ရိုက်ကြမှာပါ။

Voice : မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီးတော့ရော အောင်မြတ်ရဲ့ ပရိသတ်တွေကို ဖြည့် စွက်ပြောချင်တာရှိရင် ပြောပြပေး ပါဦး။
AM : ဒီဇာတ်လမ်းတွဲကို စပြပြီးတဲ့အချိန်မှာ အားပေးကြတဲ့သူတွေ ရှိသလို၊ လိုအပ်ချက်လေးတွေကို ဝေဖန်ပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးရှိပါတယ်။ အဲ့ဒီအတွက် ကျွန်တော် အများကြီး ကျေနပ်ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့သားတွေအားလုံး ကြိုးစားထားတဲ့ဟာလေးက အရာထင်သွားတဲ့အတွက်လည်း ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီဇာတ်လမ်းတွဲကို ပြီးဆုံးသည်အထိ ဆက်လက် အားပေးကြည့်ရှုပေးကြပါဦး၊ လိုအပ်ချက်တွေကိုလည်း ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒါမှ ပိုမိုကောင်းမွန်တဲ့ အနုပညာတွေကို ပရိသတ်တွေအတွက် ဆက်လက် ဖန်တီးနိုင်မှာပါ။

သန့်ဇင်ဦး

  • TAGS