News

POST TYPE

ENTERTAINMENT

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်နဲ့တွေ့ဆုံခြင်း
22-May-2020
"ထမင်းမစားရင်သာနေရမယ် ရုပ်ရှင်မကြည့်လို့မရဘူးဆိုပြီး ရုပ်ရှင်ဝါသနာအိုးတွေရှိပါတယ်။"



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်နဲ့တွေ့ဆုံခိုက် ဇာတ်ပို့ဇာတ်ရံအလွှာအတွက်ထောက်ပံ့ ရိက္ခာများလှူဒါန်းပေးခြင်းအကြောင်း၊ ရိုက်ကူးရေးများပြန်လည်ပြုလုပ်နိုင်မယ့် အချိန်နဲ့အခြေအနေ သုံးသပ်ချက်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများအထိနာခြင်းစတဲ့အကြောင်းအရာတွေကိုမေးမြန်းထားပါတယ်။ 

Voice   : ဒုတိယအကြိမ်မြောက် ဇာတ်ပို့ဇာတ်ရံအလွှာတွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ  ထောက်ပံ့အလှူလေးပေးဖြစ်ပုံလေးပြောပြပေးပါဦး။
NNTL   : ဒီကာလကလည်း Covid-19 ကာလဆိုတော့ စားဝတ်နေရေးဖြစ်နေတဲ့ရုပ်ရှင်လောကသားတွေကို တက်နိုင်သမျှ အသက်ရူချောင်သွားအောင်ဒါနပြုတဲ့အစီအစဉ်လေးပါပဲ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ပထမအကြိမ်တုန်းကတော့ ဆန်ငါးပြည် အခုဆိုရင်တော့ဆန်ရှစ်ပြည်ပေါ့။ ပဲတစ်ပိသာ ဆီငါးဆယ်သား နဲ့ မင်္ဂလာအုပ်စုက ဦးဇော်မြင့်က Mask ကို လူ ၁၅၀ဝ၀ စာလှူတယ်။ CB Bank က KMA Foudction ကနေပြီးတော့ သိန်းသုံးရာလှူဒါန်းပါတယ်။ သိန်းသုံးရာထဲကနေပြီးတော့ သိန်းတစ်ရာ့ငါးဆယ်နဲ့လူ ၁၅၀ဝ ကို တစ်သောင်းနှုန်းနဲ့ လှူဒါန်းလိုက်တယ်။ Covid-19 ကာလကလည်းပြောလို့မရဘူးလေ။ ဇွန်လဆန်းကျရင်တစ်ခါ လူ ၁၅၀ဝ စာကို တစ်သောင်းနှုန်းထပ်ပေးဖို့ ဖယ်ထားလိုက်တယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရယ် ထုတ်လုပ်သူတွေ လုပ်ငန်းရှင်သူဌေးတွေကို အကူအညီတောင်းပြီးတော့ ဇွန်လဆန်းမှာတစ်ခါ ထပ်ပြီး‌တော့ ရိက္ခာတွေထောက်ပံ့ပေးဖို့စီစဉ်ထားတယ်။

Voice   : အစည်းအရုံးကလည်းပြန်ဖွင့်ပြိဆိုတော လုပ်ငန်းစဉ်တွေကိုဘယ်လိုမျိုးပြုလုပ်သွားမှာလဲ ။
NNTL   : အစည်းအဝေးလုပ်ရတယ်။ကားရိုက်ချင်တဲ့သူတွေလည်းရှိတယ်။ စားဝတ်နေရေးကလည်းခက်ခဲလာတယ်။ တစ်ချို့ကလည်းကားရိုက်ချင်တော့ ဇွန်လမှာရိုက်ချင်တဲ့သူလည်း ရှိတယ်။ ရိုက်မယ်ဆိုရင် ကျွန်တော်တို့ အစည်းအရုံးက အာဏာပိုင်အဖွဲ့အစည်းလည်းမဟုတ်ဘူး။ NGO အဖွဲ့အစည်းဖြစ်တယ်။ ကားရိုက်ခွင့်ရှိတယ်။ ရိုက်ခွင့်မရှိဘူး။ ဒီလိုလည်းတားမြစ်ပိုင်ခွင့်လည်းမရှိဘူး။ တစ်ချို့သတင်းတွေမှာ သတင်းအမှားတွေ တက်လာတာရှိတယ်။ တားလို့မှမရတာ။ အစည်းအရုံးအနေနဲ့က ပြန်ကြားရေးဝန်ကြီးဌာန ကျန်းမာရေးဝန်ကြီးဌာန ညှိနှိုင်းပြီးတော့ သူတို့က ရိုက်ကူးခွင့်တင်လာတဲ့အခါ ဘယ်မင်းသားမင်းသမီး ဘယ်ထုတ်လုပ်ရေး ဒါရိုက်တာက ရိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့ ထောက်ခံပေးရတယ်။ နောင်အခါအရှုပ်အရှင်းတွေဖြစ်လာရင် ကျွန်တော်တို့ ကဖြေရှင်းပေးလို့ရတယ်။ တရားဝင်တောင်းဆိုရိုက်ကူးခွင့်တင်ထားတဲ့ဟာတွေ မရှိသေးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ရိုက်ကူးခွင့်တင်တယ်။ ရိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြန်ကြာရေးဝန်ကြီးဌာနနဲ့ ညှိပြီးတော့ စည်းကမ်းချက်တွေကလည်း တော်တော်များတယ်။ရိုက်ဖိူ့ကတော့ သိပ်တော့မလွယ်ဘူး။ လူစုလူဝေးမဖြစ်အောင်ဆင်ခြင်ရပါတယ်။ သရုပ်ဆောင်ကျတော့ လူချင်းပူးချင်ပူးမယ်။ သဘာဝကျကျရိုက်ရတာဆိုတော့ တော်တော်လေးတော့ အခက်အခဲရှိတယ်။ အဆင်ပြေနိုင်တာဆိုရင်တော့ Indoor များတဲ့ဆက်တင်ဆို အဆင်ပြေနိုင်တယ်။ ပိုပြီးကောင်းတာကတော့ ဇာတ်လမ်းတွဲတွေကရိုက်ဖို့အဆင်ပြေတယ်။ 

