News

POST TYPE

ENTERTAINMENT

ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခြင်း
26-Jun-2020
“ဖြိုးမြတ်အောင်လို့ မသိခင်မှာ ဖြတ်သန်းလာရတဲ့ဘဝတွေ အများကြီးပဲ။ ဘဝပိုဆန်တယ်”



အဆိုတော်ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခိုက် သီချင်းသစ်တွေအကြောင်း၊ သီချင်းခံစားမှုအပြောင်းအလဲများအကြောင်း၊ အဆိုတော်တစ်ယောက်ရဲ့ ရပ်တည်ချက်တွေအကြောင်း စတာကို မေးမြန်းထားပါတယ်။ 

Voice : သီချင်းသစ်တွေ လုပ်ထားတာရှိရင် ပြောပြပေးပါဦး။ 
PMA : သီချင်းနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော့် အိပ်မက်အကြောင်း ရေးထားတဲ့ ပိုက်ကွန်ငယ်ဆိုတဲ့ သီချင်းလေးလုပ်ထားတယ်။ ကိုထုံကြီးရေးပေးထားတာပေါ့နော်။ Music Video လေးလည်း ရိုက်ဖို့ရှိတယ်။ ကျွန်တော်မက်တဲ့ အိပ်မက်အကြောင်း အရာကိုပဲ ရေးထားတာပါ။ ဖြစ်ရပ်မှန်လို့လည်း ပြောလို့ပါတယ်။ MTV အပိုင်းကိုတော့ ဒါရိုက်တာနဲ့ပဲ ရိုက်မယ်။ အဲလို အိုင်ဒီယာ မျိုးတော့ ကျွန်တော့်မှာမရှိဘူး။ သူကတော့ ဘယ်လို ဆန်းသစ်တီထွင်မလဲတော့ မသိဘူး။ 

Voice : သီချင်းတွေ ဆိုတဲ့အခါ ဘယ်လိုအပြောင်းအလဲလေး ဖြစ်နေလဲ။ 
PMA : ကျွန်တော်တို့ တွေကတော့ လောလောဆယ် ရော့ခ်နည်းနည်း ကြမ်းတာလေး ကြိုက်တာပေါ့။ တကယ့် တကယ်ကျတော့ အားပေးတဲ့မိသားစုတွေနဲ့ မျှတအောင်တော့ ကျွန်တော်ကြိုက်တာလည်းလုပ်မယ်။ အများကြိုက်တာလည်းလုပ်မယ်။ အဲလိုတော့ မျှအောင်လုပ်ရတယ်။ နောက်ထပ်လာမယ့် Music တွေကျတော့ မတူတော့ဘူး။ ထပ်ပြောင်းချင်တာမျိုးတွေလည်း ရှိပါတယ်။ အဓိကတော့ ကိုယ့်အကြိုက်ရော ပရိသတ်အကြိုက်ရော မျှအောင်ပေါ့နော်။ ကိုယ်ကြိုက်တာလည်း ကိုယ်လုပ်ရမယ်။ သူတို့ကြိုက်တဲ့ အရာလေးတွေကိုလည်း ချပြရမှာပေါ့နော်။ သူတို့ကြိုက်တာပဲလုပ်နေရင် ကိုယ့်အနုပညာလည်း ပျောက်သွားတက်တယ်။ 

Voice : ဂီတသက်တမ်းမကြာသေးဘူးဆိုပေမယ့် ပရိသတ်က အခိုင်အမာရှိပြီးသား အဆိုတော်တစ်ယောက်အနေနဲ့ ကိုယ့်ရပ်တည်ချက်ကိုရော ဘယ်လိုမျိုး ထားထားလဲ။
PMA : ကျွန်တော်လုပ်လိုက်တဲ့သီချင်းအတိုင်း တစ်ပုဒ်ဆိုတစ်ပုဒ်အလျောက်ပေါ့။ ကျွန်တော် အသက်ကြီးတဲ့အထိ ကြမ်းနေဦးမယ်။ အမြဲတမ်းအမှားယွင်းမရှိ ကြိုးစားပြီးတော့ ဖန်တီးပါတယ်။ အရင်တုန်းကတော့ ရှိုးပွဲတွေ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ လုပ်နေရတော့ လစ်ဟာမှုလေးတွေရှိတာပေါ့။ အခုလို နားနေတဲ့ အပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ သေသေချာချာပြင်ဆင်ချိန် ပိုရတာပေါ့နော်။ 

Voice : ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင် ဆိုရှယ်မီဒီယာဘယ်လိုမျိုးလုပ်ယူလဲ။ 
PMA : ကျွန်တော့် Group လေးတွေရှိတယ်။ စာလေးတွေ ရေးဖြစ်တယ်။ အားပေးကြတယ်။ အပြန်အလှန်ပဲ။ အားပေးကြတဲ့ ကျွန်တော့်မိသားစုတွေဆိုရင်လည်း လုံးဝစိတ်ဓာတ်မကျကြနဲ့။ ဒါကလည်း အခုကာလမှာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ကမ္ဘာလုံးဆိုတော့ အများကြီးပဲ။ ပရိသတ်တွေကလည်း ဒီလိုမျိုးပဲပြောကြတယ်။ တစ်ဦးတည်း တစ်ယောက်တည်း ဖြစ်နေတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတူတူ လက်တွဲရင်ဆိုင်ရတာပေါ့။ 

Voice : အရင်တုန်းက အချစ်သီချင်းဆိုတာတွေများတယ်။ အခုကျတော့ ဘဝနဲ့ဆိုင်တဲ့ သီချင်းတွေ ဆိုတာများလာတော့ ကိုယ်တိုင်က Trend ကို ပြောင်းလိုက်တာလား။
PMA : အချစ်သီချင်းဆိုရတာကတစ်မျိုးပဲ။ ပေါ့တယ်လို့ခံစားရတယ်။ ကျွန်တော်ကိုယ်တိုင်က ဘဝနဲ့ သက်ဆိုင်တာမျိုး ပိုကြိုက်တယ်။ ကျွန်တော် ဖြတ်သန်းလာရတာကလည်း အများကြီးပဲ။ အခုမှပဲ ဖြိုးမြတ်အောင်လို့ သိတာပေါ့နော်။ ဖြိုးမြတ်အောင်လို့ မသိခင်မှာ ဖြတ်သန်းလာရတဲ့ ဘဝတွေအများကြီးပဲ။ ဘဝ ပိုဆန်တယ်။ ကျွန်တော့်မှာက အချစ်နဲ့ပတ်သက်ရင် ပြောပြစရာ အရမ်းနည်းတယ်။ ဘဝနဲ့ပတ်သက်ရင် ပြောပြစရာ အများကြီးဖြစ်တဲ့အတွက် ကျွန်တော့်ခံစားမှုကျတော့ ဘဝနဲ့ပတ်သက်တာ ပိုများတယ်။ အဲဒါကြောင့်ပါ။ 

ခင်ညိုညိုသိမ့်