News

POST TYPE

ENTERTAINMENT

ကေကေမိုးနဲ့ တွေ့ဆုံခြင်း
29-Jul-2020
“သင်္ကြန်မတိုင်ခင်ကတည်းက နားထားရတာဆိုတော့ ပရိသတ်တွေနဲ့လည်း အမြန်ဆုံး ပြန်တွေ့ချင်နေပြီ”



ကေကေမိုးနဲ့တွေ့ဆုံ၍ သီချင်းအသစ်တစ်ပုဒ်ထွက်ဖြစ်တဲ့အကြောင်း၊ ဒုက္ခသည်တွေအတွက် လှူဒါန်းဖြစ်ပုံနဲ့ အနုပညာအလုပ် ပြန်လည်လုပ်ကိုင်ချင်တဲ့ အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ဒီကာလလေးမှာ မေ့မေ့ဒိုင်ယာရီဆိုတဲ့ သီချင်းလေးလည်း ပရိသတ်အတွက် တင်ပေးဖြစ်တာတွေ့ရတယ်၊ သီချင်းလေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
KKM : မေ့မေ့ဒိုင်ယာရီဆိုတဲ့သီချင်းလေးက ဆိုထားတာကြာပါပြီ။ ဆရာရွှေဂျော်ဂျော် ရေးပေးထားပါတယ်။ တေးသံသာကနေ တင်ဖို့အတွက်ကို ဆိုထားတာကြာပါပြီ။ ဒီတစ်လောမှာ အခွင့်ရှိခဲ့ရင်ဆိုတဲ့ သီချင်းလေးကိုပဲ Music Video လေးနဲ့  ထွက်ပြီးနောက်ပိုင်း သီချင်း အသစ်မထွက်ဖြစ်တော့ဘူးဆိုတော့ အဲဒါကြောင့် ကေကေလည်း သီချင်းအသစ်လေး ထွက်ချင်တာနဲ့ ဒီသီချင်းလေးကို ထွက်လိုက်တာပေါ့နော်။ ဒီသီချင်းလေးကိုကျတော့ Lyrics အနေနဲ့ပဲ ထွက်ထားတာပေါ့။

Voice : သီချင်းနဲ့ပတ်သက်ပြီးတော့ ပရိသတ်ရဲ့အားပေးမှုကရော ဘယ်လိုမျိုးလေး ပြန်ကြားရလဲ။
KKM : ပရိသတ်ဆီကပြန်ကြားရတဲ့ အသံလေးတွေကတော့ ကောင်းပါတယ်၊ ကေက ဒီသီချင်းလေးကို Music Video လေးနဲ့ လုပ်ချင်တာ။ အခုဟာက Lyrics လေးပဲ တင်ထားတာဆိုတော့ အဲဒါလေးကို Music Video အနေနဲ့လည်း ပုံဖော်သွားဖို့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ သီချင်းလေးကလည်း အရမ်းကောင်းတယ် အဲဒါကြောင့်ပါ။ ဒီသီချင်းလေးကကျတော့ အရင်တုန်းက တက္ကသိုလ် အမေတွေ၊ ဦးလေးတွေခေတ်က တက္ကသိုလ် တက်ခဲ့ရတဲ့ကျောင်းက အချစ်ဇာတ်လမ်းလေးအကြောင်းပါ။ တချို့ဇာတ်လမ်းတွေကျတော့ လူငယ်တွေကိုပဲ ဦးတည်ထားတာပေါ့နော်။ ဒီသီချင်းလေးကကျတော့ လူကြီး၊ လူငယ်မရွေး နားဆင်လို့ရတဲ့ သီချင်းဖြစ်တယ်။

Voice : ကိုဖော်ကာကလည်း ကျွန်မ သီချင်းလေးကို “ကျုပ်” ဗားရှင်းပုံစံမျိုးလေး ပြန်လုပ်ထားတာတွေ့ရတဲ့အပေါ် စိတ်ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။
KKM : အဲဒီအတွက်လည်း ဝမ်းသာရတယ်။ ကိုဖော်ကာက ကေကေရဲ့ ကျွန်မသီချင်းကို အရင်ကတည်းကလည်း ကောင်လေးတွေကလည်း ကျွန်မနေရာမှာ ကျုပ်ဆိုပြီးတော့ ထည့်ပြီးတော့ ကေကေရဲ့ စာသားအတိုင်း ဆိုကြ တယ်။ အခုကျတော့ အစ်ကိုက သူ့ဘာသာသူ စာသားအသစ်ထည့်ပြီး ဆိုတာဆိုတော့ ပရိသတ်တွေလည်း အမြင် အသစ်တစ်မျိုးရတယ်။ ပြီးတော့ ကေကေရဲ့ ကျွန်မအခွေက ထွက်ထားတာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ၊ အခုအချိန်ထိလည်း ပရိသတ်တွေအားပေးတယ်။ ဒီသီချင်းလေးနဲ့လည်း ပရိသတ်တွေက အသိအမှတ်ပြုပေးတယ်ဆိုတော့ ဒီသီချင်းလေးကတော့ ကေကေဘဝအတွက် အမှတ်တရအများကြီးရှိပါတယ်။

