News

POST TYPE

ENTERTAINMENT

ခွန်းဆင့်နေခြည်နှင့် တွေ့ဆုံခြင်း
30-Jul-2020
“ကိုယ့်ကိုကြည့်ပြီးတော့ အမြင်မှား၊ အတွေးမှား၊ မယူအဆမှားတွေမဖြစ်သွားအောင်လို့ တတ်နိုင်သလောက်တော့ ထိန်းတယ်”



ခွန်းဆင့်နေခြည်နဲ့တွေ့ဆုံ၍ အနှီးအထည် ၂၀၀ လှူဒါန်းဖြစ်ပုံ၊ ကိုဗစ်ကာလမှာအပြင်မထွက်ဖြစ်ပုံနဲ့ အကောင့်ဟက်ခံရဖူးတဲ့ အကြောင်းအရာတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ပထမဆုံးလည်း အပြင်ထွက်ဖြစ်ပြီးတော့ အလှူပြုလုပ်ဖြစ်ပုံကို ပြောပေးပါဦး။
KSNG : ကိုဗစ်ကာလမှာ အိမ်တွင်းပုန်းနေပြီးတော့ ပထမဆုံးအပြင်ထွက်ဖြစ်တဲ့အလှူလေးပါ။ ကိုယ့်မွေးနေ့မှာတောင် ထဲထဲဝင်ဝင် မလှူဖြစ်လိုက်ဘူး။ ကိုယ်ထိလက်ရောက်သွားလှူတာ တော့မရှိခဲ့ဘူး။ လူတစ်ယောက်ကို ဆေးကုပေးလိုက်တာတော့ရှိတာပေါ့။ အဲဒီအတွက် ဒီအလှူက ပထမဆုံးဖြစ်တယ်။ အမျိုးသမီးဆေးရုံမှာ ကလေးတွေအတွက် အနှီးတွေလှူဖြစ်တာပါ။ အနှီးအထည် ၂၀၀။

Voice : အခုရော အပြင်ထွက်ဖို့ စိတ်ချသွားပြီလား။
KSNG : လတ်တလောအခြေအနေက ရောဂါလေးတွေကပါးသွားပြီပေါ့။ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ နှာချေ၊ ချောင်းဆိုးတဲ့သူမရှိဘူးဆိုရင်တော့ စိတ်ချရတဲ့အခြေအနေမျိုး ရှိတာပေါ့။ အဲလိုမျိုးထင်လို့ မခွန်းဆင့်ကလည်း ဒီလိုထွက်လာဖြစ်တာ။ ကိုယ်လည်း အိမ်ထဲအောင်းနေရတာ တော်တော်ကြာပြီလေ။ ခြောက်လလောက်ရှိပြီ။ အဲဒီအခါကျတော့ ဒါပထမဆုံးထွက်တာပါ။ အဓိက အပြင်မထွက်ရတဲ့အကြောင်းအရင်းက အိမ်မှာလူနာလေးတွေရှိလို့ပါ၊ အမေလည်း သိပ်နေကောင်းတဲ့သူမဟုတ်တော့။ ကိုယ်က ကိုယ်ခံအားရှိပေမယ့် ကိုယ့်ကြောင့် မိဘတွေ၊ လူနာတွေ ကူးသွားမှာစိုးလို့ အပြင်သိပ်မထွက်တာ။ အိမ်မှာဆိုလည်း အွန်လိုင်းရှော့ပင်ကပဲ ဈေးဝယ်ရတာ။ Save ဖြစ်အောင် ကိုယ့်ဟာကိုယ်နေရတာပေါ့။

Voice : ကိုယ်ကိုယ်တိုင် အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း နေရတာရှိလား။
KSNG : ရှိတာပေါ့။ အနုပညာသမားတစ်ယောက်က အရမ်းကို စိတ်ကျဉ်း ကျပ်တယ်။ နေချင်သလိုလည်း နေတယ်။ အနုပညာအလုပ်လည်း လုပ်တယ်။ လမ်းဘေးတွေ လျှောက်သွားပြီး တွေ့ကရာ လူတွေနဲ့ပြော၊ တွေ့ကရာ ကားတွေ တက်စီးတဲ့သူတွေလည်း မရှိသလောက်ပါပဲ။ အဲလိုမျိုး လုပ်ချင်ပေမယ့် သူတို့ကိုယ်သူတို့ ပြန်ထိန်းပါတယ်။ အောင်မြင်လာတာနဲ့အမျှ ပရိသတ်က ပြန်ထိန်းသွားတာပေါ့။ မခွန်းဆင့်က အရင်ကတည်းက အဲလိုမျိုးတွေ မလုပ်တတ်တော့ တသီးတသန့်လေး နေဖြစ်တာပေါ့။ အပေါင်းအသင်းလည်း သိပ်မရှိဘူး။ မရှိတော့ အိမ်မှာ လေ့လာစရာရှိတာ လေ့လာတယ်။ အမေကို ဂရုစိုက်တယ်။ အိမ်စီးပွားရေးပဲလုပ်တယ်။ အပေါင်းအသင်းလည်း အများကြီးမရှိတော့ အပြင်တွေလည်း သိပ်မသွားဖြစ်ဘူး။

