News

POST TYPE

ENTERTAINMENT

ဇင်ဇင်ဇော်မြင့်နဲ့ တွေ့ဆုံခြင်း
29-Jun-2020
“လူတိုင်းက ကိုယ့်သမိုင်းကို ကိုယ်ရေးကြတယ်။ ကိုယ့်ဘဝနဲ့ကိုယ်နေကြတယ်”



သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်နှင့်တွေ့ဆုံခိုက်ထူးခြားသွားတဲ့ မွေးနေ့အကြောင်း၊ သစ်တံခါးဆရာတော်ကြီးရဲ့ မိန့်ကြားလိုက်တဲ့ စကားအကြောင်းနှင့် အနုပညာရှင်တစ်ယောက်ရဲ့ အိမ်ထောင်ရေးတည်ဆောက်မှုအကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice ; ဒီနှစ် မွေးနေ့လေးက ထူးခြားသွားတယ်နော်။ 
ZZZM : မေလေးက မွေးနေ့ဆိုရင်လည်း ကောင်းမှု ကုသိုလ်တွေကို မှတ်မှတ်ရရ လုပ်ဖြစ်သလို နေ့စဉ်နဲ့အမျှ ကုသိုလ်မရှိဘဲနဲ့လည်း မအိပ်ပါဘူး။ ကုသိုလ်ဆိုတာလည်း အများကြီး လှူနေတာမျိုးမဟုတ်ဘဲ နေ့စဉ် ဘုန်းကြီးဆွမ်းလေး ကိုလည်း သံဃာတွေကို ရည်စူးပြီးတော့လည်း ကပ်တယ်။ ခိုစာလေးတွေ၊ ခွေးစာလေးတွေကျွေးတယ်။ ကောင်းမှုကုသိုလ်လေး နည်းများမဆို နေ့စဉ်နဲ့အမျှလည်းလုပ်တယ်။ မွေးနေ့မှာလည်း အမှတ်တရအနေနဲ့ မနက်အိပ်ရာနိုးတာနဲ့ ဘုရားကိုရှိခိုးတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ သက်ရှိဘုရားလိုမျိုးပဲ တန်ဖိုးထားတဲ့ ကိုယ့်ရဲ့ အဖေနဲ့ အမေကို ကန်တော့တယ်။ လူတိုင်းက မွေးနေ့မှာ ဆိုရင် ကိုယ့်ရဲ့ အမေ၊ အဖေက အရေးကြီးဆုံးပဲ။ မေလေးဆိုရင်တော့ မေမေတို့၊ ဖေဖေတို့မရှိတော့ဘူး။ ဆုံသွားပြီ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ထဲမှာတော့ အမြဲတမ်းရှိတဲ့အတွက်ကြောင့်မို့ ကောင်းမှုကုသိုလ်လေးတွေ အမြဲလုပ်ပေးတယ်။ ဒါလေးတွေက တစ်နည်းအားဖြင့် မိဘကျေးဇူးကို ဆပ်တာနဲ့ အတူတူပါပဲ။ တကယ်လိုအပ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆန်အိတ်တွေ လှူပေးတယ်။ အောက်ဆီဂျင်ဘူးတွေလည်း လှူပေးတယ်။ ဝတ္ထုငွေလေးတွေကိုလည်း လှူပေးတယ်။ ဒီနှစ်မွေးနေ့ တကယ်ကို အမှတ်ရစေတယ်။ သစ်တံခါးဆရာတော် ဘုန်းဘုန်းက မွေးနေ့မှန်းသိလို့ ြွကလာတာမဟုတ်ဘူး။ ဘုန်းဘုန်းြွကလာတဲ့နေ့က မေလေးရဲ့မွေးနေ့ဖြစ်နေတာ။ အရမ်းကို ပျော်သွားတယ်။ ဘုန်းဘုန်းကို လှူခွင့်လည်းရခဲ့တယ်။ ဖူးခွင့်လည်း ရရှိတယ်။ 

