News

POST TYPE

ENTERTAINMENT

နန်းမြတ်ဖြိုးသင်းနဲ့ တွေ့ဆုံခြင်း
31-Dec-2016 tagged as

မကြာခင် ရိုက်ကူးမယ့် အိမ်ကြက် ဇာတ်ကားကို လက်ခံဖြစ်ပုံ၊ ဇာတ်ကောင်စရိုက်အတွက် ပြင်ဆင်ထားပုံ၊ နောက်ပိုင်း ဇာတ်ကား ရွေးချယ်မှုအပိုင်းတွေ၊ Let's Go ခရီးစဉ်မလိုက် ဖြစ်တဲ့အကြောင်းနဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ပြင်ဆင်ထားတဲ့ ပုံစံတွေကို The Voice က သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကို မေးမြန်းထားတာပါ။

Voice : အိမ်ကြက် ဇာတ်ကားကို ဘယ်လို အချက်တွေကြောင့် လက်ခံဖြစ်တာလဲ။
NMPT : ဒီကားက နန်းမြတ်အတွက် ဒုတိယမြောက် ခေါင်းဆောင် ရုပ်ရှင်ကားကြီးပါ။ ကိုယ်အကောင်းဆုံး လုပ်နိုင်မယ် ထင်တယ်။ အဲဒီအတွက် ယုံယုံကြည်ကြည်နဲ့ လက်ခံလိုက်တာပါ။

Voice : ဇာတ်ကောင်က ဘယ်လိုပုံစံလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးတွေ ပြင်ဆင်ထားလဲ။
NMPT : ကောင်မလေးက အဖေခေါ်လို့ အမေနဲ့အတူ ရွာကနေ တက်လာတယ်။ အဲဒီကောင်မလေးက တိရစ္ဆာန်တွေလည်း အရမ်း ချစ်တတ်တယ်၊ သပ်သပ်ရပ်ရပ် နေတတ်တယ်။ အဲဒီတော့ အိမ်ကြီး၊ အိမ်ကောင်းထဲမှာ တောသူ တစ်ယောက် ရောက်လာတယ်ဆိုတော့ အပြင်အဆင်က ကွဲပြားနေမှ ကြည့်ကောင်းနေမယ်လို့ နန်းမြတ် ထင်တယ်။ အဲဒီကြောင့်မို့ တောသူပုံစံ၊ ရှေးခေတ်ပုံစံ ဆံပင်ကို ရွေးထားတယ်။ ဝတ်ပုံစားပုံတွေက အဲဒီခေတ်က ပုံစံတွေနဲ့  ဒီခေတ်နဲ့ အဆင် မပြေဘူးဆိုတော့ ဒီခေတ်ထဲမှာ လိုက်ဖက်မယ် ထင်တဲ့ပုံစံတွေကို ရွေးချယ်ထားတယ်။ အဲဒီလိုမျိုးစုံကို သေချာလေး စဉ်းစားပြီးတော့မှ ရှေးခေတ် မြန်မာ ဆင်ယင်ထုံးဖွဲ့မှုတွေကအစ သေချာလေးကို လေ့လာထားတာကြောင့် ဒီကားမှာ နန်းမြတ်နဲ့ လိုက်ဖက်တာတွေကို မြင်တွေ့ရမှာပါ။

Voice : ၂၀၁၆ ခုနှစ်မှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတာ ဘာကြောင့်လို့ထင်လဲ။
NMPT : နန်းမြတ်က ရှေ့မှာလည်း  အနုပညာအလုပ်တွေ၊ ရိုက်ကူးမှုတွေ  အများကြီးလုပ်ခဲ့ပါတယ်။ ပရိသတ်တွေ သိပ်အသိအမှတ်မပြုကြဘူး။ ဒါပေမဲ့ ၂၀၁၆ က နန်းမြတ်အတွက် ကံကောင်းတဲ့နှစ် တစ်နှစ် ဖြစ်လာတယ်။ ၂၀၁၆ မှာ ဦးညီက ပထမဆုံး အီဖေကိုယ်တို့ ရွေးကောက်ပွဲကားကို ခေါင်းဆောင်နေရာကနေ ရိုက်ကူးခဲ့တယ်။ အဲဒီကနေစပြီး အလုပ်တွေ ဆက်တိုက် လုပ်ရတာပါ။

