News

POST TYPE

ENTERTAINMENT

ခိုင်နှင်းဝေနှင့် တွေ့ဆုံခြင်း
19-Nov-2020
"သံသရာတစ်ပတ်လည်ပြီး ရောက်ချင်လို့ကို ရောက်လာတဲ့ ကလေးဖြစ်မယ်"



ခိုင်နှင်းဝေနဲ့ တွေ့ဆုံ၍ ၈ လအရွယ် သမီးလေးတစ်ယောက် ထပ်မွေးစားဖြစ်ပုံနဲ့ ကလေးနဲ့ ပတ်သက်တဲ့ခံစားချက် အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ၈ လအရွယ်သမီးလေး မွေးစားဖြစ်ပုံကို ပြောပြပေးပါဦး။
KNW : ဒီကာလမှာတော့ ကလေးကို လုံးဝမမွေးစားတော့ဘူးပေါ့နော်။ အစ်မတို့က မိဘမဲ့ကျောင်းပုံစံထက် မွေးစားထားတဲ့ ပုံစံ မျိုးထားတော့ ပိုပြီး အကုန်အကျများတယ်။ နောက်ပြီး ကိုဗစ် ကာလဖြစ်တဲ့အတွက် အပြင်က ကလေးကို မထည့်နိုင်ဘူး။ ဒါပေမဲ့ အယောက် ၂၀ ကတည်းက ရပ်ထားတာ။ အခုဆိုရင် ၃၇ ယောက် ဖြစ်သွားပြီ။ ဖုန်းဆက်တော့ ကြားရတဲ့အချိန်မှာ အင်းစိန်ရပ်ကွက်က အဲဒီအချိန်က ဆူညံနေတယ်။ သူ့အဖေက လိုက်ရောင်းနေတယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ငါ့ကိုလာပေးလို့ ဘယ်လိုလုပ်ရမလဲပေါ့။ မယူရဲဘူးလေ။ တော်ကြာ အမူးပြေမှ ဂေဟာအရှေ့မှာ ပြဿနာ လာရှာရင် ဘယ်လိုလုပ်မလဲပေါ့။ တကယ်ရောင်းနေတဲ့သူဆိုရင် အုပ်ချုပ်ရေးမှူးတို့၊ ရဲစခန်းတို့အပ်လိုက်ပေါ့။ အဲလိုပဲပြောလိုက်တာ။ နောက်တစ်ခါထပ်ဆက်တော့ နယ်ထိန်းကဆက်တယ်။ ကျွန်တော့် လက်ထဲရောက်နေပါပြီ အစ်မ လုပ်ပေးပါ။ သူ့အဖေက တကယ်ကို လိုက်ရောင်းနေတာပါ။ သူ့အဖေက ၅ သောင်းရလည်း ရောင်းတယ်။ အရက်မူးတာမှ လူမှန်း သူမှန်းတောင်မသိဘူး။ ကလေးက ပြုတ်ကျ ပြီးတော့ပဲ သေရင်သေ၊ မသမာတဲ့သူတွေနဲ့ တွေ့ရင်တွေ့။ ရှင်းရှင်း လင်းလင်းဆိုရင်လည်း ကျွန်မလာခေါ်ပေးမယ်ဆိုပြီး သွားခေါ်လိုက်တာပါ။

Voice : သူ့အဖေကရော ကလေးကို ရက်ရက်ရောရောပေးလား။
KNW : အဲဒီကလေးလေးက ကိုယ်နဲ့ကံစပ်လို့ဖြစ်မယ်။ တစ်လ ကျော်လောက်တုန်းက အစ်မကို လှမ်းပေးဖူးတယ်တဲ့။ အဲဒီကလေးက သူ့အမေကမွေးပြီး တစ်ပတ်ကတည်းက ထွက်သွားတာဆိုတော့ သူ့အဖေက အမြဲတမ်းသောက်စားနေတော့ သူ့အဖေရဲ့ အစ်မက အစ်မဆီ လှမ်းပေးဖူးတယ်။ ဖြစ်ချင်တော့ သူ့အဖေက မပေးတာ သူပဲ မွေးမယ်ဆိုပြီး။ ကလေးက ဝ၀တုတ်တုတ်လေးဆိုတော့ သူ့အဖေက ကျွေးမွေးထားတယ်ပြောရမှာပေါ့၊ အရက်မူးပေမယ့်။ မနေ့ကလည်း လှော်ကားကနေ ကားမှားစီးပြီး အင်းစိန်ကိုရောက်သွားတာ။ ရောက်ပြီးတော့မှ အစ်မလက်ထဲကိုရောက်လာတာ။ သံသရာ တစ်ပတ်လည်ပြီး ရောက်ချင်လို့ကို ရောက်လာတဲ့ကလေးဖြစ်မယ်။ အဲဒါနဲ့တင် မွေးဖြစ်သွားတာပါပဲ။

Voice : ကလေးကို တွေ့တော့ရော ဘယ်လိုခံစားရလဲ။
KNW : ပထမတော့ ကလေးကိုကူတဲ့အဆင့်ပေါ့။ သူ့အဖေကို မြင်လိုက်တော့ သူ့အဖေကလည်း သူ့သမီးလေးကို ချစ်တော့ ချစ်ရှာပါတယ်။ အစ်မဆိုရင် အဖေမရှိဘူးလေ။ အဖေမရှိတဲ့အခါ ကျတော့ အဖေမေတ္တာကို လိုတယ်။ သူကျတော့ အဖေရှိရဲ့သားနဲ့ စွန့်ပစ်ခြင်းကို ခံရတယ်။ စိတ်မကောင်းဖြစ်တာပေါ့။ ကားပေါ် တက်ခါနီးမှာ သူ့အဖေကို ချီပါဆိုတဲ့ပုံစံမျိုးနဲ့လုပ်လိုက်တော့ ကားပေါ် မှာကတည်းက ငိုတာပဲ။ ခံစားချက်တိုက်ဆိုင်တာလည်း ပါတယ်။ အစ်မဆိုရင် အစ်မအဖေကို ၅ တန်း၊ ၆ တန်းလောက်မှာ အရမ်း တွေ့ချင်တော့ တစ်ခေါက်တွေ့လိုက်ပြီးတဲ့အခါမှာကျတော့ အဖေနဲ့ နေချင်တယ်။ နေခွင့်မရတဲ့ကံလည်းပါတယ်။ အဖေကလည်း အသိအမှတ်မပြုတာလည်း ပါမှာပေါ့လေ။ အခုအချိန်ကတော့ အဖေက မရှိတော့ဘူး ဆုံးသွားပြီ။ ခံစားချက်တိုက်ဆိုင်တော့ ကိုယ်ချင်းစာတာပေါ့။

နွယ်နီ