News

POST TYPE

ENTERTAINMENT

မိုးဟေကိုနဲ့ တွေ့ဆုံခြင်း
12-Jan-2020
“ဇာတ်ကြိုက်လို့ရှိရင် ဇာတ်နဲ့လိုက်မယ့် သရုပ်ဆောင်မှုတွေကို ပြန်ရွေးတယ်။ ကိုယ်တိုင်လည်း ပရိသတ်တစ်ယောက်အနေနဲ့ ခံစားတယ်”



နာမည်ကျော်သရုပ်ဆောင်မိုးဟေကိုနဲ့တွေ့ဆုံခိုက် မိုးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဇာတ်ကားရိုက်ကူးမှုအကြောင်း၊ စီးပွားရေးမှာ အရှုံးအမြတ်အတွက် ကြိုတင်တွေးထားမှုများနဲ့ ရွာကျော်မိကဲ စတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ထားတဲ့ ရွာကျော်မိကဲရုပ်ရှင် ရိုက်ကူးဖြစ်ခဲ့တာလေး ပြောပြပေးပါဦး။
MHK : ဒီကားလေးက သုံးနှစ်လောက်တော့ ရှိသွားပြီပေါ့နော်။ အဲတုန်းကတော့ ခေတ်နဲ့အညီ ရိုက်ထားပေမယ့် အခုချိန်မှာက သုံးနှစ်လောက်နေပြီးမှ ရုံတင်ပြသခွင့်ရတယ်။ နှစ်သစ်မှာ ပရိသတ်တွေကို ပျော်ရွှင်စရာ စိတ်ကြည်နူးစရာကားလေးနဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ကြိုဆိုလိုက်တာပေါ့။ 

Voice : မိုးက ဘာလို့ ဝင်မရိုက်ဖြစ်တာလဲ။
MHK : မိုးက မိုးရဲ့ရုပ်ရှင်ထုတ်လုပ်ရေးကားတိုင်းအတွက်ကိုပေါ့။ ဟိုးအရင်ကတည်းကလည်း ပြောပါတယ်။ ထုတ်လုပ်ရေး ကားတိုင်းမှာ မိုးပါဝင်ပြီးတော့ သရုပ်မဆောင်ဘူးပေါ့နော်။ ဒီကားအတွက် သရုပ်ဆောင်ကို အဲခေတ်တုန်းက ဟာသတွေပါ အကုန်လုံးအတွက် သရုပ်ဆောင်ပိုင်းကိုတော့ ကိုယ်တိုင်တော့ ရွေးချယ်ရတယ်။ အခု ပြန်ကြည့်တော့လည်း ကြိုက်ပါတယ်။ အားရကျေနပ်ပါတယ်။ အားလုံးကလည်း တော်ပြီးသား တတ်ပြီးသား အနုပညာရှင်တွေပဲ။

Voice : ရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ ဘယ်လိုကားမျိုးတွေကို ရိုက်ချင်တာလဲ။
MHK : ရုပ်ရှင်ထုတ်လုပ်ရေး အနေနဲ့ကျတော့ အက်ရှင်ကား၊ ဒရာမာ ကားရော ဟာသကားရောပေါ့နော်။ မျှအောင်တော့ ထုတ်လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ အခုချိန်ကျမှ ဒီကားလေးက ရုံတင်ခွင့်ရတယ်။ မတတ်နိုင်ဘူးပေါ့နော်။ ဒီချိန်မှ ပြသခွင့်ပေးတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ အဓိကတော့ ဇာတ်ကိုပဲ ကြည့်တယ်ပေါ့နော်။ ဇာတ်ကြိုက်လို့ရှိရင် ဇာတ်နဲ့လိုက်မယ့် သရုပ်ဆောင်မှုတွေကို ပြန်ရွေးတယ်။ ကိုယ်တိုင်လည်း ပရိသတ်တစ်ယောက်အနေနဲ့ ခံစားပြီးတော့ ဒီဇာတ်လေးဆို ကြိုက်နိုင်မလားဆိုပြီးတော့ အတွေးလေးနဲ့ ဘယ်ဇာတ်မဆို အဲလိုလေးတွေးပြီး ရိုက်တယ်။ 

Voice : အကယ်ဒမီလည်း နီးလာပြီဆိုတော့ ရှေ့သွားနောက်လိုက် ရုပ်ရှင်အတွက်လည်း အကယ်ဒမီမှန်းပေးနေကြတဲ့ ပရိသတ်တွေရော ဘာများပြောထားချင်လဲ။ 
MHK : ဝမ်းသာတာပေါ့။ အဲကားထဲမှာ ဆိုလည်း မခိုင်ကြီးဆိုလည်းအရမ်းကောင်းတယ်။ ဦးဇင်ဝိုင်းဆိုလည်း အရမ်းကောင်းတယ်။ ဝါရင့် သရုပ်ဆောင်တွေ အရမ်းတော်တယ်။ မခိုင်ကြီးနဲ့ ဦးဇင်ဝိုင်းဆိုလည်း အရမ်းကြိုက်တယ်။ ကိုထွန်းထွန်း လည်းကြိုက်တယ်။ ကိုမင်းမော်ကွန်းအကုန်လုံးကို ကြိုက်တယ်။ နေရာတိုင်းမှာ အကုန်လုံးက ကွက်တိတွေချည်းပဲ။ ကိုယ်တိုင်ပြန်ကြည့်တိုင်းလည်း မျက်ရည်ဝဲမိတယ်။ 

Voice : ရှေ့သွားနောက်လိုက်က ရုံဝင်တာတော့ နည်းခဲ့တယ်နော်။ 
MHK : အနုပညာအားဖြင့်တော့ ပရိသတ်တွေ ကြိုက်ကြတယ်။ ဝင်ငွေအားဖြင့်တော့ ရှုံးတယ်ဆိုတော့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ရှုံးတာပဲဖြစ်ဖြစ်၊ မြတ်တာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိရမယ်။ ဒါတွေအားလုံးကိုလည်း ကြိုတွေးပြီးသား ကြိုတွက်သားပြီးသားပေါ့နော်။ အမြတ်ရှိလာရင်လည်း မြတ်တဲ့ဒဏ်ကို ခံရသလို အရှုံးရှိရင်လည်း အရှုံးဒဏ်ကို ခံနိုင်ရမယ်။ အလုပ်လုပ်တဲ့သူတိုင်း နှလုံးသွင်း ထားရမှာပေါ့။ စီးပွားရေးလုပ်တဲ့နေရာမှာ အမြတ်ချည်းပဲ အနိုင်ချည်းပဲ ကြည့်လို့မရဘူး။ အရှုံးတို့ ကိုယ့်အတွက် လိုအပ်ချက်ဆိုတာရှိတယ်။ အရှုံးဖြစ်လာရင်လည်း ရင်ဆိုင်နိုင်ရမယ်။ နောက်တစ်ကြိမ်မှာ ဒါမျိုးမဖြစ်အောင် ဘာတွေပြန်လည်ဖြည့်ဆည်းရမလဲ။ ကြိုးစားရမှာ ကိုယ့်အပိုင်းပေါ့နော်။ 

ခင်ညိုညိုသိမ့်