Voice : ပထမဦးဆုံး ခေါင်းဆောင် အနေနဲ့ သရုပ်ဆောင်တဲ့ကားမှာ ပရိသတ်ဆီက ဘယ်လို ဝေဖန်မှုတွေ ကြားရလဲ။
NMPT : အဲဒီကားက ပရိသတ် အနေနဲ့ အရမ်းကို အားပေးခဲ့တယ်။ ရုပ်ရှင်ဆိုရင် အားပေးမှုပေါ် မူတည်ပြီး တစ်ပတ်၊ နှစ်ပတ် ထပ်တိုးသွားတာဆိုတော့ အဲဒီကားဆိုရင် ငါးပတ်အထိ ရခဲ့တဲ့ ရုပ်ရှင်ကားကြီးပေါ့နော်။ အဲဒီအတွက် အရမ်းကို ဝမ်းသာတယ်။ ကိုယ့်မှာလည်း တာဝန် ရှိတယ်။ ကိုယ်က ခေါင်းဆောင် အနေနဲ့ ပါဝင်ပြီး ပထမဦးဆုံးကားမှာ အခုလိုမျိုး အားပေးမှုက ဦးညီနဲ့ ကျန်တဲ့ သရုပ်ဆောင်တွေအားကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကရောပါပြီး အားပေးမှု ရခဲ့တယ်။ ပရိသတ်က နန်းမြတ် သရုပ်ဆောင်တာတွေကို သဘော ကျကြတယ်။ တချို့ ပြင်သင့်တာတွေကို ဝိုင်းအကြံပေး ကြပါတယ်။ အဲဒီကနေမှ ဆက်ဆက်ပြီး အလုပ်တွေ ဆက်လုပ်ဖြစ်လာတာ။

Voice : အိမ်ကြက်မှာ ဝါရင့် သရုပ်ဆောင်ကြီးတွေ မပါဘူးဆိုတော့ ဒီကားက ကိုယ့်အတွက် ဘယ်လောက်အထိ တာဝန်ကြီးလဲ။
NMPT : နန်းမြတ်တို့ကို တာဝန်ပေးတဲ့ ပရိုဂျူဆာမှာ စွန့်စားမှုတွေ အများကြီး ရှိပါတယ်။ သူစွန့်စားရတဲ့ အပိုင်းမှာ နန်းမြတ်တို့က ပါဝင်ပြီး ပိုပြီး အားဖြည့်ဖို့ လိုပါတယ်။ အဲဒီတော့ ကာရိုက်တာ အပိုင်းကို တိကျအောင်၊ ဇာတ်ကို ပိုကောင်းအောင် အထပ်ထပ် အခါခါ လုပ်ရပါတယ်။ ကားတိုင်းတော့ လေ့လာပါတယ် ဒါပေမဲ့ ဒီကားက ကိုယ့်အတွက် တာဝန် ပိုကြီးပါတယ်။ တကယ် ဝါရင့် သရုပ်ဆောင်တွေ မပါဘဲနဲ့ သရုပ်ဆောင်ရမှာဆိုတော့ ပရိသတ်အတွက် ပိုပြီးတော့ ကောင်းအောင်လို့ လုပ်သွားမှာပါ။

Voice : ဒီကားမှာ ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ ဇာတ်ကားက ဒါရိုက်တာ၊ သရုပ်ဆောင်တွေ တော်တော်များများနဲ့ ထပ်ရိုက်မှာဆိုတော့ အဲဒီအပေါ် ခံစားချက်က  ဘယ်လိုရှိလဲ။
NMPT : အဲဒီအတွက် တော်တော်ကို ပျော်ပါတယ်။ ဒီလူတွေနဲ့က တစ်လခွဲ၊ နှစ်လလောက် အတူတူ လက်တွဲ လုပ်ရတာဆိုတော့ တကယ့် မိသားစုလိုဖြစ်နေတယ်။  အခု ဆက်ပြီးတော့ မိသားစုနဲ့ ဆက်တွဲ လုပ်ရမှာဆိုတော့ အဲဒီအတွက် ပျော်ပါတယ်။

Voice : နောက်ပိုင်းမှာ ဇာတ်ကားတွေ လက်ခံဖြစ်ရင် ဘယ်လို အချက်တွေနဲ့ အဓိက ရွေးချယ်သွားမလဲ။
NMPT : နန်းမြတ်က အစကတည်းက ဇာတ်ကို သေချာလေး ကြည့်ပြီးမှ ဇာတ်ကို ရွေးချယ် ရိုက်ကူးဖြစ်တာပါ။ အဲဒါကြောင့် အရင်က သိပ်မသိကြတာလားတော့ မသိဘူး။ ရှေ့ဆက်ပြီးတော့လည်း နန်းမြတ်ရဲ့ နဂိုပုံစံလေး အတိုင်းပဲ ဆက်သွားမှာပါ။

