News

POST TYPE

ENTERTAINMENT

ဦးဝင်းမြိုင်နှင့် တွေ့ဆုံခြင်း
28-Jun-2020
“တချို့လောကသားတွေကလည်း ကာလာလေးတွေရှိရင်လည်း ဖျောက်ပေးကြပါ”



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွဲဖက်အတွင်းရေးမှူး ၂ ဦးဝင်းမြိုင်နဲ့ တွေ့ဆုံခိုက် ရုပ်ရှင်အစည်းအရုံးရဲ့အလှူအကြောင်း၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အလှူငွေအကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice : ရုပ်ရှင်အစည်းအရုံးရဲ့ တတိယအကြိမ်မြောက် အလှူအကြောင်းလည်း ပြောပြပေးပါဦး။
UWM : အခုဒုတိယအခေါက်မှာ CB Bank  ဖောင်ဒေးရှင်း ကနေသိန်းသုံးရာကို လှူပါတယ်။ လှူမယ့်နေရာမှာ နှစ်ပိုင်းခွဲလှူမယ်။ ပထမတစ်ပိုင်းက သိန်းတစ်ရာ့ငါးဆယ်ပေါ့။ လူထောင့်ငါးရာစာ တစ်ယောက်တစ်သောင်းနှုန်းနဲ့ပေါ့။ တတိယအကြိမ်လှူဖြစ်လို့ရှိရင် ကျန်တဲ့ သိန်းတစ်ရာ့ငါးဆယ်ကို တစ်ယောက်တစ်သောင်းနှုန်းပဲ ဝေမယ် ဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ အဲတော့ တတိယအကြိမ်မှာ ဆန်၊ ဆီ၊ ပဲတို့ လှူတာပဲ။ အဲဒီအချိန်မှာ ငွေလေးတစ်သောင်းလောက်ပါလာရင် ဘာပဲပြောပြော လာထုတ်တဲ့လောကသားတွေ လမ်းစရိတ်လေး အဆင်ပြေသွားကြတယ်။ နောက်တစ်ခုကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်သွယ်မိသွားတော့ ပထမတုန်းကတော့ ပစ္စည်းထည့်လှူချင်တာ လှူချင်တော့ ကျွန်တော်တို့နဲ့ဆွေးနွေးရင်းဆွေးနွေးရင်းနဲ့ သူလည်း တစ်သောင်းလှူမယ် CB Bank  လိုမျိုးပေါ့နော် နောက်တော့ စေတနာ ပေါက်လာတယ်ထင်တယ်။ နှစ်သောင်းလှူမယ်ဆိုတော့ ကျွန်တော်တို့အတွက် တော်တော်ပျော်သွားတယ်။ ပထမတုန်းက CB Bank ကနေ တစ်သောင်း အခု ပြည်ခိုင်ဖြိုးကနေ နှစ်သောင်းဆိုတော့ လောကသား တွေအတွက် ဘာပဲဖြစ်ဖြစ် တစ်ပတ်စာ၊ နှစ်ပတ်စာလောက်တော့ ဖူလုံ လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ အဲဒီအတွက်ကိုလည်း ဝမ်းသာရ တယ်။ ပြည်ခိုင်ဖြိုးပါတီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 

Voice : ပြည်ခိုင်ဖြိုးပါတီရဲ့ အလှူအတွက် အပြင်မှာ လည်း ဝေဖန်သံလေးတွေရှိလာတယ်နော်။ ရွေးကောက်ပွဲကြောင့်လို့ လည်းပြောနေကြတယ်။ 
UWM : ကျွန်တော်တို့ စဆွေးနွေးကတည်းက အဲဒါတွေလည်း ပါပါတယ်။ အလှူဖြစ်တဲ့အတွက်ကြောင့် ဒီမှာကာလာမရှိပါဘူး။ လှူတဲ့သူကိုလည်း မလှူနဲ့လို့လည်း ပြောလို့မရဘူးလေ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအနေနဲ့လှူပြီ။ လှူတဲ့နေရာမှာ ဒီပြည်ခိုင်ဖြိုးပါတီကလည်းစိတ်သန့်သန့်နဲ့ လှူတာပါ။ မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လှူတာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း သေချာပြောဆိုရှင်းပြပြီးတော့မှ အစီအစဉ်ဆွဲခဲ့ကြတာပါ။ 

Voice : ပြည်ခိုင်ဖြိုးပါတီဘက်ရော ဘာတွေများ တောင်းဆိုသေးလဲ။ 
UWM : ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှမလုပ်နဲ့ စာအိတ်မှာ ပြည်ခိုင်ဖြိုးပါတီဆိုတဲ့ဟာလေးကို တံဆိပ်လေးရိုက်မယ်ပြောတာကို မလိုဘူး မလုပ်နဲ့ဘဲ ပြောပါတယ်။ သူတို့က ငွေပဲ စိတ်ထဲကို လှူချင်တာ။ နောက်က ဗီနိုင်းတွေ ဘာတွေတောင် အချိတ်မခံဘူး။ သူတို့လှူတာ ဒီလောကသားတွေအတွက် အတိုင်းအတာတစ်ခု အဆင်ပြေစချင်လို့ လှူတာလို့ အဲလိုပဲ ပြောပါတယ်။ 

Voice : ပြည်ခိုင်ဖြိုးက ပထမဦးဆုံးကြိမ်လှူတာလား ။
UWM : ပထမတုန်းကတော့ ကိုဗစ်နဲ့တော့ မဆိုင်ဘူးပေါ့နော်။ လှူတာက ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ခေါင်းစဉ်နဲ့ အရင်တုန်းက သိန်းလေးရာကျော်လောက် လှူဖူးပါတယ်။ 

Voice : လောကသားတွေကိုရော ဘယ်လိုပြောပြချင်သေးလဲ။ 
UWM : တချို့လောကသားတွေကလည်း ကာလာလေးတွေရှိရင်လည်း ဖျောက်ပေးကြပါ။ အလှူပဲဖြစ်ပါတယ်။ အလှူနဲ့ အလှူခံ ပုဂ္ဂိုလ်ပဲ သဘောထားပေးပါ။ စဉ်းစားပေးပါလို့ ပြောချင်ပါတယ်။ 

ခင်ညိုညိုသိမ့်