News

POST TYPE

ENTERTAINMENT

မြင့်မြတ်နဲ့တွေ့ဆုံခြင်း
10-Jan-2020
“ကျွန်တော်ကတော့ အစုံရိုက်တယ်လေနော်။ ဒါပေမဲ့ ကျန်တာတွေ ရောက်မလာသေးဘဲ ဟာသကားလေးတွေပဲ ရောက်ရောက်လာတယ်”



နာမည်ကျော်သရုပ်ဆောင်မြင့်မြတ်နဲ့တွေ့ဆုံခိုက် “မိုက်မဲချစ်” ဇာတ်ကားပြန်လည်ရိုက်ကူးရတဲ့ခံစားချက်အကြောင်း၊ ရုံတင်တဲ့ဇာတ်ကားတွေ မျှတစေချင်တဲ့အကြောင်းနဲ့ မင်းသမီးနှစ်လက် အားပြိုင်မှုအကြောင်းအရာစတာတွေကို မေးမြန်းထားပါတယ်။ 

Voice : မိုက်မဲချစ်ရုပ်ရှင်က အရင်ကိုသားကြီး (ဒွေး) သရုပ်ဆောင်ခဲ့တဲ့ကားလေးဆိုတော့ ကိုယ်တိုင်အသစ်ပြန်ဖန်တီးရတဲ့ ခံစားချက်လေးပြောပြပေးပါဦး။
MM : ဒီကားက အရင်တုန်းက ကိုသားကြီးသရုပ်ဆောင်ထားတဲ့ကားပေါ့နော်။ ပုံစံကနည်းနည်းလေးတော့ ပြောင်းထားတာပေါ့နော်။ အရင်ကိုသားကြီးကားတုန်းကတော့ အစဉ်တိုင်းလေးပေါ့နော်။ ကိုသားကြီးကားလည်း ကြည့်ဖူးတယ်။ ဒီကားရိုက်မယ်ဆိုတော့ နှစ်ယောက်ကိုမသိစေချင်ဘူး။ ဒီဇာတ်က တစ်မျိုးတော့တစ်မျိုးလေးပေါ့ နော်။ အရင်တုန်းက ရုပ်ရှင်ကားတွေက အုံနဲ့ကျင်းနဲ့ပေါ့နော်။ ဇာတ်ရဲ့သဘောအရ ဒီဇာတ်မှာက အဓိကသရုပ်ဆောင် သုံးယောက်ပဲ ပါတယ်။ ကျွန်တော်ရယ်၊ ရွှေမှုံ၊ ခင်ဝင့်ဝါသုံးယောက်တည်းပေါ့နော်။သုံးယောက်တည်းကိုမှ ပတ်ချာလည်နေတာများတယ်။ နည်းနည်းတော့ စိုးရိမ်တယ်။ အီများ အီသွားမလားဆိုပြီတော့လေ။ လုပ်တုန်းကတော့ အတည်ပဲ။ ဒါပေမဲ့ ပရိသတ်အတွက် ရယ်စရာလေးတွေဖြစ်နေတာပေါ့။

Voice : မင်းသမီးနှစ်ယောက်အပြိုင်သရုပ်ဆောင်ထားတဲ့အပေါ်မှာလည်း ကိုမြင့်မြတ်အမြင်လေး ပြောပြပေးပါဦး။ 
MM : ရွှေမှုံလည်းအရမ်းတော်ပါတယ်။ ဒီကားမှာ ရွှေမှုံရော၊ ခင်ဝင့်ဝါရော နှစ်ယောက်စလုံးပေါ့။ သူတို့ ပါဝင်သရုပ်ဆောင်တဲ့ ကာရိုက်တာနေရာလေးတွေမှာသရုပ်ဆောင်ကြတာအရမ်းတော်တယ်။ မာယာမပါဘူးဗျာ။ ရိုးရှင်းကြတယ်။ မင်းသမီးနှစ်ယောက်ဆိုပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေတာမျိုး မဟုတ်ဘဲနဲ့ သူတို့ရဲ့ ကာရိုက်တာပေါ်မှာ သစ္စာရှိကြတယ်။ ဝမ်းနည်းရမယ့်နေရာဆို အရမ်းဝမ်းနည်းလိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အက်တင်တွေ အရမ်းကောင်းတယ်။

Voice : အောင်မြင်ခဲ့တဲ့ ကားကြီးကို ပြန်ရိုက်ရတော့ ကိုမြင့်မြတ်အတွက် ဘာတွေကတာဝန်အကြီးဆုံးလဲ။ 
MM : တာဝန်ကြီးတာပေါ့။ အရင်က အရမ်းအောင်မြင်ခဲ့တဲ့ကားပေါ့။ ကျွန်တော်လည်း အခွေကြည့်ရတယ်။ အဲဒီမှာကတော့ အစဉ်လိုက်လေးပေါ့နော်။ မိုက်တယ်။ ပြန်ရိုက်မယ်လည်းဆိုရော ဒါရိုက်တာ ကျွန်တော်ပြောသလိုပဲ နှစ်ကိုယ်ကွဲဆိုတာကို မသိစေချင်ဘူး။ တစ်ကိုယ်တည်းလည်း ဖြစ်စေချင်တယ်။ ကြိုပြီးတော့ တိုင်ပင်ခဲ့ရတာလည်း ရှိပါတယ်။ 

Voice : ၂၀၁၉ တုန်းကတော့ ဟာသလေးတွေများခဲ့တယ်နော်။
MM : မများဘူး။ အမှန်တကယ်က ဇာတ်ကားတွေက မျှတယ်။ ရုံပေါ်ရောက်တဲ့ကားက မမျှတာ။ အဲလိုပဲ ပြောရမှာပေါ့နော်။ ကျွန်တော်ကတော့ အစုံရိုက်တယ်လေနော်။ ကျွန်တော်ရိုက်ထားတဲ့ ဒရာမာကားတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက ရောက်မလာသေးဘဲ ဟာသကားလေးတွေပဲ ရောက်ရောက်လာတယ်။ ကျွန်တော်ကတော့ ရိုက်မှာပဲ ဟာသလည်းရိုက်မယ်။ ဒရာမာလည်းရိုက်မယ်။ အက်ရှင် သရဲကားလည်းရိုက်မယ်။ အဓိကရုံတင်တာလေးကတော့ မျှမျှတတလေး ရုံတင်စေချင်တယ်။ 

Voice : အလုပ်တွေလည်းများနေခဲ့တာဆိုတော့ မိသားစုကိုရော ဘယ်လိုအချိန်လေးတွေပေးဖြစ်လဲ။ 
MM : အဓိကတော့ ကျွန်တော်က ကားရိုက်တွေများတယ်လေ၊ ကားရိုက်မရှိတဲ့ချိန်မှာတော့ မိန်းမရော၊ ကလေးရောသွားချင်တဲ့နေရာတွေကို ကျွန်တော်အကုန်လိုက်ပို့တယ်။ အချိန်ပေးတာပေါ့နော်။

ခင်ညိုညိုသိမ့်