News

POST TYPE

ENTERTAINMENT

မင်းရာဇာ နဲ့ တွေ့ဆုံခြင်း
14-Feb-2020
"နမူနာတွေတော့ အရမ်းကောင်းတယ်။ အထဲရောက်တော့ ဘာမှမဟုတ်တော့ဘူး။ ဟာလာဟင်းလင်းကြီးပဲ"



သရုပ်ဆောင်မင်းရာဇာနဲ့ တွေ့ဆုံခိုက် ကိုပေါဇာတ်ကားကို ဝန်းရံဖြစ်တဲ့အကြောင်း၊ နယ်မင်းသား၊ အောက်မင်းသားအကြောင်းနဲ့ အက်ရှင်သီးသန့် ထိုးဖောက်မယ့်အကြောင်း စတာတွေကိုမေးမြန်းထားပါတယ်။ 

Voice  : ကိုပေါဇာတ်ကားကို ဝန်းရံဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
MYZ    : စည်သူက အရမ်းရူးသွပ်တယ်။ အနုပညာနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်ရမလဲ။ပြောရရင် အရမ်းမင်းသားဖြစ်ချင်တယ်ပေါ့။ စိတ်ဓာတ်ကလည်း Strong ဖြစ်တယ်။ ကိုပေါကားလေးမှာလည်း ကြိုးစားထားတာတွေ့ရတယ်။သူ့ကို ဘာအားပေးဖြစ်တယ်ဆိုတာက သူ့ရဲ့ ကြိုးစားမှုကို ဂုဏ်ယူတဲ့အနေနဲ့လာတာပါ။ အခုပရက်ရှိုးမှာလည်း ကြီးကြီးမားမားတစ်ယောက်မှလည်း မတွေ့ပါဘူး။ မလာကြပါဘူး။ ကျွန်တော်က အဲဒီအတွက် ဒီပွဲမှာ ဖိတ်ခံထားခြင်းလည်း မရှိပါဘူး။ ဒီကားရိုက်တဲ့ဒါရိုက်တာက ကျွန်တော့်ကို ညဆယ်နာရီလောက်ကမှ အစ်ကိုလာခဲ့ပေးနိုင်မလားပေါ့။ကျွန်တော်ကလည်း မင်းမခေါ်လည်း ငါလာမယ်ဆိုတဲ့စိတ်လေးရှိလို့လာတာပါ။ သူတို့ဖိတ်လို့လာတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လာပြီး ဝန်းရံတာပါ။ 

Voice  : နယ်မင်းသား၊ အောက်မင်းသားရယ်လို့ ခွဲခြားနေသေးတဲ့အပေါ် အစ်ကို့အမြင်ကဘယ်လိုရှိမလဲ။ 
MYZ    : ဒါက ပရိသတ်တွေက ခွဲတာမဟုတ်ဘူးဗျ။ ပရိသတ်ရင်ထဲမှာ မရှိဘူး။ ကျွန်တော်တို့ လောကကဖြစ်နေတာ။ ပြောမယ်ဆိုရင်တော့ အောက်တန်းကျပါတယ်ဗျာ။ကျွန်တော်ပြောချင်တာက ပခုံးနှစ်ဖက်ကြားကထွက်တဲ့ ခေါင်းပဲဗျ။ လူတစ်ယောက်မှာ ခေါင်းနှစ်လုံး အပိုမပါဘူး။ ဘဝအတူတူပါပဲ။ ဘဝင်မြင့်စရာလည်းမလိုဘူး၊ ဘယ်နေရာကနေ ဘယ်လိုလုပ်လာတယ်ဆိုတာ ကိုယ့်ကို အသိဆုံးပါပဲ။မအောင်မြင်ခင်က ဘယ်လိုတွေရုန်းကန်ခဲ့ရတယ်။ ပြန်သတိရဖို့လိုတယ်။အောင်မြင် ပြီးသွားရင် ဘာတွေဆက်လုပ်ရမလဲဆိုတာ ပြန်ပြီးစဉ်းစားချင့်ချိန်တတ်ဖို့လိုတယ်။လူတိုင်းကတော့ မွေးကတည်းက အောင်မြင်လာတာ မဟုတ်ပါဘူး။ အောက်ခြေကနေပဲ တက်ကြတာဖြစ်တယ်။ ဝမ်းစာတွေ ရှာရတယ်။ ကြိုးစားရတယ်။ အခက်အခဲတွေ အများကြီးဖြတ်သန်းရတယ်။ 