Voice ; ဆရာတော်ကြီးကတော့ ဘယ်လိုမိန့်ကြားခဲ့သေးလဲ။
ZZZM : ဘုန်းဘုန်းကတော့ မေတ္တာတရားကို လက်ကိုင်ထားတဲ့တရားပေါ့။ နောက်ဆုံး ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ ကိုယ့်ကို မုန်းတဲ့သူပဲဖြစ်စေ၊ ချစ်တဲ့သူပဲဖြစ်စေ မေတ္တာတရားက အရေးကြီးဆုံးပဲလို့မိန့်ခဲ့ပါတယ်။ ဘုန်းဘုန်းပြောတဲ့ မေတ္တာစကားတွေကို နားထောင်တယ်။ မေလေးမှာ မုန်းတဲ့သူဆိုတာမရှိဘူး။ ကိုယ့်ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ကိုယ့်ရဲ့ ရန်သူဖြစ်ရင်တောင် ကိုယ့်ရဲ့မေတ္တာတရားပဲထားပေးပါတယ်။ 

Voice ; မွေးနေ့မှာကော ခင်ပွန်းဖြစ်သူဆီက Surprise ဘာလက်ဆောင်ရသေးလဲ။
ZZZM : သူကတော့ Surprise တွေ လုပ်တာတို့၊ အရမ်းရိုတာတို့ ဘာတို့မရှိဘူး။ ဒါပေမဲ့ ကိုယ်ဘာလိုအပ်လဲ ကိုယ့်ရဲ့လုပ်ငန်းတွေမှာလိုအပ်တာတို့ ဘယ်ကိစ္စမဆို တိုင်ပင်လို့ရတယ်။ အဖော်ကောင်း တစ်ယောက်အနေနဲ့ပေါ့နော်။ ကိုယ့်နားမှာ အမြဲတမ်းရပ်တည်ပေးနေတဲ့အတွက် ကံကောင်းတဲ့အရာတစ်ခုလိုပါပဲ။ 

Voice ; အိမ်ထောင်တစ်ခုမှာ ဘာတွေက အရေးကြီးဆုံးလို့ထင်လဲ။
ZZZM : သူနဲ့ ကိုယ်နဲ့က မောင်နှမတွေလို ဖြစ်သွားပြီ။ သူရဲ့အခက်အခဲရှိရင်လည်း ကိုယ့်ကို ပြောပြ။ သူ့မှာ အားနည်းချက်ရှိရင်လည်း ခွင့်လွှတ်နိုင်တယ်။ ကိုယ့်မှာအားနည်းချက်ရှိရင်လည်း ခွင့်လွှတ်နိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောလိုရတဲ့ လက်တွဲဖော်လို၊ အဖော်ကောင်းလို ဖြစ်သွားတယ်။ လူတိုင်းက မှားကြတယ်။ အမှားတွေလည်းရှိတယ်။ လူတိုင်းက မှားတတ်ကြတယ်။ တစ်ဖက်က လူကတည်း အတိုင်းအတာတစ်ခုထိပေါ့နော်။ ခွင့်လွှတ်နိုင်တယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုက ရေရှည်လက်တွဲပြီး အဆင်ပြေနိုင်မယ်ထင်တယ်။ 

Voice ; အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးကလည်း ရှုပ်ထွေးကြတယ်လို့ ဝေဖန်နေတဲ့ သူတွေကိုရော ဘာများ ပြောချင်လဲ။ 
ZZZM : အနုပညာရှင်တွေကလည်း လူပဲ။ အပြင်က ကိုယ့်ရဲ့ချစ်တဲ့ ပရိသတ်တွေ ဆိုတာကလည်း လူတွေပဲ။ လူတွေအကုန်လုံးကတော့ အတူတူပါပဲ။ ဒီခံစားချက် ဒီစိတ်တွေပဲ ရှိတယ်။ လူတိုင်းက ကိုယ့်သမိုင်းကို ကိုယ်ရေးကြတယ်။ ကိုယ့်ဘဝနဲ့ ကိုယ်နေကြတယ်။ ကောင်းရင်လည်း ကိုယ်ပဲခံရတယ်။ မကောင်းရင်လည်း ကိုယ်ပဲ ခံရတယ်။ အဓိကတော့ ကိုယ်ရေးတဲ့သမိုင်းပေါ့၊ ကိုယ့်ဟာကိုယ်ပဲ။ နောက်ဆုံးကျတော့ ကိုယ့်သမိုင်းကို ရေးနိုင်ဖို့ပဲ အရေးကြီးတာပါ။ 

ခင်ညိုညိုသိမ့်