Voice : တချို့အနုပညာရှင်တွေဆို ကိုယ့်အကောင့်ဟက်ခံရပြီး ငွေတောင်းခံရတာတွေလည်းရှိတယ်။ အဲလိုမျိုးရောကိုယ်တိုင်ကြုံဖူးလား။
KSNG : အဲလိုမျိုးတော့ မကြုံဖူးပါဘူး။ ငွေညှစ်တာတော့ မခံဖူးဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ အကောင့်ဟက်ခံရဖူးတယ်။ အကောင့်ဟက်ပြီးတော့ အကောင့်ထဲမှာ ပေါက်ကရတွေ ရေးတာပေါ့။ အဆဲခံရတာပေါ့။ အဲလိုမျိုးတွေတော့ ကြုံဖူးတယ်။ အဲတုန်းကလည်း စာနယ်ဇင်းပွဲတစ်ခုလုပ်ပြီး ရှင်းလိုက်ရတာရှိတယ်။ ကိုယ် မရေးဘဲ ကိုယ်ရေးသလိုတွေ လျှောက်ရေးတာ။ ငွေညှစ်တာတော့မရှိပါဘူး။ ကိုယ့်အကောင့်ဟက်လည်း ဘာမှမရှိဘူးလေ။ အကောင့်ကတော့ အရမ်းအညှီအဟောက်ကင်းတယ်။ အကောင့်ဟက်လည်း ဘာမှ တွေ့မှာမဟုတ်ဘူး။

Voice : မခွန်းဆင့်အနေနဲ့ အနုပညာရှင် ဆိုတာကို ဘယ်လိုခံယူထားလဲ။
KSNG : အနုပညာက ကိုယ်ဝါသနာပါတာကို ကိုယ်လုပ်တယ်။ ကိုယ်ဝါသနာပါလို့၊ ချစ်လို့လုပ်တာ။ အဲဒီအပေါ်မှာလုပ်ရင်းနဲ့ ပရိသတ်လက်ခံအားပေး သွားတဲ့အပေါ်မှာ ပရိသတ်သိတဲ့သူတစ်ယောက်အဖြစ် ရပ်တည်ခွင့်ရသွားတာ။ ပရိသတ်က စံထားရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်။ ပရိသတ်တွေက ကိုယ်ကြိုက်လာတဲ့ အနုပညာသမားရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ပြီး လိုက်လုပ်တာတွေရှိတယ်။ ကိုယ့်ဘက်က အမှားအယွင်းနည်းအောင်လို့ တတ်နိုင်သလောက် ထိန်းသိမ်းစောင့်စည်းရမယ်။ နေချင်သလိုနေ၊ ဝတ်ချင်သလိုဝတ်၊ ပြောချင်တာ ပြောလို့မရဘူး။ ကိုယ့်ထိန်းချုပ်မှုနဲ့ကိုယ် နေနိုင်တဲ့သူ၊ အနုပညာကိုလည်း ချစ်ရမယ်။ ကိုယ့်ရဲ့ စွမ်းဆောင် ရည် ကိုလည်း တိုးတက်အောင်မြှင့်တင်နိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ်။ အဲလိုမျိုး အစ်မကတော့ ခံယူထားတယ်။ ကိုယ့်ကို ကြည့်ပြီးတော့ အမြင်မှား၊ အတွေးမှား၊ မယူအဆမှားတွေ မဖြစ်သွားအောင်လို့ တတ်နိုင်သလောက်တော့ထိန်းတယ်။ တော်တော်များများလည်း အဲလိုမျိုး ထိန်းချုပ်ကြပါတယ်။

နွယ်နီ