News

POST TYPE

ENTERTAINMENT

ကောင်းမြတ်စံနှင့် တွေ့ဆုံခြင်း
13-Dec-2020
"သပ်သပ်ကြီးစားပွဲသောက်ပွဲကြီးကျင်းပပြီး မွေးနေ့ပွဲကို တစ်နှစ်မှတော့ မလုပ်ဖူးဘူး"



ကောင်းမြတ်စံနဲ့တွေ့ဆုံ၍ Christmas နဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ မွေးနေ့မှာ အလှူပြုလုပ်ဖြစ်မယ့်အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice :  Christmas နဲ့ပတ်သက်ပြီး အမှတ်တရလေးရှိရင် ပြောပြ ပေးပါဦး။
KMS : ကျွန်တော့်မွေးလက ဒီဇင်ဘာကိုး။ ဒီဇင်ဘာ ၁၄ ဆိုတော့ Christmas နဲ့က သိပ်မဝေးဘူး။ ရင်းနှီးနေသလိုခံစားရတယ်။ ကျွန်တော့် မွေးနေ့ပြီးတာနဲ့ Christmas ညဆိုတော့။ မြန်မာနိုင်ငံမှာလည်း Christmas ဆိုတာကြီးကို သီးသန့်ကျင်းပတာက ဒီနောက်ပိုင်းမှသာ ရှိလာတာ။ သိပ်ပြီးအမှတ်တရတွေတော့ မရှိပါဘူး။ ပျော်စရာကောင်းပါတယ်။ ရန်ကုန်မှာကျတော့လည်း ၁၂ လပိုင်းလောက်ပဲ အေးအေးလေး နေရတာ ဆိုတော့ ကောင်းပါတယ်။

Voice :  မွေးလလည်း ဖြစ်တဲ့အတွက် ဘယ်လိုအမှတ်တရတွေရောရှိလဲ။
KMS : မွေးလဆိုတော့ အမှတ်တရတွေအမြဲတမ်းရှိတယ်။ ၁၄ ရက် နေ့ဆိုလည်း ကျွန်တော့်ရဲ့ပရိသတ်တွေနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ဆီက အလှူငွေလေးကောက်ခံလိုက်တယ်။ အရင်ဆုံး ကျွန်တော်မတည် လိုက်တယ်ပေါ့။ သူတို့ဆီက ၅ ထောင်လှူချင်တဲ့သူကလှူ၊ ၁ သောင်းလှူ ချင်တဲ့သူကလှူ အခုလောလောဆယ် ၃ နေရာလှူဖို့ စီစဉ်ထားတယ်။ စီစဉ်ထားတာ ၂ ခုကတော့ပြီးသွားပြီ။ ၁ ခုက မိဘမဲ့ကလေးတွေသွားလှူ မယ်။ ခွေးလေးတွေကိုအစာကျွေးဖို့ အလှူငွေသွားထည့်မယ်။ လောလော ဆယ် အဲဒီ ၂ ခုစီစဉ်ထားတယ်။ ၁ ခုကတော့ ဘာဖြစ်မလဲမသိသေးဘူး။

Voice :  ဘာတွေထပ်လုပ်ဖို့ ရှိသေးလဲ။
KMS : အလှူအတန်းနဲ့ပဲ ပြီးသွားမှာပါ။ တခြားအခုအချိန်ကလည်း ကိုဗစ်ကာလဆိုတော့ ပျော်ပွဲရွှင်ပွဲတွေတော့မရှိပါဘူး။ ခါတိုင်းနှစ်တွေ လည်း သူငယ်ချင်း၊ မိတ်ဆွေတွေကို ကျွေးတာထက် ကိုယ့်မိသားစုနဲ့ ဖြတ်သန်းလိုက်တာပဲများတယ်။ ဘာလို့ဆိုတော့ ပရိသတ်တွေနဲ့ အမှတ် တရတစ်ခုခု ကျွန်တော်ဖန်တီးတယ်။ Live လွှင့်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ စကားပြောလိုက်တာပဲဖြစ်ဖြစ် အဲလို ဖန်တီးလိုက်တာပဲများတယ်။ သပ်သပ်ကြီးစားပွဲသောက်ပွဲကြီးကျင်းပပြီး မွေးနေ့ပွဲကို တစ်နှစ်မှတော့ မလုပ်ဖူးဘူး။ တစ်ခါတလေ တချို့နှစ်တွေဆိုရင် မွေးနေ့ကိတ်တောင် မလှီး ဖြစ်တဲ့နှစ်တွေရှိတယ်။

Voice :  ဒီနှစ်မှာရော ဘယ်လိုအမှတ်တရတွေရှိမယ်လို့ ထင်လဲ။
KMS : ဒီနှစ်ကတော့ အမှတ်တရတွေဖြစ်မယ်လို့ထင်တယ်။ သူတို့နဲ့စုပြီး လှူတယ်ဆိုတော့ နောင်ဘဝကျရင်လည်း သူတို့နဲ့ ရေစက်ဆုံဦးမှာပေါ့။ ကျွန်တော် ၂၀၂၀ မှာတော့ မောင်းတင်ထားတာပေါ့။ လုံးဝကြိုးစားမယ်၊ လုပ်မယ်ဆိုပြီး လက်ခံထားတဲ့အလုပ်တွေကလည်း ကိုဗစ်ဖြစ်လိုက်တော့ ပျက်စီးသွားတယ်။ အခုဆိုရင် တော်တော်လေး ကိုဗစ်ပြီးမှာ ပြန်လုပ်မယ် ဆိုတော့လည်း ကိုဗစ်က မပြီးနိုင်ဘူး။ မပြီးနိုင်တော့ ကျွန်တော့်လိုပဲ ခံစားချက်ရှိမယ်ထင်တယ်။ ဘာပဲပြောပြော အားတင်းထားစေချင်တယ်။ ပြန်သုံးသပ်ရင် ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ တစ်ကမ္ဘာလုံးအနေအထားနဲ့ဖြစ်နေတာဆိုတော့ အားတင်းထားပေါ့။ ဖိအားတွေလည်း အရမ်းဖြစ်ခံမနေပါနဲ့။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်စေချင်တယ်။ ပြန်သုံးသပ်ကြည့်ရရင် ကျေနပ်ပါတယ်။ ၂၀၂၀ မှာ ကိုယ်ကြိုးစားနိုင် သလောက် ကြိုးစားခဲ့ပါတယ်။                                                

နွယ်နီ