News

POST TYPE

ENTERTAINMENT

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နဲ့တွေ့ဆုံခြင်း
23-Mar-2020
"လခတွေပေးရင်တောင် အပြည့်အဝတော့ ဘယ်ပေးမလဲ"



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နဲ့ တွေ့ဆုံခိုက် ရုပ်ရှင်ရုံတွေပိတ်လိုက်ရတဲ့အတွက် နစ်နာမှုများအကြောင်း 
အကယ်ဒမီပေးပွဲကို မေလမှာ ကျင်းပမယ့်အကြောင်းနဲ့ ရုပ်ရှင်နှစ်တစ်ရာပြည့်အစီအစဉ်များအကြောင်း မေးမြန်းထားပါတယ်။ 

Voice   : ရုပ်ရှင်ရုံတွေပိတ်လိုက်ရတော့ ရုံရှင်ကားရှင် စနစ်နဲ့ပြသတဲ့ကားတွေကို ဘယ်လိုစီမံပေးဖြစ်လဲ။
NNTW  : ရုပ်ရှင်ရုံတွေပိတ်လိုက်ရတော့ ပြလက်စကားတွေကို ဒီအတိုင်းရပ်လိုက်မယ်။ ရုံရှင်ကားရှင် ပြသခွင့်ရတဲ့ကားတွေက မေလဆန်းလောက် အတွဲလိုက်ပြသွားဖို့ သဘောတူထားပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်ကြောင့်ပေါ့နော်။ ပိတ်လိုက်ရတယ်။ 

Voice   : ရုပ်ရှင်ရုံတွေပိတ်လိုက်ရတော့ အနည်းနဲ့အများ ထိခိုက်နစ်နာမှုတွေရှိမယ်ဆိုတော့ ဘယ်ဘက်က ပိုပြီးထိခိုက်နစ်နာမှု ရှိမလဲ။ 
NNTW  : အထူးသဖြင့်တော့ ရုပ်ရှင်လောကသားတွေ အများဆုံးထိခိုက်နစ်နာတယ်။ ရုပ်ရှင်ရုံတွေမှာ ပြသနေတယ်။ အောင် ပွဲခံနေတယ်။ ရိုက်တဲ့သူတွေကလည်း ရိုက်ချင်စိတ်တွေပေါက်လာတယ်။ အခုတော့ ရုပ်ရှင်ရုံတွေပိတ် အခြေအနေတွေက မကောင်းဆိုတော့ ရိုက်မယ့်သူတွေကလည်း လက်တွန့်သွားတာပေါ့။ အဲအတွက်ရုပ်ရှင်ရိုက်နေရတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ စက်မှုလုပ်သားတွေ အကုန်လုံး ဒုက္ခရောက်တာပေါ့။ ရုံတွေပိတ်လိုက်တော့ ရုပ်ရှင်ရုံဝန်ထမ်းတွေလည်း မြန်မာပြည်တစ်ပြည် လုံးမှာမနည်းဘူး။ တစ်လခွဲလောက်ပိတ်တာဆိုတော့ လခတွေပေးရင်တောင် အပြည့်အဝတော့ ဘယ်ပေးမလဲ။ 

Voice   : အကယ်ဒမီပွဲကျတော့ ယာယီအနေနဲ့ ဘယ်လိုတွေစီစဉ်ထားသေးလဲ။ 
NNTW  : အကယ်ဒမီပွဲကိုလည်း ဧပြီလကုန်ထိက ဘာပွဲလမ်းသဘင်မှ မလုပ်ရဘူးဆိုတော့ ပထမကြေညာထားတာကတော့ သင်္ကြန် အပြီး မိုးမကျခင်ပေါ့။ ဒီအတိုင်းဆိုရင်တော့ မေလဆန်းလောက်မှ ဖြစ်မယ်။ မေလဆန်းလောက်ကျရင်လည်း အခြေအနေကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင်းပမယ့်နေရာက ရင်ပြင်ဖြစ်နေတယ်။ မိုးရွာမှာပဲ စိုးရတယ်။ 

Voice   : အကယ်ဒမီပွဲအစီအစဉ်တွေကျတော့ ပထမအစီအစဉ်တိုင်းပဲလား။ 
NNTW  : ဟုတ်ပါတယ်။ အချိန်တစ်ခုလေးပဲစောင့်ရမယ်။ 

Voice   : ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက်ရော ဘာတွေစီစဉ်ထားတာရှိလဲ။ 
NNTW  : ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲက အကယ်ဒမီပွဲက အကြိုပါပဲ။ အခမ်းအနား ပြင်ဆင်ပုံစံကိုကအစ ရတုလေးရတုကို ကိုယ်စားပြုမယ်။ ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်ပေါ့။ အသံတိတ် ခေတ်ကနေ ဒီဘက်ခေတ်အထိ မင်းသား၊ မင်းသမီး ရုပ်ရှင်ပိုစတာကြီးတွေ နဲ့ ရတုလေးရတု ကိုယ်စားပြုထားတဲ့ အဆင်အပြင်ဒီဇိုင်းတွေနဲ့ အကယ်ဒမီပေးပွဲကိုကျင်းပမှာပါ။ ဖျော်ဖြေတာကလည်း ရုပ်ရှင်သီချင်းတွေချည်းပါပဲ။ နှစ်တစ်ရာသမိုင်းတစ်လျှောက်မှာခေတ်စားခဲ့တဲ့ ရုပ်ရှင်သီချင်းတွေကို ရုပ်ရှင်သရုပ်ဆောင်ဖူးတဲ့ သူတွေကပဲဆိုမယ်။ အဲလိုအစီအစဉ်လေးတွေ ဆွဲထားတယ်။ 

Voice   : တကယ်လို့ အခြေအနေအကြောင်းကြောင်းကြောင့်  အကယ်ဒမီပေးပွဲ မလုပ်ဖြစ်ရင် နောင်နှစ်ကျပေါင်းပေးဖြစ်မှာလား။ 
NNTW  : ပွဲက လုပ်တော့လုပ်ရမယ်။ မလုပ်လို့မှ မရတာ။ တကယ်လို့များ ကပ်ရောဂါကြီးတွေဖြစ်လို့ ဘယ်လိုမှ ကျင်းပလို့မရရင် ပေါင်းလုပ်ရမှာပေါ့။ 

ခင်ညိုညိုသိမ့်