Voice : ဒီကာလအတွင်းမှာ အနုပညာအလုပ်တွေနားထားရပေမယ့်လည်း တတ်စွမ်းသလောက်လေး ရခိုင်မှာရှိတဲ့ ချင်းဒုက္ခသည်တွေအတွက် လှူဒါန်းဖြစ်တာလေးလည်း တွေ့ရတယ်နော်။
KKM : ကေကေက လှူတာကတော့ အရင်တုန်းကလည်း အလျင်းသင့်သလို တတ်နိုင်သလောက် လှူပါတယ်၊ တတ်နိုင်ရင် တတ်နိုင်သလောက် လှူတာမျိုးရှိပါတယ်။ အခုကျတော့ ကိုယ်ကလည်း ချင်းတိုင်းရင်းသူတစ်ယောက်ဖြစ်တော့ ကိုယ့်ရဲ့ ရခိုင်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေက ဒုက္ခရောက်နေတာကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်တယ်၊ ကိုယ်လည်း ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီချင်တဲ့အတွက် ချင်းလူမျိုး မောင်လေးတွေဆီကို ဆက်သွယ်ပြီးတော့ ကေကေ တတ်နိုင်သလောက် လှူဒါန်းခဲ့တယ်။ သူတို့ကလည်း သူတို့လုပ်ပေးလို့ရတဲ့ဟာပေါ့။ ဥပမာ ပြောရမယ်ဆိုရင် စားဖို့ သောက်ဖို့က အဓိကက ဆန်လိုအပ်တယ်လေ၊ အဲဒါကြောင့် သူတို့ကတော့ ကေကေလှူတဲ့အလှူငွေလေးနဲ့ ရခိုင်မှာ ဒုက္ခရောက်နေတဲ့ ချင်းလူမျိုးတွေကို ဆန်လေးတွေ လှူပေးဖြစ်ပါတယ်။

Voice : အနုပညာအလုပ်တွေကလည်း အခုအချိန်အထိ ဘာမှ မသေချာသေးဘူးဆိုတော့ ပရိသတ်တွေနဲ့ရော အရင်လို ပြန်ဆုံချင်နေပြီလား။
KKM : ကေကေတို့ဆိုရင် အလုပ်တွေနားထားတာ တော်တော်ကြာပြီ။ သင်္ကြန်မတိုင်ခင်ကတည်းကဆိုတော့ သင်္ကြန်လည်း ပွဲတွေ မဆိုရဘူး။ သင်္ကြန်ပြီး တောက်လျှောက်မှာလည်း ကိုဗစ်က ကူးစက်မှုနှုန်းအရမ်းမြင့်နေတဲ့အခါကျတော့ ပြီးတော့ ကေကေတို့တိုက်ကလည်း Lockdown ကျသွားတော့ အိမ်ထဲမှာနေရတယ်။ အလုပ်မလုပ်ရတာ အရမ်းကြာနေပြီ၊ ဒီအချိန်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အလုပ်လေးတွေက မိုးတွင်း ဆိုပေမယ့် နည်းနည်းတော့ လုပ်နေရတုန်းပဲပေါ့နော်။ အခုကျတော့ သင်္ကြန်မတိုင်ခင်ကတည်းက နားထားရတာဆိုတော့ ပရိသတ်တွေနဲ့လည်း အမြန်ဆုံး ပြန်တွေ့ချင်နေပြီ။ ရှိုးပွဲတွေလည်း ပြန်ဆိုချင်နေပြီ။ အိမ်ထဲမှာနေရတာလည်း အရမ်းပျင်းနေပြီဆိုတော့ ပရိသတ်တွေနဲ့ ဆုံချင်တယ်၊ အလုပ်တွေလည်း ပြန်လုပ်ချင်နေပါပြီ။

နွယ်နီ