News

POST TYPE

ENTERTAINMENT

ယုန်လေးနှင့်တွေ့ဆုံခြင်း
21-May-2020
"သူတို့တွေကိုတော့ တစ်ဘဝလုံးတာဝန်မယူထားဘူး။ ကူညီပေးတာပဲရှိတယ်"



အဆိုတော်ယုန်လေးနဲ့ တွေ့ဆုံခိုက် ဝမ်းစာသီချင်းလေးအကြောင်း၊ မင်းဇက်နဲ့ကျော်စွာတို့ ကူညီပေးဖြစ်တဲ့အကြောင်း သီချင်းစာသားရဲ့ အဓိပ္ပာယ်အကြောင်းအရာတွေကိုမေးမြန်းထားပါတယ်။ 

Voice  : ဝမ်းစာသီချင်းအကြောင်းလေး ပြောပါဦး။
YL      : ကျွန်တော်က ဝမ်းစာဆိုတဲ့သီချင်းလေးကို Save The World ရေးတဲ့ချိန်မှာပေါ့ Rap တွေ ဘာတွေမပြီးသေးဘူး။ စာသားအချောတွေ လိုနေသေးတဲ့အချိန်မှာ ကိုရွှေမန်းကဖုန်းဆက်တယ်။ Save The World က Media 7 ကနေ ရိုက်မယ်ဆိုတော့ သူက ပြီးပြီလားဆိုတော့ မှတ်မှတ်ရရ 24 ရက်နေ့မှာ Positive ထွက်သွားတော့ ဘယ်လိုလုပ်ရမလဲ မသိသေးတဲ့ချိန်မှာ ကိုယ်တိုင်လည်း လုပ်ဖြစ်မလား မလုပ်ဖြစ်လား မသိသေးဘူး။ အဝေးကနေ လှမ်းဆိုခိုင်းပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး အကုန်တွေးနေတာ။ လူတွေကြည့်ပြီးတော့ စိတ်မကောင်းဘူး။  Save The World ရအောင် လုပ်မယ်ဆိုပြီးတော့ ပြောလိုက်တယ်။ အဲကနေပြီးတော့ ဝမ်းစာသီချင်းလေးလုပ်ဖြစ်တယ်။ Save The World ကတော့ အရင်လုပ်ဖြစ်လိုက်တယ်။ အဲမှာ မင်းဇက်ကို တွေ့တယ်။ ဆိုဖြစ်တယ်။ သူလည်းပျော်ပြီးတော့ တင်လိုက်တယ်။ ကျွန်တော်လည်း တင်လိုက်တော့ လူသိသွားတယ်။ ဒါပါပဲ။

Voice  : ဝမ်းစာသီချင်းခေါင်းစဉ်က ဘယ်သူရွေးတာလဲ။ 
YL      : ခေါင်းစဉ်ပေးဖို့က နည်းနည်းလေး စဉ်းစားရကျပ်တယ်။ အလုပ်တွေကလည်းများတော့ မင်းဇက်က ထမင်းဝိုင်းလေး နပ်မမှန်ပါ စိုးလို့ဆိုတော့ အဲဒါပဲပေးရင် ကောင်းမလားပေါ့လေ။ အဲဒါကြီးက မြန်မာကားလိုဘာလိုလိုနဲ့ ဒရာမာကြီးဖြစ်နေတော့လေ။ ကျွန်တော်ဆိုတဲ့အပိုင်းက လူကို လူလိုမြင်ပေးပါဆိုတော့ ဆိုတုန်းကတော့ Flow ဆိုတာ ဖတ်လိုက်ရင်တော့ ရိုင်းသွားမလား ဖြဲတာမဟုတ် ပစ္စည်းမဲ့မာနလည်းမဖြစ်ချင်ဘူး။ ပစ္စည်းရှိတဲ့သူတွေကို စော်ကားတာလည်းမဟုတ်ဘူး။ ဝမ်းစာဆိုတာ ဘယ်သူ့မှ မထိခိုက်ဘူး ချစ်စရာလည်းကောင်းတယ်။ အဲဒီနာမည်လေးကိုပေးဖို့ အကြံပေးတာ ကိုရွှေမန်းပါ။  မှတ်မှတ်ရရလည်း ဖြစ်တယ်။ 

