News

POST TYPE

ENTERTAINMENT

ညီနန္ဒ နှင့် တွေ့ဆုံခြင်း
31-Jul-2020
"ကိုနန္ဒ ထောပတ်ထမင်းကိုပဲ တကယ့်ကိုသားစဉ်မြေးဆက်အထိ တစ်သက်စာပေါ့။ ကိုယ်တို့မရှိတော့ရင်လည်း ဒီလုပ်ငန်းရှိနေအောင်လို့ ကြိုးစားမယ်"



ညီနန္ဒနဲ့တွေ့ဆုံ၍ ထောပတ်ထမင်း ရောင်းချနေတဲ့ အခြေအနေနဲ့ အခြားစားသောက်ကုန် ထပ်တိုးရောင်းချမယ့် အစီအစဉ်တွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice   : ထောပတ်ထမင်းနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ အမှတ်တရစကားတွေတင်ဖြစ်တာကို ပြောပေးပါဦး။
NND    : အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ဆရာတွေဝိုင်းလို့ အခုလိုဖြစ်ခဲ့တာ။ နာမည်ပေးကင်ပွန်းတပ်လုပ်တဲ့အချိန်မှာ အားလုံးကို အမှတ်တရစကားလေးပြောခိုင်းဖို့စဉ်းစားမိတယ်။ ဒါပေမဲ့ ကိုဗစ်ကာလဖြစ်နေတော့ လူလည်း ငါးယောက်ထက် ပိုမစုရဘူးဆိုတော့ ဖိတ်ဖို့က အခက်အခဲဖြစ်သွားတဲ့အတွက် အွန်လိုင်းကနေပဲ ဗီဒီယိုကောခေါ်ပြီးတော့ အမှတ်တရစကားပြောဖို့ တောင်းဆိုခဲ့တော့ အားလုံးက ပြောပေးကြပါတယ်။

Voice   : အခုလို ထောပတ်ထမင်းရောင်းချမှုက အောင်မြင်နေတယ်ဆိုတော့ ပီတိစကားလေး ပြောပေးပါဦး။
NND    : ဒါသည် ကိုယ့်ရဲ့အောင်မြင်မှုတစ်ခု မှန်ပါတယ်။ ဒီအောင်မြင်မှုကို ဘယ်လိုဆက်ထိန်းမလဲ။ အဲဒါတော်တော် အရေးကြီးသွားပြီ။ အောင်မြင်မှုကို ဆက်ထိန်းနိုင်မှ ကိုယ့်ပန်းတိုင်ရောက်မှာလေ။ ဒါအပေါ်မှာ ကျေနပ်နေလို့မရဘူး။ အော်ဒါတွေအကုန်လုံးလက်ခံနိုင်အောင် အကောင်းဆုံးလုပ်ပေးနိုင်အောင်စဉ်းစားတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်၊ ကိုယ် အိမ်မှာမရှိတဲ့အချိန်မှာ ဘယ်လိုဆက်သွားမလဲ။ အဲလိုတွေကအစ အစီအစဉ်တွေဆွဲနေပြီ။ အဓိကက အမယ်များတာထက် ဒီတစ်မျိုးတည်းကိုပဲ အခုဆိုကြက်သားထောပတ်ထမင်းနဲ့ ပုစွန်တုပ်နဲ့။ ဒါပေမဲ့ပုစွန်တုပ်က ဈေးနည်းနည်းများတဲ့အတွက် ကြက်သား ထောပတ်ထမင်းတွေကို အဓိကထားပြီး အကောင်းဆုံးလုပ်သွားမယ်။ ဒီအရသာ၊ ဒီထုပ်ပိုးမှု၊ ဒီအရည်အသွေးမကျအောင် အမယ်တွေ မများတော့ဘူးပေါ့။

Voice   : ထောပတ်ထမင်းချက်တာက အရင်ကတည်းက ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်တာလား။
NND    : ထောပတ်ထမင်းချက်တာ ကျွမ်းလားဆိုမကျွမ်းဘူး။ ကိုယ့်ယောက်ဖရဲ့ နည်းပညာပေါ့။ ကိုယ်ကျွမ်းတာက ကြက်သားပလာတာ။ ဒါပေမဲ့ ကိုဗစ်ကာလမှာ လုပ်ရောင်းကြမယ်ဆိုတော့ ပလာတာက မတ်တတ်ရပ်ရိုက်ရတော့ တအားညောင်းတာကိုး။ ကိုယ်ရိုက်နိုင်ရင် ပွဲ ၅၀ လောက်ပဲရိုက်နိုင်မယ်။ နောက်ဆုံးကျတိုင်ပင်ရင်းနဲ့ ထောပတ်ထမင်း ဖြစ်သွားတာပေါ့။ ကိုယ့်ယောက်ဖက ကိုယ့်ကိုသင်ပေးထားတယ်။ အခုလိုပွဲတွေများလာတော့ တာဝန်တွေ ခွဲလိုက်တာပေါ့။

Voice   : အခြားစားသောက်ကုန် ထပ်တိုးရောင်းဖို့ အစီအစဉ်ရှိလား။
NND    : တခြားစားသောက်ကုန်ကိုတော့ ထပ်ပြီးမတိုးချဲ့ဘူးလို့ စဉ်းစားထားတယ်။ ဒီကိုနန္ဒ ထောပတ်ထမင်းကိုပဲ တကယ့်ကို သားစဉ်မြေးဆက်အထိ တစ်သက်စာပေါ့။ ကိုယ်တို့မရှိတော့ရင်လည်း ဒီလုပ်ငန်းရှိနေအောင်လို့ ကြိုးစားမယ်။ အဲလိုမျိုးပဲ စဉ်းစားထားတယ်။ ဘာလို့ဆို ဒီဟာကတစ်ကမ္ဘာလုံး ကပ်ဆိုက်တဲ့အချိန်မှာ အောင်မြင်တဲ့ အလုပ်ကလေးဖြစ်တော့ တော်တော်တန်ဖိုးထားတယ်။ ဘုရားပေးတဲ့အလုပ်လို့လည်း ယူဆထားတယ်။

နွယ်နီ