News

POST TYPE

ENTERTAINMENT

ထွန်းအိန္ဒြာဗို နဲ့ တွေ့ဆုံခြင်း
13-Feb-2020
"သူ့အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းဖြစ်ဖို့ပဲလိုတာပါ"



နာမည်ကျော်သရုပ်ဆောင် ထွန်းအိန္ဒြာဗို နဲ့တွေ့ဆုံခိုက် ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေး ကရိုက်ကူးထားသော ဇာတ်လမ်းတွဲအကြောင်း၊ ဇာတ်လမ်းတွဲတွေ အောင်မြင်လာမှုအပေါ်အမြင်နဲ့ ဇာတ်ရုပ်ရွေးချယ်မှုအပိုင်းစတာတွေကို မေးမြန်းထားပါတယ်။ 

Voice : ခသုံးလုံးရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲမှာ ဘယ်လိုသရုပ်ဆောင်ထားလဲ။ 
TEDB : ဒီဇာတ်လမ်းကတော့ အဓိကမခိုင်လေးပါပဲ၊ ကျွန်မအခန်းလည်း အရမ်းနည်းပါတယ်။ကားတစ်ကားလုံးမှာ သုံးပုံတစ်ပုံလောက်ပဲ ပါတာ။ ကျွန်မ ပါဝင်သရုပ်ဆောင်ရတဲ့နေရာက လူတွေကကျွန်မကို အထင်လွဲတယ်။ကိုယ့်ကိုအထင်လွဲပြီး မုန်းနေကြတော့ ကျွန်မလည်း မချစ်ဘူးပေါ့။ အဲလို တုံ့ပြန်မှုပေါ့။ ခပ်ဆိုးဆိုး အမျိုးသမီးတစ်ယောက်ရဲ့ ကာရိုက်တာသွားပါတယ်။ပထမဆုံးရိုက်ဖြစ်တဲ့ ဇာတ်လမ်းတွဲပေါ့နော်။ ပရိသတ်တုံ့ပြန်မှုက ဘယ်လိုလာမလဲဆိုတာလေးတော့ နည်းနည်းစိတ်ပူတယ်။ 

Voice : ဒီဇာတ်လမ်းတွဲကလည်း သရုပ်ဆောင်အင်အားကောင်းတော့ စောင့်ကြည့်ရမယ့် ပရိသတ်တွေကိုရော ဘာများပြောထားချင်လဲ။ 
TEDB : ဇာတ်လမ်းတွဲတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းက အဲဒါတွေလည်းပါတယ်။ တခြားအချက်တွေလည်း အများကြီးပါတာပေါ့နော်။ ဇာတ်လမ်းကောင်းရမယ်။ သရုပ်ဆောင်ကောင်းရမယ်။ ရိုက်ကူးရေးကောင်းရမယ်။ အပြင်မှာ အချိန်ပေးပြီး သွားကြည့်ဖို့ခက်ခဲတဲ့သူကျတော့ ဒီလိုဇာတ်လမ်းတွဲကို ကြည့်လို့ရတယ်လေ။ အဲတော့ ဇာတ်လမ်းတွဲတွေ အောင်မြင်မှုက အဲဒါပေါ့နော်။ ဘယ်လိုအနုပညာရဲ့ ပရိသတ်ကိုပဲဖြစ်ဖြစ် ကျွန်မလေးစားပါတယ်။ 

Voice : လက်ရှိမှာတော့ ဘယ်လိုပုံစံမျိုးတွေ မရိုက်ချင်တော့ဘူးလို့ ဆုံးဖြတ်ထားတာရှိလား။ 
TEDB : အဲလိုမျိုးတော့ မရှိပါဘူး။ အသက်အရွယ်နဲ့မလိုက်တဲ့ဟာပေါ့။ တချို့က ကျွန်မ အဲလိုပြောရင် အချစ်ကားတွေ မရိုက်တော့ဘူးလား။ မဆိုင်ဘူး။ အချစ်ဆိုတာ အသက်အရွယ်တိုင်းမှာရှိတယ်။ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့လိုက်ဖက်မယ့် ဇာတ်လမ်းဖြစ်ဖို့ပဲလိုတာပါ။ 

Voice : မခိုင်ကြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတွေက ဒီနှစ်အကယ်ဒမီအတွက် ပရိသတ်တွေရင်ခုန်လို့ ရနိုင်မယ်လို့ ထင်လား။ 
TEDB : ကျွန်မကား ပါတယ်ထင်တယ်။ သူစိမ်းအိမ်၊ စရိုက်၊ ရှေ့သွားနောက်လိုက်ရယ် နောက်ထပ်လည်းရှိဦးမယ်ထင်တယ်။ ပြီးတော့ အဲဒါက မျှော်လင့်လို့လည်းမရပါဘူး။ နာမည်ထွက်တဲ့သရုပ်ဆောင်တွေလည်း အများကြီးရှိပါတယ်။ သရုပ်ဆောင်တိုင်းရဲ့ ပရိသတ်တွေကတော့ အကယ်ဒမီနီးလို့ရှိရင် ကိုယ့်သရုပ်ဆောင်ကိုယ်ရစေချင်တယ်။ အသံတွေကျယ်ကျယ်လောင်လောင် ထွက်တယ်။ အဲဒါကိုက ပျော်စရာကောင်းနေပါပြီ။ ရင်ခုန်စရာကောင်းနေပါပြီ။ ရတာမရတာကတော့ နောက်တစ်ပိုင်းပါပဲ။  

ခင်ညိုညိုသိမ့်