News

POST TYPE

ENTERTAINMENT

ဆုပန်ထွာနဲ့ တွေ့ဆုံခြင်း
01-Dec-2019
“သာမန်ကားလည်းမဟုတ်ဘူး။ ရုပ်ရှင်ကားကြီးတွေထဲမှာ ခွဲထွက်သွားတာပေါ့။ ကြည့်ရတာ ထူးဆန်းသွားမယ်”



သရုပ်ဆောင် ဆုပန်ထွာနဲ့ တွေ့ဆုံခိုက် ရှင်ဥပဂုတ္တရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်း၊ ဘာသာရေးကို သားဖြစ်သူကို လက်ဆင့်ကမ်းသင်ကြားနေတဲ့ အကြောင်းနဲ့ အက်တင်တွေ အများကြီးလုပ်ချင်သေးတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : ရှင်ဥပဂုတ္တရုပ်ရှင်ဇာတ်ကားမှာ ဘယ်လို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားတာလဲ။
SPH : ပန်ပန်က အာသောကဘုရင်ကြီးရဲ့ မိဖုရားကြီးနေရာက ပါထားပါတယ်။ အန်တီဝါပဲအားလုံး အဝတ်အစားကအစ ခါးပတ်အဆုံး နားကပ်လေးကအစ အားလုံးလုပ်ပေးတယ်။ အခန်းအများကြီးတော့ မဟုတ်ဘူး။ သေသေချာချာလေး အသေးစိတ်လုပ်ခိုင်းတယ်။ အန်တီဝါက ဒီကားလေးရိုက်ဖို့ခေါ်တယ်။ ပန်ပန်နဲ့လည်း လိုက်ဖက်တယ်ပေါ့နော်။ ပန်ပန်တို့က မျက်နှာက မြန်မာဆန်တယ်။ ကာရိုက်တာနဲ့လိုက်ပြီး ရိုက်ချင်တယ်ထင်တယ်ပေါ့နော်။ ပန်ပန်တို့က ကျတော့ အန်တီဝါ ခေါ်တယ်ဆိုကတည်းက ဝမ်းသာတယ်။ ဘယ်နေရာပဲပါပါ၊ ဘယ်နှခန်းပဲဖြစ်ဖြစ် ဘာသာရေးကားလေးလည်းဖြစ်တော့ ပန်ပန်တို့က လုပ်ကိုလုပ်ပေးရမှာပါ။ အဲဒီအတွက်ကြောင့် ရိုက်ဖြစ်လိုက်တာပါ။ 

Voice : ဘာသာရေးနဲ့ ပတ်သက်ရင်လည်း အမြဲလုပ်နေကျတော့ ဘယ်လိုမျိုး ခံစားမိလဲ။
SPH : ဒီကားက ရှင်ဥပဂုတ္တမထေရ်ရဲ့အတ္ထုပ္ပတ္တိပေါ့နော်။ ပန်ပန်ကတော့ မကြည့်ရသေးဘူး ပေါ့နော်။ အန်နီမေးရှင်းတွေလည်းပါတယ်။ သာမန်ကားလည်းမဟုတ်ဘူး။ ရုပ်ရှင်ကားကြီးတွေထဲမှာ ခွဲထွက်သွားတာပေါ့။ ကြည့်ရတာ ထူးဆန်းသွားမယ်။ ဘာသာရေးကားလည်းဖြစ်တော့ ဟိုးတုန်းကဆိုလို့ရှိရင် ရွှေနန်းကျင်တို့ ဗီဒီယိုတွေမှာလေ။ ပန်ပန်တို့ဆို သိပ်ကြိုက်တာလေ။ နန်းဝတ်နန်းစားတွေနဲ့ ရိုက်ထားတာ။ အခုနောက်ပိုင်းကလေးတွေတော့ မသိဘူး။ ပန်ပန်တို့တုန်းကဆိုရင် တအားကြည့်ကောင်းခဲ့တာလေ။ ကိုယ်တိုင်လည်း ပန်ထွာဘုရင်မကားမျိုးလည်းရိုက်ဖူးတယ်။ အဝတ်အစားကအစ အက်တင်တွေကအစ အကုန်ပြောင်းရတယ်။ သာမန်ကားတွေထက် အများကြီးကွဲထွက်သွားမယ့် ကားဆိုတော့ လူတွေအများကြီး လာကြည့်ကြမယ်လို့ ပန်ပန်တော့ ယုံကြည်ပါတယ်။ ဗုဒ္ဒဘာသာမြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ ဘာသာရေးကားလေးကို အစအဆုံးကြည့်ချင်တယ်။ 

Voice : ကိုယ်တိုင်လည်း ဘာသာရေးအဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရတဲ့သူဆိုတော့ သားလေးကိုတော့ ဘာသာရေးနဲ့ ဘယ်လိုထိန်းကျောင်းမလဲ။
SPH : သားသားကိုတော့ အမြဲတမ်းသရဏဂုံလေး သူ့ကို သင်ပေးထားတယ်။ ပန်ပန် ရွတ်ရင် သူပါ အတင်းလိုက်ရွတ်တာ။ သူက အခုလိုက်ပြောလိုက် လုပ်တတ်နေပြီ။ အရှေ့က လုပ်သမျှဟာ သူအကုန်လိုက်လုပ်တယ်။ သရဏဂုံလေးတော့ နှုတ်တိုက်ရအောင် သင်ပေးဖြစ်တယ်။ 

Voice : လတ်တလောမှာရော ဘာကားတွေရိုက်ဖို့ရှိသေးလဲ။
SPH : လောလောဆယ်တော့လေ ပြောထားတာလေးတွေရှိတယ်။ နေရာလေးတစ်ချက် ကြည့်နေတယ်။ ဇာတ်လမ်းတွဲလေးပေါ့နော်။ ပန်ပန်ရိုက်ထားတဲ့ နေရယ် လရယ် အမှန်တရားရယ်မှာက မေနှင်းဆီကာရိုက်တာက ရှေ့နေမလေးပေါ့။ မနေ့ကဖြစ်သည် ၂ မှာက ဒေါ်သီတာအနေနဲ့ လုပ်ထားတယ်။ အကုန်လုံးကတော့ နေရာလေးရွေးပါပေါ့နော်။ ရွေးပြီးတော့မှ လုပ်ပါတဲ့။ နည်းနည်းအဲဒါလေး တစ်ချက်ချိန်နေတာပေါ့နော်။ အဓိကတော့အက်တင်လေးတွေလုပ်ချင်တယ်။ အက်တင်လေးတွေ လုပ်လို့ ကောင်းမယ့်နေရာလေးတွေ ရိုက်ချင်တယ်။ အဲလိုလေးပါ။ ဘာမှ လုပ်စရာသိပ်မပါဘူးဆိုလို့ရှိရင်လည်း မရိုက်ဖြစ်တော့တာလည်းပါတယ်။ အဓိကတော့ အက်တင်တွေ အများကြီးလုပ်ချင်တယ်။

ခင်ညိုညိုသိမ့်