Voice  : သီချင်းကလည်း ပေါက်သွားတယ်နော်။ 
YL      : ကျွန်တော်တို့တင်ပေးလိုက်တယ်ဆိုတာကလည်း ကျွန်တော်တို့တင်လိုက်ရင် Follow ပရိသတ်ရော သိသွားကြတယ်။ အဲဒါကြောင့်မို့ စေတနာနဲ့ တင်ပေးတာလည်းပါတယ်။ မင်းဇက်လည်း Follower လည်း များသွားပြီ။ သူ့သီချင်းတောင်းတာတို့၊ ဘာတို့ ရလာတော့ သူလည်းပျော်တယ်။ ကျားကြီးတို့ ကယားလေးတို့ကို ကူညီတာ၊ လုပ်ပေးဖူးတာတွေ့တော့ မန်းရှင်းဝိုင်းခေါ်ကြတယ်။ ကျွန်တော်လည်း မကူညီသေးဖူးပေါ့။ နောက်ကျတော့ ကူညီလိုက်ပါမယ်ဆိုပြီးတော့လေ။ သူ့ကိုသိပြီးတော့လည်း မကူညီဘဲနဲ့ မနေနိုင်တော့ဘူး။ ကျွန်တော် ကူညီတာအင်္ကျီနဲ့ ငွေကြေးတွေဆိုတာထက် သီချင်းကိုပဲပြောတယ်။ သူ သီချင်းဆိုချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲလောက်မြန်မြန်ဆန်ဆန်လုပ်ဖို့လည်းမရှိသေးဘူး။ ဒီဗိုင်းရပ်စ်ကြီးသာ ပြီးအောင်ဆုတောင်းလို့။ ကလေးတွေကျတော့ လုပ်ချင်တာပေါ့နော်။ အဲဒါနဲ့ပဲ သီချင်းလုပ်ဖြစ်သွားတယ်။ သူတို့လည်း ပျော်သွားတာပေါ့။ မင်းဇက်က တကယ့်ဆိုင်ကယ်ပြင်တာရိုက်ထားတယ်။ ကျော်စွာကလည်း လမ်းဘေးမှာ အိပ်တာအခင်းတွေကအစ တကယ့်အစစ်တွေပဲ။ ဒီလိုဘဝတွေကိုဖြတ်သန်းနေရတာကို ရိုက်ထားတာပါ။ အဲဒီအတွက် Support လုပ်ပေးတယ်။ ကန်တော့လည်း ကန်တော့တယ် ပီတိဖြစ်တယ်။ သူတို့လည်း ကျွန်တော်နဲ့ ဆိုရတာပျော်တယ်။ ကျွန်တော်လည်း သူတို့နဲ့ ဆိုရတာပျော်တယ်။ 

Voice  : ဘယ်လောက်ထိ ကူညီပေးသွားမှာလဲ။ 
YL      : သူတို့တွေကိုတော့ တစ်ဘဝလုံး တာဝန်မယူထားဘူး။ ကူညီပေးတာပဲရှိတယ်။ ကျွန်တော်နဲ့ အနီးကပ်နေတဲ့သူတွေကို အမြဲတမ်းပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှမဟုတ်သေးတဲ့အတွက် ကြိုးစားရမယ်။ ကျွန်တော်လည်း ဒီထက်အနေအထားရှိမှ နောက်ထပ်တွေ့တဲ့သူကို မြင်တိုင်းကို ကူညီနိုင်မှာပါ။ ကျွန်တော်မလဲဖို့ အရေးကြီးတယ်။ ကျွန်တော် ရှေ့ဆက်နေနိုင်ဖို့အရေးကြီးတယ်။ သူတို့ကို လမ်းကြောင်းတစ်ခုအပေါ်ကိုတင်ပေးနိုင်ဖို့ ဘေးနားမှာရှိနေမှဖြစ်မယ်။ ကျွန်တော်တို့က လူငယ်တွေတော့မသိဘူး ။ အတွေ့အကြုံအရ အချိန်ကြာသွားတယ်။ အခုကအတွေ့အကြုံက ကျွန်တော်တို့က ရှိသွားပြီ။ 

ခင်ညိုညိုသိမ့်