Voice  : အစ်ကို့ကို အောက်မင်းသားလို့ပဲ သတ်မှတ်နေတုန်းပဲဆိုရင် ဘယ်လိုခံစားရမလဲ။
MYZ    : ဘယ်လိုမှ မခံစားရပါဘူး။ ပြုံးပြီးတော့ ကြည့်နေပါတယ်။ဒါက သတ်မှတ်ချက်တစ်ခုပါဗျ။ ကျွန်တော်တို့လုပ်နေတဲ့ အနုပညာ တစ်ခုမှာကြီးသွားတာ သေးသွားတာနဲ့မဆိုင်ဘူး။ကျွန်တော်တို့ ဗီဒီယိုကားတွေရိုက်တော့ ဘတ်ဂျက်ကသေးသွားတယ်။ ရုပ်ရှင်များများ ရိုက်တော့ ဘတ်ဂျက်များများသုံးနိုင်တယ်။ ခမ်းခမ်းနားနား ပိုရိုက်လို့ရတယ်။အဲဒီမှာ ကားရဲ့ကွာလတီကကွာသွားမယ်။ သူတို့ရိုက်နေတာ အဲလောက်ကြီး မဟုတ်ပါဘူး။ နမူနာတွေတော့ အရမ်းကောင်းတယ်။ အထဲရောက်တော့ ဘာမှမဟုတ်တော့ဘူး။ ဟာလာဟင်းလင်းကြီးပဲ။ 

Voice  : လက်ရှိမှာရော အနုပညာနဲ့ပတ်သက်ရင် ဘာတွေတင်ဆက်ဖို့ ကြိုးစားနေတာရှိလဲ။
MYZ    : ကြိုးစားနေပါတယ်။ ကျွန်တော်က တစိုက်မတ်မတ်ပဲ ဒါကြောင့်မို့ ကျွန်တော်ကဒီနေရာရောက်နေတာ။ကျွန်တော်ရုပ်ရှင် လောကထဲစဝင်လာတာ နေတိုးနဲ့ဆို ကျွန်တော်သက်တမ်းသိပ်မကွာပါဘူး။ ပြေတီဦးဆိုလည်း ကျွန်တော့်နောက်မှ မင်းသားဖြစ်တာ။ ကျွန်တော် လုပ်တဲ့လုပ်ငန်းက အက်ရှင်လိုင်းကိုဖောက်တာဖြစ်တဲ့အတွက် အချိန်အရမ်းပေးရတယ်။ ကျွန်တော့်အသက်အရွယ်ကြီးလာတယ်။ဒါပေမဲ့ Strong ဖြစ်နေတုန်းပဲ၊ ရပ်တည်နေတုန်းပဲ။ တော်တော်များများ အက်ရှင်ရိုက်တဲ့ ဒါရိုက်တာဆိုရင် ဟာသလိုင်းဘက်တွေကို ရောက်သွားတယ်။ ဒရာမာကော်မတီလိုင်းဘက်တွေကို ရောက်သွားပြီ။ ကျွန်တော်ကတော့ အဲဒီလိုင်းကို အခုချိန်ထိမပြောင်းသေးဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အဲလိုဇာတ်မျိုးတွေကိုမရိုက်ဘူး။တချို့ကားတွေ ပရက်ရှိုးတွေဖိတ်ရင်လည်း ကျွန်တော့်လိုင်းနဲ့မတူရင် မတက်ဖြစ်တာတွေရှိတယ်။ ပြောချင်တာက ကျွန်တော်ဒီလမ်းကြောင်းကို ဇွဲရှိရှိနဲ့ လျှောက်နေတယ်ပေါ့ဗျာ။ကျွန်တော် ဘယ်လောက်ထိ ဇွဲရှိနေဦးမလဲဆိုတာ ကျွန်တော့်ကို ကျွန်တော်တောင် မသိသေးဘူး။ သေချာတာတစ်ခုကတော့ မရောက်မချင်း လျှောက်မှာပါ။ ဆန်းပြားစေချင်တယ်။ကျွန်တော့်နိုင်ငံမှာလည်း အက်ရှင်ကားလည်း မရှိသေးဘူး။ 

ခင်ညိုညိုသိမ့်