Voice   : ရိုက်ကူးရေးကပြန်စနိုင်ပေမယ့် ပြသမယ့်ရုပ်ရှင်ရုံတွေက မဖွင့်နိုင်သေးရင် အစည်းအရုံးအနေနဲ့ ဘယ်လိုမျိုးထိန်းညှိသွားမလဲ။ 
NNTL   : ရုပ်ရှင်ရုံတွေကတော့ ကျောင်းတွေဖွင့်တဲ့ကာလပေါ့။ ဇူလိုင်ပေါ့ ဇွန်လလယ်လောက်ကတော့ ကျွန်တော်ထင်တယ်။ မဖြစ်နိုင်လောက်သေးဘူး။ ကျွန်တော်တို့လည်းကြားနေရတယ်။ နှစ်ခုံကြားပြီး ပြရင်ရနိုင်တယ်လို့ပေါ့ ဘာပဲပြောပြောဝင်ငွေကတော့ နှစ်ခုံကြားသာပြနိုင်မယ် ဆိုရင်အရင်ဝင်ငွေထက် သုံးပုံတစ်ပုံလောက်ပဲရတော့မယ်။ ရုပ်ရှင်ဆိုတာကလည်း မကြည့်ဘဲနဲ့လည်းနေလို့ရတယ်။ စီးပွားရေးကလည်းအဆင်ပြေမှလေ လူတွေက စားဝတ်နေရေးတောင်ဖြေရှင်းနေရတယ်။ ပြသညှိနှိုင်းမှာဆုံးဖြတ်ထားတာက ဘယ်နေ့ဘယ်ရက်မှာ ဘယ်ဇာတ်ကားတင်ဆိုပြီး ဆုံးဖြတ်ထားတာရှိတယ်။ အဲဒီဇာတ်ကားအတိုင်းပဲ ရုပ်ရှင်တွေတန်းလန်းနဲ့ရပ်သွားလို့ Covid-19 ကာလပြီးသွားရင်တန်းလန်းဖြစ်နေတဲ့ ကားကနေ စပြဖို့စည်းဝေးဆုံးဖြတ်ထားတယ်။ ဇာတ်ကားပိုင်ရှင်နဲ့ရုံရှင်တွေညှိနှိုင်းရမယ်ထင်တယ်။ ပြသညှိုနှိုင်းအစည်းအဝေးကပြန်ပြီးတော့လုပ်ရမယ်။ 

Voice   : အခုကာလကြီးကဖျော်ဖြေရေးလုပ်ငန်းတွေက အထိနာဆုံးပြောလို့ရတာပေါ့နော်။ 
NNTL   : ဟုတ်ပါတယ်။ ရုပ်ရှင်ကတော့ပိုဆိုးတာပေါ့။ သီချင်းဆိုတဲ့စတိတ်ရှိုးကမှ အောက်ဒိုးဘာညာရနိုင်သေးတယ်။ ကျွန်တော်တို့ရုပ်ရှင်ကျတော့ အလုံပိတ်ထဲမှာကြည့်ရတာ။လာကြည့်တဲ့ပရိသတ်အနေနဲ့ ကျန်းမာရေးရူထောင့်က အရဆိုရင်ပရိသတ်ကရော စားဝတ်နေရေး အဆင်ပြေရင်တော့ ကြည့်နိုင်မယ်။ အဆိုးထဲကအကောင်းတွေးရင်တော့ ကျွန်တော်တို့ အိန္ဒိယမှာဆိုရင် ထမင်းမစားရင်သာနေရမယ်ရုပ်ရှင်မကြည့်လို့မရဘူးဆိုပြီး ရုပ်ရှင်ဝါသနာအိုးတွေရှိပါတယ်။ အဲလိုရုပ်ရှင်ကိုချစ်မြတ်နိုးလို့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ အသက်ရူပေါက်ချောင်နိုင်တာပေါ့။ ရုပ်ရှင်လောကသားတွေအတွက်တော့ ကပ်ဆိုက်တယ်ထင်တယ်။ Covid ကာလပြီးသွားရင်တောင် ရုပ်ရှင်လာကြည့်ဖို့ အချိန်အတိုင်းအတာတစ်ခုပေးရလိမ့်မယ်ထင်တယ်။ 

ခင်ညိုညိုသိမ့်