Voice : Let's Go ခရီးစဉ်မှာ တောက်လျှောက်ပါခဲ့ရာက အခု လေးနှစ်မြောက် Let's Go ခရီးစဉ်မှာ မလိုက်ဖြစ်တာ ဘာကြောင့်လဲ။
NMPT : ရုပ်ရှင်ကားကြီးနဲ့ အချိန်တိုက်သွားတာပါ။ အဲဒီအတွက် ပရိသတ်ကြီး အားလုံးကို တောင်းပန်ပါတယ်။ နန်းမြတ် နောက်ခရီးစဉ်တွေမှာ လိုက်ဖြစ်အောင်  လိုက်နိုင်အောင်လို့ ကြိုးစားသွားမှာပါ။

Voice : Let's Go ခရီးစဉ်ကို ပယ်ပြီး ရုပ်ရှင်ကားကို ရွေးချယ်လိုက်တာလား။
NMPT : အဲဒီလိုသဘောမျိုး မဟုတ်ပါဘူး။ အချိန်တိုက်သွားပါ။ တိုက်တယ်ဆိုတာက Let's Go စီစဉ်ထားတဲ့ရက်က ပထမက Let's Go အရောက် ဒီကား အဝင်။ ဒါပေမဲ့ Let's Go ရက်လေး နောက်ဆုတ်သွားတော့ ဒီကားနဲ့ ရက်တစ်ဝက် ထပ်သွားတယ်။ ထပ်သွားတော့ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေမှာစိုးလို့ နန်းမြတ် မလိုက်ဖြစ်တော့ပါ။ Let's Go က လူတွေကလည်း နန်းမြတ်ကို နားလည်ပါတယ်။ သူတို့ နောက်ဆုတ်သွားတဲ့ အခါကျတော့ ရက်က ဒီဘက်နဲ့ တိုက်သွားတယ်။ နန်းမြတ်က ဟိုဟာကို ရွေးချယ်တယ်။ ဒီဟာကို ပယ်ချတယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ 

Voice : တစ်ကိုယ်တော် တေးအယ်လ် ဘမ်ပြင်ဆင်မှုအပိုင်း ဘယ်လောက်ပြီးပြီလဲ။
NMPT : သီချင်းတွေ စုနေတာ တစ်ဝက်လောက်ရှိပြီ။ ကျန်တော့ ကျန်သေးတယ်။ အဲဒါလေးတွေ ဆက်လုပ်ဖို့ ရှိတယ်။ 

Voice : သီချင်း အကြောင်းအရာတွေက ဘယ်လိုမျိုးတွေများလဲ။
NMPT : အခုလောလောဆယ် အဆွေး သီချင်းတွေ များနေတယ်။

Voice : အချစ်ရေးနဲ့ ပတ်သက်ပြီး အသံသိပ်မထွက်ဘဲနဲ့ လတ်တလော အဆွေးသီချင်းတွေ များနေတာ ဘာကြောင့်လဲ။
NMPT : အချစ်ရေးက နန်းမြတ် ပရိသတ်ကို အသိပေးစရာ မရှိသေးပါဘူး။ အသံ မထွက်ဘူးဆိုတာ နန်းမြတ်သွားတာတွေ မှန်သမျှကို နန်းမြတ်အစ်မက တောက်လျှောက်ပါနေသလို သွားဖြစ်ရင် မိသားစုနဲ့ သွားဖြစ်တာက ပိုများပါတယ်။ အဆွေး သီချင်းတွေ များစရာအကြောင်းက ဘာကြောင့်မှ မဟုတ်ပါဘူး။

Voice : ပရိသတ်ကို ဘာများ ဖြည့်စွက်ပြောချင်လဲ။
NMPT : နန်းမြတ်ကို တဖြည်းဖြည်း ယုံကြည်ပြီး ပရိုဂျူဆာတွေ လက်ခံလာတယ်ဆိုတာ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့်ပါ။ အဲဒီအတွက် နန်းမြတ် ပိုပိုပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။

ဆုအိနြေ္ဒဦး

  • TAGS