News

POST TYPE

ENTERTAINMENT

သက်မွန်မြင့်နဲ့ တွေ့ဆုံခြင်း
12-Feb-2020
"သူစိမ်းနှစ်ယောက်တွေ့ရတဲ့အချိန်မှာ အကြိုက်ချင်းတူတဲ့အချိန်ရော မတူတာတွေရော ရှိလာတယ်"



သရုပ်ဆောင်သက်မွန်မြင့်နဲ့ တွေ့ဆုံခိုက် ခြောက်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အကြောင်း၊ အိမ်ထောင်ရှင်မတစ်ယောက်အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ်တဲ့အကြောင်းနဲ့ ကလေးအမေတစ်ယောက်ရဲ့ တာဝန်အကြောင်း စတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : ဖေဖော်ဝါရီ ၁၄ ဆို မသက်မွန်တို့ မင်္ဂလာနှစ်ပတ်လည်နေ့နော်။ မှတ်မှတ်ရရ ဒီလိုနေ့ရောက်တိုင်း ဘယ်လိုခံစားရလဲ။ ဘာလို့ ဒီရက်ကိုရွေးဖြစ်ခဲ့တာလဲ။  
TMM   : အဲတုန်းက ၂၀၁၄ မှာလည်းဖြစ်တယ်။ ဖေဖော်ဝါရီ ၁၄ ကလည်း ဗယ်လင်တိုင်းဒေးချစ်သူများနေ့လို့ သတ်မှတ်တယ်၊ ပြီးတော့ ၁၄ ၊ ၁၄ ပေါ့နော်။ အဲရက်လေးကိုလိုချင်တော့ အမြန်စီစဉ်လိုက်ကြတာပါ။ ပျော်စရာလည်းကောင်းတယ်။ အရမ်းလည်းပင်ပန်းခဲ့တယ်။ တစ်လ၊ နှစ်လအတွင်းမှာ မင်္ဂလာဆောင်ကိစ္စစီစဉ်ရတာဖြစ်လို့ ပင်ပန်းတယ်။ တကယ်ဖြစ်လာတဲ့အချိန်ကျရင် သူများနဲ့မတူချင်ဘူး။ ဘယ်သူမှ မကျင်းပဖူးတဲ့ ပြည်သူ့ရင်ပြင်မှာ လုပ်လိုက်တဲ့အချိန်မှာ ဟာကွက်တွေလည်း အများကြီးရှိသွားတာပေါ့နော်။ ပျော်စရာတော့ အရမ်းကောင်းခဲ့ပါတယ်။  

Voice  : အိမ်ထောင်သက် ၆နှစ်သက်တမ်းရှိလာတဲ့အပေါ် အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ဘယ်လိုစိတ်မျိုးဖြစ်မိလဲ။ 
TMM   : ခြောက်နှစ်သက်တမ်းရှိလာတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် ဒီချိန်ထိဖြတ်သန်းနိုင်တယ်ဆိုတာ အကုန်လုံးကို ကျေးဇူးတင်ရ တာပေါ့နော်။ကျေးဇူးတင်ရတယ်ဆိုတာကလည်း ကံတရားကိုလည်း ကျေးဇူးတင်တယ်။အမျိုးသားကိုလည်း ကျေးဇူးတင်တယ်။ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်နိုင်တယ်ဆိုတော့လေ။ ဘာလို့ အဲလိုပြောလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘဝတစ်ခုတည်ဆောက်တာ အများကြီးရင်ဆိုင်ရတယ်။ ချစ်သူဘဝနဲ့ မတူဘူးလေနော်။ ၂၄ နာရီတွေ့ရတဲ့ အချိန်မှာ သူစိမ်းနှစ်ယောက်တွေ့ရတဲ့အချိန်မှာ အကြိုက်ချင်းတူတဲ့ အချိန်ရော၊ မတူတာတွေရောရှိလာတယ်။ အတွေးအခေါ်တွေ မတူဘူး။ ခံယူချက်တွေ မတူဘူး။ နေပုံထိုင်ပုံတွေ မတူဘူး။ ညှိနှိုင်းရတယ်။ ချစ်ချစ်ခင်ခင် မေတ္တာမပျက်ဘဲ အတိုင်းအတာတစ်ခု လျှောက်လှမ်းနိုင် တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူစရာကောင်းပါတယ်။

Voice  : အိမ်ထောင်ရှင်အမျိုးသမီးတွေဆီမှာရော ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် အချိန်တွေရှိသင့်တယ်ထင်လား။ 
TMM   : အချိန်တော့ပေးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဖိစီးမှုအရမ်းများတယ်။ အနုပညာအလုပ်ကလည်း သိတဲ့အတိုင်း ပြင်ဆင်ရတယ်။ ပြင်ဆင်တဲ့အချိန်ကလည်း ကိုယ်က အများကြီးအားစိုက်ထုတ်ရတယ်။ ရိုက်တဲ့အချိန်မှာလည်း ဇာတ်ကောင်ထဲမှာ စိတ်နှစ်ပြီးတော့ ကိုယ်မဟုတ်တဲ့လူတစ်ယောက်အနေနဲ့ နေရတယ်ဆိုတော့ စိတ်ပင်ပန်းမှုကလည်း အများကြီးရှိနေပြီးသားပေါ့နော်။ အဲဒီအချိန်မှာ ကလေးကလည်းနှစ်ယောက်ဆိုတော့ တစ်ယောက်တစ်မျိုးပေါ့နော်။ဒါတောင်ကိုယ်က အမျိုးသားအတွက် သိပ်ပြီးတော့ မလုပ်ပေးရဘူး။ သူ့ဘာသာနေတတ်တယ်။ တောင်းဆိုနေတဲ့သူမျိုးလည်း မဟုတ်ဘူး။ အဲဒါတစ်ခုတော့ သက်မွန် ကံကောင်းတာပေါ့နော်။ အရမ်းတော့ ဗျာများတယ်။ လူမှုရေး အလုပ်ဆိုသိပ်မလုပ်နိုင်ဘူး။ တစ်ခါတလေကျတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်မှသာနားရတယ်။အလုပ်လည်း စဉ်းစားစရာမလိုဘူး။ ကလေးအတွက်လည်း သိပ်ပြီး စဉ်းစားစရာမလိုဘူး။ အဲဒီချိန်မှ အမောပြေလန်းဆန်းတယ်။ 

Voice  : ပရိသတ်ကိုရော ဘာတွေပြောထားချင်သေးလဲ။
TMM   : ဒီနေ့ဒီချိန်ထိ အနုပညာအလုပ်မှာ ရပ်တည်ပေးနိုင်အောင် အားပေးနေတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်တယ်။ အိမ်ထောင်ကျပြီးနောက်ရော၊ ကလေးအမေဖြစ်ပြီးနောက်ရော သက်မွန်ရဲ့ ကလေးလေးတွေထိကို ချစ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။                           

ခင်ညိုညိုသိမ့်